Wednesday, December 24, 2014



မေမြို့သမင်လည်ပြန် - အတိတ်ခြေရာ (အပိုင်း ၄)

ကျမတို့ ပုဂံကနေ မေမြို့ရောက်နေကြတဲ့အကြောင်း ရန်ကုန်မှာနေတဲ့ ၀င်းဇော်ကို လှမ်းကြွားလိုက်တော့ သူကလည်း အားကျမခံ ညတွင်းချင်းကားနဲ့ လိုက်ခဲ့ပါတော့တယ်။ နောက်နေ့မနက် သူတည်းတဲ့ ဟိုတယ်ကို လမ်းလျှောက်သွားရင်း ခင်နှင်းက လမ်းတလျှောက် သူငယ်ချင်းတွေနေခဲ့ဘူးတဲ့ အိမ်တွေ ကိုပြပါတယ်။ ဆရာမဒေါ်တင်လေးမာအိမ်နားရောက်တော့ တိုက်တိုင်ဆိုင်ဆိုင် ဆရာမက ကျူ ရှင်သွားပြဖို့ လာကြိုတဲ့ကားကိုစောင့်နေတာတွေ့ရပါတယ်။ ဆရာမကို နံမည်ပြော ပြန်မိတ်ဆက်ပြီး နှုတ်ဆက်တော့ ဆရာမက ၂ ယောက်စလုံးကို ကောင်းကောင်းမှတ်မိပါတယ်။ ဆရာမနဲ့ စာမသင်ဘူးပေမဲ့ နံမည်ကျော် ကျမကိုတော့ သိရှာပါတယ်။ ဆရာမ အိမ်ကနေ ဆက်လျှောက်ပြီး လမ်းဒေါင့်ရောက်တော့ ခင်နှင်းက သိန်းဟန်တို့ ဒီအိမ်မှာနေခဲ့တာတဲ့။ ဒါနဲ့ ၀င်မေးကြည့်တော့ သိန်းဟန်တို့အိမ်က လမ်းတဘက်ခြမ်း ကအိမ်ဖြစ်ပြီး သူတို့လည်းပြောင်းသွားတာကြာပါပြီတဲ့။ ချစ်စရာကောင်းတဲ့ သိန်းဟန်ကလည်း စာတော်သူ တယောက်ပါဘဲ။

ဝင်းဇော်တည်းတဲ့ Star Hotel ရောက်တော့ ဖုန်းတွေဝင်လာပါတော့တယ်။ စန်းဝင်းဆီက ဖုန်းနံပါတ်တွေရလို့ဆိုပြီး သူငယ်ချင်းတွေဆက်ကြတာ ဘယ်သူတွေမှန်းတောင်မမှတ်မိတော့ပါဘူး။ ၈ တန်းတုံးက တင်တင်ရီ နဲ့  ၉ တန်း တုံးက သူငယ်ချင်း ကျော်စိန် တို့က လင်မယားတဲ့။ တင်တင်ရီက ကျမတို့ဘယ်မှာရှိနေလဲ။ ရှိတဲ့နေရာလိုက်ခဲ့မယ်လို့ပြောပြီး စီတိုးအိမ်မှာ စုဖြစ်ပါတယ်။ တင်တင်ရီတို့ က ပြုစုပါရစေဆိုပြီး ရှမ်းဆိုင်မှာ ထမင်းကျွေးပါတယ်။ ထမင်းစားပြီး ဆရာဦးအုန်းချိုအိမ်ကို သွားပြီး ကန်တော့ခဲ့ကြပါတယ်။ ကျောင်းကောင်စီဝင်လုပ်ခဲ့တဲ့ ကျော်စိန်က ၀ါသနာအတိုင်း ကန်တော့ တာကို တိုင်ပေးပါတယ်။ ဆရာ့ကြည့်ရတာလည်း ပီတိနဲ့အတူ ၀မ်းနည်းရိပ် သန်းနေပုံရပါတယ်။ ငယ်ငယ်တုံးက ဥပဓိရုပ်ကောင်းပြီး PT ကာယလေ့ကျင့်ခန်းပြတဲ့ သွက်လက်တဲ့ဆရာဟာ အသက်ကြီး လာပေမဲ့ ခန့်ညားနေတုံးပါဘဲ။ ဆရာ့ကို ကျန်းကျန်းမာမာ နဲ့ တွေ့ရတော့ ၀မ်းသာဝမ်းနည်း မျက်ရည်လည် မိပါတယ်။ ဆရာ့အိမ်မှာ အထက (၁) ကျောင်းသားဟောင်းတွေရဲ့ ကထိန်ပွဲစည်းဝေးရှိတယ်ဆိုလို့ ကထိန်အတွက် အလွမ်းပြေကုသိုလ်ရအောင်လှူ ဖြစ်ခဲ့ပါတယ်။ 


