Tuesday, December 23, 2014

Walking Down the Memory Lane..

မေမြို့ သမင်လည်ပြန် - အတိတ်ခြေရာ အပိုင်း (၁)


Facebook မိတ်ဆွေတွေ စိတ်ဝင်တစား ဖတ်လို့ကောင်းအောင်၊ စာရေးတတ်သူတွေ တင်ထားတဲ့ Post တွေကိုဖတ်ရင်း အားကျပြီး ရေးကြည့်ချင်စိတ်ပေါက်လာတာနဲ့ ဒီစာလေး ရေးဖြစ်သွားပါတယ်။ ၀တ္တု ရယ် ဆောင်းပါရယ်ဝေးလို့ စာစီစာကုံး Essay တပုဒ် လို့တောင် ဘောင်မ၀င်ပေမဲ့ ရင်ထဲ၊ အတွေးထဲမှာ နှစ်ရှည်လများ ရေးနေမိတဲ့ စာစုကို Alzheimer အဖြစ် မှတ်ဉာဏ်မချွတ်ယွင်းခင်  မှတ်တမ်းတင်တဲ့သဘောပါ။ (အမေ မဆုံးခင် Alzheimer ဖြစ်ခဲ့လို့ ကျမမှာ အမေ့ Genes များပါခဲ့ရင်…)။ ဒီ Post ဟာ ကျမဆက်ကျော်သက်ရွယ်ဘ၀က ပျော်ရွှင်ကြည်နူးဘွယ်၊ လွမ်းမောတသခဲ့ရတဲ့မေမြို့နဲ့ ငယ်သူငယ်ချင်းတွေအတွက်သာရည်ရွယ်တာမို့ မသက်ဆိုင်သူ fb friends တွေအနေနဲ့ ခံစားလို့ရမှာမဟုတ်ဘူးလို့ ယူဆပါတယ်။ ဘာအရောင်အသွေးမှမပါ ငယ်ဘ၀ တမ်းချင်းတပုဒ်သာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖတ်ချင်မှဖတ်ကြပါရန် စကားဦးသန်းပါရစေ။ 

တကယ်တော့ နေ့စဉ်ဆိုသလို အလုပ်ရဲ့ သဘောသဘာဝအရ ကျမ စာတွေ ရေးနေရတာပါဘဲ။ ရေးခဲ့တဲ့ စာတွေ ကနေ ရေဒီယိုအသံလှိုင်းတွေ၊ ရုပ်သံတွေအဖြစ် အသွင်ပြောင်းသွားတော့ စာတပုဒ်၊ ဆောင်းပါးတပုဒ်ရယ်လို့ သတ်သတ် မှတ်မှတ် ကိုယ့်ဘာသာကိုယ် အသိအမှတ်မပြုမိတာလည်း ဖြစ်နိုင်ပါတယ်။

အခုတော့ ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားခဲ့ရတဲ့ ပီတိလေးကို မျှဝေချင်လို့ ရေးမိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အလုပ်က ခွင့် (၁၀) ရက်ရလို့ ငယ်သူငယ်ချင်း ခင်နှင်းနဲ့အတူ ပုဂံနဲ့ မေမြို့ကို အပန်းဖြေခရီးထွက်ဖြစ်ခဲ့ပါတယ်။ 

ခင်နှင်းကမေမြို့သူ။  မေမြို့မှာမွေး မေမြို့ကနေ ၁၀ တန်းအောင်၊ မန္တလေးတက္ကသိုလ်ကဘွဲ့ရသူပေါ့။  ၁၉၆၈ ခုနှစ်တုံးက ကျမ လားရှိုး အထက (၁) ကနေ ၈ တန်း တပိုင်းတစနဲ့ မေမြို့ အထက (၁) ကိုပြောင်း လာတော့ ကျောင်းအုပ် ဆရာမ ကြီး  ဒေါ်တင်တင်လှက ၈ တန်း (တန်းခွဲအေ) ကို လိုက်ပို့ပေးတဲ့အခါ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ခင်နှင်းဘေးက ခုံမှာ နေရာချပေးလို့ ခုံနီးချင်းဖြစ်ခဲ့ရပါတယ်။ အဲဒီစာသင်ချိန်က သင်္ချာချိန်၊ ဆရာကြီးက အပေါက်ဆိုးဆိုး၊ အသားမည်းမည်း၊ ၀၀တုတ်တုတ် ဦးအေးမောင်။ သင်္ချာအလွန်ညံ့တဲ့ ကျမအတွက်တော့ အကြောက်ရဆုံးဆရာတယောက်ပေါ့။  ၁၄ နှစ်အရွယ် စကတ်အစိမ်း တိုတို ကားကားလေး ၀တ်ထားတဲ့ကျမကို ခင်နှင်းက ဒီကျောင်းမှာ ၈ တန်းရောက်ရင် စကတ်မ၀တ်ရဘူး၊ ထမီဘဲဝတ်ရတယ်လို့ တိုးတိုးလေးကပ် ပြောတော့ တော်တော်လေးစိတ်ညစ်မိပါတယ်။ ဆရာ့ကိုလည်းကြောက် စကတ်က ၆ တန်းတုံးကတည်းက ၀တ်တဲ့ အတိုဖြစ်နေတဲ့အတွက်လည်း မလုံမလဲ ခံစားရင်း ကျောင်းမြန်မြန်ဆင်းပါစေလို့ ဆုတောင်းခဲ့ရတာကို ဒီနေ့ထိ မမေ့နိုင်သေးပါဘူး။ 

အဲဒီနေ့ကစပြီး သူငယ်ချင်းဖြစ်ခဲ့တဲ့ ခင်နှင်းနဲ့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း၊ မန္တလေးတက္ကသိုလ် ပထမနှစ်အထိ ၄ နှစ် တိုင်အောင် မရှိအတူ၊ ရှိအတူ၊ သွားအတူ၊ စားအတူ၊ ချစ်ချစ်ခင်ခင်တွဲဖြစ်ခဲ့ကြပါတယ်။ အဖေက ရန်ကုန်ကိုတာဝန်နဲ့ ပြောင်းရတော့ ကျမလည်း ရန်ကုန်တက္ကသိုလ်ကိုပြောင်းခဲ့ရပြီး ခင်နှင်းနဲ့ ကွဲခဲ့ရပေမဲ့ အဆက်အသွယ်မပြတ်ကြပါဘူး။ ၁၉၈၃-၈၄ မှာ ကျမက အလုပ်တာဝန်နဲ့ စင်္ကာပူကိုပြောင်း၊ ခင်နှင်းက ထိုင်ဝမ်ကို သွားနဲ့ တခါကွဲခဲ့ကြပေမယ့် အဆက်အသွယ် မပြတ်အောင် နေဖြစ်ခဲ့ကြပါတယ်။ ၁၉၈ရ ခုနှစ်မှာ ကျမ ရန်ကုန်ပြန်ရောက်၊ ၈ လေးလုံးအရေးတော်ပုံမှာလှုပ်ရှားမှုနဲ့ ၁၉၈၈ အောက်တိုဘာလမှာ အလုပ်ကအနားပေးခံရပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖြစ်တော့ ခင်နှင်းက ဂျပန်ကို ရောက်နေပါပြီ။ ၁၉၈၈ ကနေ ၁၉၉၆ ခုနှစ်အတွင်း ဂျပန်ရောက် ခင်နှင်းတယောက် ရန်ကုန်ပြန်လာတဲ့ အခါတိုင်း ကျမတို့ ၂ ယောက် ငယ်ငယ်တုံးကအကြောင်းတွေ တွတ်ထိုးဖြစ်ကြတယ်လေ။ ၁၉၉၇ ခုနှစ် ကျမအမေရိကားမှာအခြေချ ဖြစ်တဲ့အခါမှာလည်း ခင်နှင်း ဂျပန်ကနေ အားလပ်ရက်ရတဲ့ အခါတိုင်း လာလည်နေကျပါ။ အခုတော့ ခင်နှင်းလည်းအနားယူပြီး ထိုင်းနိုင်ငံ မှာနေပါတယ်။