အဲဒီမှာလည်း ကျမ မောင် ၃ ယောက်ရဲ့ အတန်းဖေါ်သူငယ်ချင်းတွေနဲ့ လည်း ဆုံဖြစ်ခဲ့ပါတယ်။ ဆရာ့အိမ်ကနေ ပြင်ဦးလွင်ရဲ့ နံမည်ကျော် ဒီဇင်ဘာ ပန်းခြံကို သွားလေ့လာရင်း နွားနို့နဲ့ ဒိန်ချဉ်သောက်ခဲ့ကြပါတယ်။ အဲဒီမှာ Strawberry အခင်းတွေ တွေ့ရတော့ အမေ့ရဲ့ Strawberry, အာလူးနဲ့ ဥစားကန်ဇွန်းခင်းတွေကို လွမ်းမိပါရဲ့။



အပြန်မှာ ဆရာဦးချစ်မောင်အိမ်ကိုဝင်ခဲ့ပေမဲ့ ဆရာအပြင်သွားနေတာနဲ့ မတွေ့ခဲ့ရပါဘူး။ ဆရာက ရန်ကုန်ရောက်ရင် ၀င်းဇော်ကိုလာတွေ့လေ့ရှိတယ်တဲ့။ ကျမကတော့ရိုးသားစွာဝန်ခံရရင် ဆရာဦးချစ်မောင်ကို သိပ်မမှတ်မိတော့ပါဘူး။ ၀င်းဇော်က ဆရာမ ဒေါ်မြသောင်းတင်နဲ့ မတွေ့ရသေးလို့ သူငယ်ချင်းတွေအားလုံး ဆရာမဆီချီတက်ကြပြန်ပါတယ်။ ဆရာမက ၀င်းဇော်ကိုလည်းမှတ်မိနေပါတယ်။ အတန်းတူနေခဲ့ဘူးတဲ့ ခင်မာသန်းကလည်း ဆိုင်ကယ်လေးနဲ့ ရောက်လာပါတယ်။ ၈ တန်းတုံး သူငယ်ချင်း မောင်ဦးလည်း ပေါက်ချလာပါတယ်။ 


ဘယ်အတန်းမှာ အတူတူတက်ခဲ့တာလည်း မမှတ်မိတော့တဲ့ သန်းလွင်လည်းရောက်လာပါတယ်။ လူစုံတုံး ဆရာမကို ကန်တော့ခဲ့ကြပါတယ်။ ဆရာမလည်းအတော်လေး ကိုပျော်နေပုံရပါတယ်။ စီတိုးပါရောက်လာပြီး မနေ့က Dennis က  အရက်လုံးဝ မသောက်ဘဲ စောင့်နေမယ်ပြောတာ သွားကြည့်ကြရအောင်လို့ ဆော်သြပြီး အောင်ပတ္တမြားကို ထွက်ခဲ့ကြပါတယ်။ ဆိုင်ရှေ့ရောက်တော့ ကားပေါ်က ၀င်းဇော်တယောက်ဘဲ ဆင်းသွားပြီး မနေ့က ငါ့ရည်းစားကို ဖက်နမ်းလိုက်တာ ဘယ်ကောင်လဲကွလို့ သွားအော်ပါလေရော။ Dennis ခမျာ အရက်တကယ် မသောက်ဘဲ စောင့်နေရှာပါတယ်။ ၀င်းဇော်ကို အရင်တုံးက အတိုင်း ပြောင်ပြောင်နောက်နောက်တွေ့ရတာ သိပ်ဝမ်းသာသွားပါတယ်။  ၉ တန်း စီ စုပေါင်းဓါတ်ပုံမှာ အရပ်အရှည်ဆုံး သူတို့ ၂ ယောက်က ဆရာမနောက် အလယ်ခေါင်မှာ ပူးပြီးရပ်ခဲ့ကြတာပေါ့။ Dennis နဲ့ ၉ တန်းစီတုံးက အကြောင်းတွေ ရေပက်မ၀င်အောင်ပြောကြပြီး လူစုခွဲခဲ့ကြပါတယ်။ 

နောက်တနေ့မနက်ကျတော့ စီတိုးက ကျမတို့ ၃ ယောက်ကို အထက (၁) ကျောင်းကို အပြင်ကနေ ကားနဲ့ ပတ်မောင်းပြီး အလွမ်းပြေလိုက်ပြပါတယ်။ ကျောင်းဝင်းကို အုဋ်ထရံကာ လိုက်တော့ ကျောင်း အဆောက်အဦကို ကောင်းကောင်း မမြင်ခဲ့ရပါဘူး။ ကျောင်းအုပ်ကြီးအိမ်ကလည်း အရောင်ပြောင်းနေ သလိုတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ပင်မကျောင်းကြီး ကတော့ အရင်တုံးကလို နီညိုအုတ်အရောင် အတိုင်းရှိနေဆဲပါဘဲ။ ငယ်ဘ၀ကို တခါပြန်ပြီးရချင်သေးတယ်လို့ ညည်းမိပါတယ်။ အဲဒီကနေ ကန်တော်ကြီးကို ထွက်ခဲ့ကြပါတယ်။ ကျမမှတ်မိသလောက် နွေဦးရာသီရောက်မှ ပန်းတွေ အစုံပွင့်တဲ့မေမြို့ပါ။ အခုတော့ ဒီဇင်ဘာလမှာ ပန်းပွဲတော်ကျင်းပတယ်တဲ့။ လူဖန်တီးထားတဲ့ ကန်တော်ကြီးပါဘဲလေ။ ပန်းတွေကတော့ အရင်တုံးကလို လှမြဲပေမယ့် အကြိုက်ဆုံး Sweet Peas ပန်းလေးတွေ ရာသီချိန်မတန်သေးလို့ မပွင့်သေးပါဘူး။ အမေစိုက်နေကျ Holly Hocks, ကျားပါးစပ်၊ ကြောင်ပါးစပ်၊ ကတ္တီပါပန်းတွေကတော့ ပွင့်နေလိုက်တာ ပန်းကောဇောလို့တောင် တင်စားမိပါရဲ့။ DSA စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကာလနဲ့ တိုက်ဆိုင်နေတာမို့ ခရီးသွားတွေနဲ့ စည်ကားနေပါတယ်။ 


၉ တန်းစီ သူငယ်ချင်းတွေ ဒီကန်တော်ကြီးမှာ ပျော်ပွဲစားထွက်ခဲ့ဘူးတာကို ၃ ယောက်သားပြောဖြစ်ရင်း ကန်တော်ကြီးမှာမွေး၊ ကန်တော်ကြီးမှာကြီးခဲ့တဲ့ ခင်မောင်စီ-ကိုစီကို သတိရကြပါတယ်။ ကိုစီ့အဖေက ကန်တော်ကြီး ပန်းခြံထိန်သိမ်းရေးတာဝန်ခံ အုပ်ချုပ်တဲ့လုကြီးပေါ့။ ကိုစီတို့အိမ်မှာ စတည်းချပြီး သူငယ်ချင်းတသိုက် ပျော်ပွဲစားထွက်ခဲ့ကြတာကို ပြန်ပြီး တသမိပါတယ်။ ကန်တော်ကြီးပန်းခြံကြီးတခုလုံး ကိုယ်ပိုင်တယ်ထင်ရလောက်အောင် လွတ်လွတ်လပ်လပ်ပျော်ခဲ့ကြရလို့ပါဘဲ။ ခင်နှင်းက ထင်းရူးပင် ကြီးနောက်ခံထား၊ ဓါတ်ပုံရိုက်ပြီး အမှတ်တရပေးထားတာ အခုထိရှိပါသေးတယ်။