အဆက်အသွယ်မပြတ်တဲ့ ကျောင်းနေဘက်သူငယ်ချင်း ခင်နှင်းနဲ့ဆုံတိုင်း ပြောမကုန်တဲ့ စကားက တော့ မေမြို့ အထက (၁) ရဲ့ မမေ့နိုင်တဲ့ လှုပ်ရှားမှုတွေနဲ့အတူ ငယ်သူငယ်ချင်းတွေ အကြောင်းတွေပါဘဲ။  အဖေက စစ်မှုထမ်းဆိုတော့ ကျမလူမှန်း သိတတ်တဲ့အရွယ်ကစလို့ အနယ်နယ်အရပ်ရပ်ကိုပြောင်းခဲ့ရပြီး စာသင်နှစ်တနှစ်ကို တကျောင်နှုံးနဲ့ တက်ခဲ့ပေမဲ့ မေမြို့အထက (၁) မှာတော့ ၃ နှစ်နီးပါးတက်ဖြစ်ခဲ့ပါတယ်။ မြန်ပြည်တခွင် နေခဲ့ဘူးတဲ့ကျောင်းတွေထဲမှာ မေမြို့ အထက (၁) ဟာ အဆောက်အဦ၊ နေရာအကျယ်အ၀န်းက အစထူးခြားတယ်လို့ပြောရမှာပါ။ Heart of the city လို့ပြောရမယ့် မြို့ရဲ့ အချက်အချာကျတဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာတည်ရှိပြီး အထက်တန်းကျောင်းတကျောင်းမှာရှိသင့်တဲ့ အင်္ဂါရပ်တွေနဲ့  ပြည့်စုံလှ ပါတယ်။ ဘောလုံးကွင်း၊ ဘတ်စကက်ဘောကွင်းက အစ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေအတွက် ပါ နေစရာအိမ် သီးသန့်တွေ အဆင်သင့်ရှိတဲ့ ကျောင်းဝင်းကြီးဖြစ်လို့ပါဘဲ။ အကျယ်အ၀န်းက အလျား ပေ ၂၀၇၀ နဲ့ အနံ ပေ ၇၅၀ လောက်ရှိမယ်လို့ မေမြို့သားသူငယ်ချင်း စန်းဝင်းဆီကနေ စပ်စု မှတ်သားမိပါတယ်။ Colonial Building ကြီး တခုဆိုလည်းမမှားပါဘူး။ ကျောင်းရဲ့ အောက်မှာမြေအောက်ခန်းတွေ၊ တခြားအဆောက်အဦတွေကိုသွားလို့ရတဲ့ လှိုဏ်ခေါင်းတွေတောင်ရှိခဲ့ဘူးတယ်လို့ လူကြီးသူမတွေကပြောပြဘူးပါတယ်တဲ့။ အင်္ဂလိပ်ခေတ်က အစိုးရအရာရှိကြီးတွေနဲ့ လူဂုဏ်တန်တွေရဲ့ သားသမီးတွေထားတဲ့ အစိုးရကျောင်းကြီးဖြစ်ပြီး၊ ရေကူးကန် နဲ့ ဆေးရုံနီးပါးအဆင့် ရှိတဲ့ ကျောင်းဆေးခန်း ပါရှိခဲ့တယ်လို့လည်း မှတ်သားရပါတယ်။ ဒုတိယကမ္ဘာစစ်၊ ဂျပန်ခေတ်တုံးကတော့ ဆေးရုံအဖြစ်အသုံးပြုခဲ့ဘူးတယ်လို့ မေမြို့သူ သူငယ်ချင်းခင်မကြီးကလည်း ဖေါက်သည်ချပါတယ်။ ကိုယ်နေခဲ့တဲ့ကျောင်းမို့ ဂုဏ်ယူပြီး ကြွားနေတာမဟုတ်ရပါဘူး။ တခြားနံမည်ကြီးကျောင်းတွေဖြစ်တဲ့ စိန့်မိုက်ကယ်နဲ့ ကိုးလ်ဂိတ်တို့က မြို့ပတ်လမ်းတလျှောက်နဲ့ Convent နဲ့ စိန့်အယ်လဘတ်က မြို့စွန် မြို့ဖျားမှာဘဲရှိတာလေ။ 