မေမြို့ကမပြန်ခင် သူငယ်ချင်းတွေကို ဖြစ်နိုင်သလောက်စုပြီး ထမင်းကျွေးချင်လို့ စီတိုးကို ဆိုင်တွေ လိုက်ပြခိုင်းရပါတယ်။ သူများတွေညွှန်းတဲ့ Tiger ဆိုတဲ့ဆိုင်သွားကြည့်တော့ သိပ်မကြိုက်တာနဲ့ မေမြို့ မြို့ပတ်လမ်း ဂေါက်ကွင်းထိပ်က Club Terrace လေညှင်းသာ ဆိုတဲ့ဆိုင်ကိုရွေးလိုက်ပါတယ်။ Colonial house လေးကို စားသောက်ဆိုင်လုပ်ထားတာဆိုတော့ အိမ်မှာကျွေးတဲ့ Feeling လေးခံစားရ သလိုပေါ့လေ။ ရာသီဥတုကလည်းသာယာတော့ အပြင်က Deck မှာဘဲနေရာ Reserve လုပ်လိုက်ပါတယ်။ လွန်ရောကျွံရော ၁၅ ယောက်ပေါ့။ အစားအသောက်တွေပါ စောင့်မနေရအောင်၊ ဘာသာမရွေးစားနို င်အောင် စီစဉ်ပြီးမှာခဲ့ကြပါတယ်။ ၀င်းဇော်ကြီးက ဟင်းအမယ်တွေရွေးပေးတယ်လေ။ 

အဲဒီကနေ Dennis ကိုယ်တိုင်ချက်ထားတဲ့ ချစ်တီးထမင်းကို အထူးတလည်အားပေးခဲ့ကြပါတယ်။ ငါးဟင်း၊ဆိတ်သားနဲ့ ဆိတ်ကလီစာဟင်း၊ ကြက်သားဟင်းကအစ သီးစုံပဲဟင်း ဘာဂျီကျော်၊ မနုတ်တန်နီ၊ ချတ္တနီ (ပူစီနံထောင်း)၊ ပါပရာ အဆုံးပေါ့။ ၀င်းဇော်ကတော့ သူ့အကြိုက်ဆုံး ချစ်တီးထမင်းနဲ့ ဟင်းကို ငှက်ပျောဖက်နဲ့ အပြတ်ဆွဲခဲ့လေရဲ့။ ထမင်းကျွေးလို့ အာမရသေးဘဲ Dennis ဇနီး Dolly က ချင်းတောင်က ယက်တဲ့ ထမီလှလှလေးတွေပါ ခရစ်စမတ်လက်ဆောင်ပေးလိုက်ပါသေးတယ်။


Dennis ဆီကနေ စီတိုး အိမ်ပြန်ပြီး နားနေကြတုံး စန်းဝင်းလည်းရောက်လာပြီး ကိုစီ မြင်းခြံ ကပြန်ရောက်နေပြီလို့ သတင်းကောင်းပေးပါတယ်။ မကြာပါဘူး ဆိုက်ကယ်လေးနဲ့ ကိုစီပေါက်ချ လာပါတော့တယ်။ နဂိုကတည်းက ကျမတို့ထက် အသက်ကြီးတဲ့၊ လူကြီးဆန်တဲ့ ကိုစီက သိပ်မပြောင်းလဲဘဲ ပိုရင့်ကျက်လာပါတယ်။ သူက ၀မ်းသာပျော်ရွှင်စွာနဲ့ လက်ထဲမှာ ဓါတ်ပုံ ၂ ပုံကိုင်လာပါတယ်။ တပုံက ၉ တန်းစီ စုပေါင်းဓါတ်ပုံနဲ့ ယောက်ျားလေးသူငယ်ချင်းတွေဘဲ စုရိုက်ထားတဲ့ ပုံပါ။ ၉ တန်းကျောင်းသူတုံးက ကိုယ့်ပုံကိုယ်ပြန်ကြည့်တော့ ချစ်ချင်စရာတစက်မှမကောင်းဘဲ ဂျစ်ကပ်ကပ် အမြင်ကပ်စရာလေးပါဘဲ။ ကျမဘေးကထိုင်နေတာကတော့ ခင်နှင်းပေါ့။  ဓါတ်ပုံကိုအလုအယက်ကြည့်ကြ၊ ဒါကဘယ်သူလဲ၊ သူကော ဘယ်ရောက်နေပြီလဲ။ မေမြို့မှာရှိသေးရင် ရှာပြီး Get together lunch ကိုဖိတ်ပေးပါဟယ်လို့ ပူဆာမိပါတယ်။

ချစ်စရာကောင်းတဲ့ ကိုစီက ဒီနားမှာ ဒို့အတန်းက ခင်ဆွေမြင့်ရှိတယ်ဟဲ့ သွားရှာကြည့်မယ်တဲ့။ မနေနိုင်မထိုင်နိုင်ကျမက ကိုစီနဲ့ လိုက်ခဲ့မယ်လို့ပြောတော့ ၀င်းဇော်က ငယ်ငယ်တုံးကလို ပေါက်ကျော်မ လုပ်ချင်တုံးဘဲတဲ့။ ကိုစီ့ဆိုင်ကယ်ကို နောက်ကထိုင် စီးရင်း ငယ်ငယ်က ကျောင်းပိတ်ရက် အချိန်ပိုတက် တဲ့အခါ အိမ်တန်းမပြန်ဘဲ သူငယ်ချင်းတွေနဲ့ စက်ဘီးစီးလျှောက်လည် ခဲ့ကြတာကိုသတိရမိပါတယ်။ စက်ဘီးစီးမကျွမ်းကျင်တဲ့ကျမကို ခင်နှင်းကတင်နင်းခဲ့ရတာပါ။ အဲဒီတုံးက ပညာရေးတပ်ထဲ မှာနေတဲ့ အောင်စိုးတို့ အိမ်ကိုသွားလည်တော့ အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ သူ့အမေက လဘက်သုတ်၊ ဂျင်းသုတ်ကို ခရမ်းချဉ်သီးနိုင်းချင်းနဲ့ ကြည်ဥပြု တ်ထည့်ပြီး သုတ်ကျွေးတာ မှတ်မိနေပါသေးတယ်။ မျက်မှန်ထူထူနဲ့ စကားကြီး စကားကျယ် စကားကျယ်ပြောတတ် တဲ့ အောင်စိုးတယောက် ချင်းတောင်မှာ ကျောင်းဆရာလုပ်နေတယ်ဆိုလား ကြားမိတာကလွဲလို့ အဆက်အသွယ်မရှိတော့ပါဘူး။ 

ကိုစီက ခင်ဆွေမြင့်အိမ်ကိုသိပါတယ်။ အိမ်ရောက်တော့ သူတို့ပြောင်းသွားပြီတဲ့။ ပြောင်းတဲ့အိမ်ကိုမေးပြီး လိုက်ရှာကြတော့ ဆိုက်ဆိုက်မြိုက်မြိုက်ဘဲတွေ့ပါတယ်။ လားလား နဂိုကတည်းက ထွားတဲ့ ခင်ဆွေမြင့်ကအခု မိန်းမအကြီးကြီးဖြစ်နေပြီ။ သူကရုတ်တရက်မမှတ်မိသေးဘူး။ ခဏနေတော့ မှတ်မိသွားပြီး ၀မ်းသာဝမ်းနည်းဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကြီးနဲ့ ကျမကိုဖက်လိုက်တာ မလွှတ်တော့ဘူး။ သူ့ကို အခုလိုရှာပြီးလာတွေ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူးတဲ့။ ကျမအသံကြားတိုင်း ပတ်ဝန်းကျင်ကို ဒါငါ့သူငယ်ချင်းပေါ့လို့ ကြွားနေတာကြာပြီတဲ့။ ကျမရင်ထဲဆို့ရပြန်ပါတယ်။ နောက်တခါလာရင် သူ့အိမ်မှာတည်း ပါတဲ့။ သူဝယ်ထားတဲ့ တိုက်ခန်းအသစ်ကိုလည်း ပြပါတယ်။ သူ့ကို Get together ဆက်ဆက်လာဖို့ဖိတ်လိုက်ပါတယ်။ 