မနက် ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ (မှတ်မိသလောက်ခေါင်းလောင်းတော့မဟုတ်ပါ၊ သံဂွေကြီးတခုကို သံချောင်းနဲ့ခေါက်သံ) ကျောင်းဘောလုံးကွင်းမှာ Assembly ကြီးစဉ်ငယ်လိုက် အတန်းအလိုက် လန်းဆန်း တက်ကြွနေ တဲ့ကျောင်းသူကျောင်းသားတွေဟာ စည်းကမ်းတကျ တန်းစီကြ၊ နိုင်ငံတော်အလံနဲ့ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးတွေကိုအလေးပြု၊၊ နိုင်ငံတော်သီချင်းသံပြိုင်ဆို၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်လှရဲ့ နေ့စဉ်တနေ့တမျိုး မရိုးနိုင်တဲ့ သြ၀ါဒခံယူ၊ ကြယ် ၅ ပွင့် နိုင်ငံတော်အလံအောက် ဘေးတဘက်တချက်မှာ အမှတ်အများဆုံး အသင်းအလံနဲ့ ၀ါစိမ်းနီပြာအသင်း အဆင့်လိုက် အလံလေးတွေကတလွင့်လွင့်၊ ဒီမြင်ကွင်းကို အနှစ် ၄၀ ကျော်လွန်ခဲ့ပေမဲ့ ရုပ်ရှင်ထဲက Flash back တွေလို ပြန်လည်မြင်ယောင်နေဆဲပါ။ မနက် Assembly မှာမှ တကျောင်းလုံးက ကျောင်းသားတွေ အားလုံးကို ဘယ်အတန်းက ဘယ်သူဆိုတာ သိနိုင်တဲ့အခွင့်အရေးလည်းဖြစ်ပါတယ်။ မိုးရွာတဲ့နေ့တွေမှာတော့ ကျောင်းရဲ့ Hall ခန်းမဆောင်မှာ Assembly လုပ်လေ့ရှိပါတယ်။ အများက ချစ်ခင်၊ ကြည်ညိုလေးစားကြတဲ့ ဆရာမကြီးဒေါ်တင်တင်လှ (ကွယ်လွန်) ဟာ ရုပ်ရည်ရူပကာက ခန့်ညား ကြက်သရေရှိသလို အုပ်ချုပ်၊ စီမံခန့်ခွဲမှုကျွမ်းကျင်ပြီး စည်းကမ်းလည်းကြီးလှ ပါတယ်။ ဆရာမကြီးရဲ့ ခင်ပွန်း ဦးဘစီ၊ သမီးတွေဖြစ်ကြတဲ့ လူရည်ချွန် မခင်ဌေးကြည်၊ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း အတူတက်ခဲ့တဲ့ သူငယ်ချင်းကြည်ကြည်လှ၊  မေသန်းစီနဲ့ သားထွေး ခိုင်မောင်ဇော် တို့ကိုလည်း မမေ့ပါဘူး။  



ကျမတို့ရဲ့ ၈ တန်းအေ အတန်းပိုင် English Teacher ဒေါ်ခင်ခင်လေး၊ သင်္ချာ (၁) ဆရာ ဦးအေးမောင် (ကွယ်လွန်)၊ သိပ္ပံဆရာ ဦးအုန်းချို ၊ ဆရာဦးချစ်မောင် ၂ ယောက်၊ မြန်မာစာဆရာမ မမတင်-ကွယ်လွန် (ထူးခြားတာက နံမည်အရင်းကိုအဲဒီကတည်းက မသိခဲ့ရပါဘူး။ ကျောင်းသားတွေကို ဆရာမလို့ မခေါ်ခိုင်းဘဲ မမတင်လို့ဘဲခေါ်ခိုင်းခဲ့တာမို့လို့ပါ။ ကျမသိပ်ကြောက်ရတဲ့ ဆရာဦးအေးမောင်ရဲ့ ချစ်ဇနီးဖြစ်ပါတယ်။) ဓါတုဗေဒ နဲ့ အိမ်တွင်းမှု ဆရာမ ဒေါ်ခင်သန်းဝင်း၊ သင်္ချာ ၂ (Algebra & Geometry) သင်တဲ့ ဆရာမကြီး ဒေါ်လှစိန် (စံဇာဏီဘိုရဲ့ မိခင်)၊ ရူပဗေဒဆရာမ ဒေါ်ကြည်အေး၊ ဒေါ်ကြည်ကြည်ထွေး၊ ၉ တန်းစီ အတန်းပိုင် မြန်မာစာဆရာမ ဒေါ်ခင်မာမြင့်၊ Bio ဆရာမ ဒေါ်ခင်နုနု၊ ၈ တန်း ပထ၀ီ ဆရာမဒေါ်သန်းညွန့်  ရွှေဘိုသူဆရာမ ဒေါ်တင်မာ၊ မေမြို့သူဆရာမတွေဖြစ်ကြတဲ့ ဒေါ်ခင်လေးမာနဲ့ B.Ed. ဆင်းစ ဆရာမ အသစ်ချပ်ချွတ် ပိန်ပိန်သွယ်သွယ်ဖြူဖြူ လေး ဒေါ်မြသောင်းတင် တို့ကိုမှတ်မိနေပါတယ်။
 