ခင်ဆွေမြင့်ရှာပုံတော်အောင်မြင်ကြောင်း ခင်နှင်းနဲ့ ၀င်းဇော်ကို သတင်းပို့ပြီး နောက်ထပ်ရှာလို့ရမယ့် သူငယ်ချင်းတွေ စာရင်းလုပ်နေကြတုံး၊ အောင်သန်းရောက်လာပါတယ်။ တတန်းထဲမှာ ၂ ယောက်ဖြစ်ခဲ့တဲ့အောင်သန်းက ဂျပုလေးတွေပါဘဲ။ DSA အောင်ပြီး Accident သေနတ်မှန် လို့ အောင်သန်း တယောက်ကဆုံးသွားတာကြာပါပြီ။ ဒီအောင်သန်းက ကျမတို့နဲ့ သံချပ်ပြိုင်ပွဲ မှာ ရွှေရိုးကခဲ့တဲ့အောင်သန်းပေါ့ ။ သူကလည်း သိပ်ကိုပျော်သွားပါတယ်။ အထူးသဖြင့် သူချစ်ကြောက် ရိုသေလေးစား တဲ့ ၀င်းဇော်ကိုတွေ့လိုက်ရတာ အံ့သြသွားပြီး အတင်းကိုပြေးဖက်ပြီးချစ်ခင်စွာ နမ်းလိုက် ပါတော့တယ်။ 

ကိုစီနဲ့ ကျမကတော့ ဆိုင်ကယ်တစီးနဲ့ သူငယ်ချင်းရှာပုံတော်ဆက်ဖွင့်ကြပါတယ်။ ကိုစီလည်း မှတ်မိသလောက်ပေါ့။ ငယ်ငယ်တုံးက သူတို့အိမ်မှာ မုန့်ဟင်းခါး မုန့်ဖတ်ရောင်းတဲ့ မောင်ထွေးဆီအရင် သွားကြပါတယ်။ သူတို့အိမ်က ဟောင်းနွမ်းဆွေးမြေ့ပြီးပြိုကျလုနီးပါး ၂ ထပ်တန်းလျား Hindu ဘုရာကျောင်း အနောက်မှာပါ။ မောင်ထွေးကိုမေးလိုက်တော့ ဆုံးသွားတာ ၂ လလောက်ရှိပြီတဲ့။ ဘာစကားမှပြောလို့ မရအောင် ကျမ ရင်ထဲဆို့မိပါတယ်။ မောင်ထွေးနဲ့ သိပ်မရင်းနှီးပေမဲ့ မျက်မှန်လေးနဲ့ အေးဆေးတဲ့ အတန်းဖေါ်ကို မေ့လို့မရပါဘူး။ ကိုစီကလည်းတမြို့တည်းပေမဲ့ သူကခရီးထွက်နေ တာများ တော့ မောင်ထွေးဆုံးတာမသိလိုက်တာတဲ့။