အဲဒီအချိန်ဟာ ဆယ်ကျော်သက်ရွယ် ကျမအတွက် စိတ်လှုပ်ရှားစရာ ပျော်ရွှင်ကြည်နူးစရာတွေ အပြည့်ရှိခဲ့တဲ့ အချိန်ကာလ အပိုင်းအခြားလေးတခုပါဘဲ။ စိတ်လှုပ်ရှားတယ်ဆိုလို့ ကျောင်းမှာ မကြာခဏ စာပေးခံရလို့၊ ရည်းစားတွေထားခဲ့လို့ မဟုတ်ပါဘူး။ အထက (၁) မှာ ယောက်ကျားလေး သူငယ်ချင်းတွေအားလုံးကို မောင်နှမအရင်းလိုဘဲချစ်ခင်ခဲ့တာပါ။ ၈ တန်းမှာ အစိုးရစစ်၊ ၀ိဇ္ဇာ-သိပ္ပံခွဲတော့ ကျတဲ့လူကျ၊ ၀ိဇ္ဇာတွဲရလို့ ကျောင်းပြောင်းတဲ့သူပြောင်းနဲ့ လူစုကွဲခဲ့ပါတယ်။ ၉ တန်းတက်တော့ ၈ တန်းအေက သူငယ်ချင်းတချို့နဲ့ တန်းခွဲမတူတော့ဘဲ ကွဲသွားခဲ့ပေမယ့် ၉ တန်းချင်း တူတူအခင်အမင်မပျက်ကြပါဘူး။ 

ကျမနဲ့အတူ ၉ တန်း စီ ကိုရောက်ခဲ့တဲ့ ခင်နှင်းအပါအ၀င် သူငယ်ချင်း ခင်မကြီး (နွေရာသီကျောင်းပိတ် မယ်လီလရင်ဝတ်လို့ ကတုံးဆံပင်ပေါက်နဲ့ ကျောင်းတက်သူ)၊ ကြည်ကြည်လှ၊ (Convent ကပြောင်းလာတဲ့ပါးချိုင့်လေးနဲ့ ယဉ်လှတဲ့ ချိုချိုအေး)၊ မပု-ပုပု (ညိမ်းညိမ်းလှ)၊ စီစီ၊ နယ်လီ၊  မငြိမ်း (Candacraig caretaker Mr. Bernard ရဲ့ သမီး Marie Bernard)၊ ခင်ဆွေမြင့်၊ ခင်မောင်စီ၊ သင်္ချာတော်တဲ့ ကုလားလေးလှဖေ၊ စံဖေ၊ အောင်စိုး၊ စိုးလှိုင်၊ သိန်းဟန်၊ ကျော်မြင့်၊ တောင်ငူကပြောင်းလာတဲ့ ၇ တန်းလူရည်ချွန်-သူငယ်ချင်းတွေကို လေနဲ့ Bully လုပ် အနိုင်ကျင့်တတ်တဲ့ ၀င်းဇော်၊ စာမတရားတော်တဲ့ လူရည်ချွန် နေ၀င်း၊ မငြိမ်းရဲ့ Cousin Dennis၊ ကျမတို့ မိန်းကလေးသူငယ်ချင်းအုပ်စုကို ကြည့်လို့မရဘူးဆိုတဲ့ မျက်နှာပေးနဲ့ ချိုင်းထောက် ထွန်းအောင်၊ အောင်သန်း ၂ ယောက် (ဂျပုလေးတွေ)၊ ဗရုတ်ကျတဲ့ ၀င်းမြင့်တို့တတွေရယ်၊ နောက် ကျမနံမည်နဲ့လူ တွဲမမှတ်မိတော့တဲ့ အတန်းဖေါ်သူငယ်ချင်းတွေကို အမြဲသတိရနေပါတယ်။  

No comments:

Post a Comment