ညနေစောင်းနေတာနဲ့ ကိုစီက နောက်တယောက်လောက်ဘဲရှာလို့ရတော့မယ်တဲ့။ 
သူသိတဲ့ ကျော်မြင့် အိမ်ကို ဆက်သွားကြပါတယ်။ ကျော်မြင့်က ဟိုတလောက လေဖြန်းထားလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ရှာဘူးတဲ့။ ကျော်မြင့်အိမ်ကတော်တော်သွားရပါတယ်။ မေမြို့ရဲ့ ညနေခင်းနေ၀င်ရီတရော မှာ အေးစပြုလာပါတယ်။ ကျော်မြင့်တယောက် အိပ်ယာထဲများလဲနေမလားရယ် လို့လည်း တွေးမိပါတယ်။ ငယ်ငယ်က ရှိုးများ၊ ၀ိတ်ပေါ၊ ဖြူဖြူ ပုပုဂင်တိုတိုနဲ့ ကိုယ်တော်က ငယ်ရုပ်လုံးဝ မရှိတော့ဘဲ အသားကနီညိုရောင်သန်းနေပြီး ထိပ်ပြောင်လုနီးပါး ဆံပင်ကျိုးတိုးကျဲတဲ၊ မုတ်ဆိတ် (goatee) နဲ့ သူ့ အိမ်ဆိုင်လေးရှေ့မှာ အလုပ်ရှုတ်နေတာတွေ့လိုက်ရပါတယ်။ ကိုစီက ဟေ့ကောင် မင်းနေမကောင်း လို့ဆို၊ အခုတော့ လမ်းတောင်လျှောက်နေပါလား ဆိုတော့၊ ဝေးဝေးတော့ မလျှောက်နိုင်သေးဘူး တဲ့။ တော်ပါသေးရဲ့ လေဖြန်းရုံမို့လို့။ ဘာဘဲပြောပြောအသက်ရှင်ရက်တွေ့လိုက်ရလို့ ၀မ်းသာမိပါတယ်။ မော်တော်ဆိုင်ကယ်ပေါ်ကဆင်းပြီး မှတ်မိလား လို့မေးတော့ကြောင်ကြည့်နေပါတယ်။ ကိုစီက ခင်စိုးဝင်းလေလို့ လည်းပြောလိုက်ရော။ သူကဘေးဘီဝဲယာကြည့်၊ အနားကပ်လာပြီး နင်က အခု VOA မှာအသံလွှင့်နေ တာနော်လို့ တိုးတိုးလေးပြောပါတယ်။ အော်..သူ့ခမျာ VOA ဆိုတဲ့အသံကို သူများကြားသွား မှာကြောက်ပုံ ရပါတယ်။ နှစ်ပေါင်းများစွာ အကျင့်ပါ အရိုးစွဲနေတဲ့ အကြောက်တရားက ခုထိသူ့ရဲ့ ရင်ထဲကိန်းအောင်းနေဆဲဖြစ်ပုံ ရပါတယ်။ သူကကျမကို အရပ်ရှည်လာတယ်တဲ့။ သူ အနှစ် ၂၀ ကျော် မြင်းလှည်းမောင်းခဲ့ပြီး အခုမှ အနားယူတာတဲ့။ အခုလိုတကူးတက လာတွေ့တာ သူလည်း ၀မ်းသားဝမ်းနည်းပါဘဲ။ မနက်ဖန် Get together လာဖို့ ဖိတ်ရင်း ကိုစီက အကြိုအပို့ တာဝန်ယူ လိုက်ပါတယ်။

စီတိုးအိမ်ပြန်ရောက်တော့မှောင်စပြုနေပါပြီ။ ကျော်မြင့်ကိုတွေ့ခဲ့ကြောင်း ၀င်းဇော်ကိုပြောပြတော့ အမယ်၊ ငါမှတ်မိပြီ၊ ဒီကောင်က နင့်ကိုအသေအလဲကြိုက်ခဲ့တာတဲ့။ လာပြန်ပြီတယောက်။ ငါမနက်ဖန်တွေ့တော့မှ နင့်ရှေ့မှာမေးပြမယ်တဲ့။ စီတိုးအိမ်ကနေ သူငယ်ချင်း ၃ ယောက် ဘုံကျောင်းမှာ အလွမ်းပြေ ဖက်ထုတ်သွားစားကြပါတယ်။ လားရှိုးလမ်းမကြီးပေါ်က ဘုံကျောင်းက အရင်အတိုင်းမပြောင်းလဲသလို၊ ၀က်စတူးကောင်းတဲ့ လေငွန်စားသောက်ဆိုင်ကလည်း ဒီအတိုင်းပါဘဲ။

No comments:

Post a Comment