Wednesday, December 24, 2014



 မေမြို့သမင်လည်ပြန် - အတိတ်ခြေရာ (အပိုင်း ၃)

၉ တန်းနှစ်မှာ Activities လှုပ်ရှားမှုတွေများလွန်းလို့ ဆရာမကြီးက မျက်စေ့နောက်တာနဲ့ ၁၀ တန်းနှစ်မှာ သိပ်တွဲပြီး ကဲခဲ့ကြတဲ့ သူငယ်ချင်းတွေကို လူစုခွဲလိုက်ပါတယ်။ ကြည်လှနဲ့ ကျမက ၁၀ တန်းအေကိုရောက် ခင်နှင်းနဲ့ ခင်မက ဘီတန်းကိုရောက်ပေါ့။ ၁၀ တန်းက အရေးကြီးတော့ ဆရာမကြီးက ကျမတို့ကို လှုပ်ရှားမှုတွေမှာ မပါစေရအောင် တားမြစ်ထားပါတယ်။ ကျမရဲ့ အိမ်နီးနားချင်း လဲ့လဲ့ဝင်းတယောက် Convent ကနေပြောင်းလာတော့ ၁၀ တန်းအေမှာဘဲ ဆုံဖြစ်ခဲ့ပါတယ်။ လဲ့လဲ့ကိုလည်း အတန်းချင်း တူတာတောင် ငမ်းခဲ့သေးတာလေ။ ခပ်ချောချော လဲ့လဲ့ဝင်းက အားကစားပြိုင်ပွဲတွေမှာ အလံကိုင်ခဲ့တာကို မျက်စေ့ထဲမှာမြင်ယောင်နေပါသေးတယ်။  (နောက်ပိုင်းမှာ လဲ့လဲ့နဲ့ ရေစက်ကြီးပုံ ကိုရေးပါအုံးမယ်။)

ခင်နှင်းနဲ့ ကျမ ၁၀ တန်းကို A List ကနေ တနှစ်တည်းနဲ့ အောင်တယ်ဆိုရုံလေးနဲ့သာအောင်ခဲ့ပြီး ရိုးရိုးဝိဇ္ဇာသိပ္ပံတက္ကသိုလ် တက်ရတာကို ဘဲ အပျော်ကြီးပျော်ခဲ့ကြပါတယ်။ နှစ် ၄၀ ကျော်အတွင်း ခင်နှင်းနဲ့ ဆုံတိုင်း မှာ မြန်မာပြည်ပြန်ခွင့်ရခဲ့ ရင် မေမြို့ကိုသွားပြီး သူငယ်ချင်းတွေကို လိုက်ရှာကြရအောင်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ကျမရဲ့ အလုပ်အနေအထား နဲ့ မြန်မာပြည်ပြန်နိုင်ဖို့ အခွင့်အလမ်းက သိပ်မရှိခဲ့တဲ့အချိန်ဆိုတော့လည်း ပိုပြီးတမ်းတမိတာလည်းဖြစ်နိုင်ပါတယ်။ တခါတလေလည်း ငါတို့ကသာ စိတ်ကူးယဉ်နေကြတာဟဲ့၊ သူငယ်ချင်းတွေက မေမြို့မှာရှိကြပါတော့မလား၊ တခြားမြို့တွေပြောင်း ကုန်ကြမှာပေါ့၊ သေတဲ့လူလည်းသေကုန်လောက်ပြီပေါ့ လို့လည်းပြောမိပါတယ်။ 

ရေးချင်တာတွေကများလွန်းတော့ အခုမှ ပုဂံနဲ့ မေမြို့ခရီးစဉ်ကို စဖြစ်တော့မှာပါ။ ပုဂံ ၂ ညအိပ် ခရီးကိုတော့ စာမဖွဲ့တော့ပါဘူး။ ဒါပေမဲ့ ပုဂံခရီးစဉ်အတွင်း ရေနံချောင်းမှာအခြေချနေတဲ့ သူငယ်ချင်းကြည်ကြည်လှကို လှမ်းဆက်သွယ်လိုက် ပါတယ်။ မေမြို့ကပြောင်းလာပြီးနောက်ပိုင်း အဆက်အသွယ်မပြတ်ခဲ့တဲ့ ၀င်းဇော်ရဲ့ ကျေးဇူးနဲ့ ကြည်လှနဲ့ ခင်မရဲ့ ဖုန်းနံပါတ်တွေရခဲ့ပါတယ်။ ခင်မ ဖုန်းက စက်ပိတ်ထားတာနဲ့ဘဲ တိုးလို့ ရန်ကုန်မှာဘဲ လက်လျှော့ခဲ့ရပါတယ်။  ကြည်လှက ပုဂံကို ကားလွှတ်ပြီးကြိုမယ်လို့ပြောပေမဲ့ အချိန်အကန့်အသတ်ရှိတာကြောင့် မေမြို့တက်မယ့်နေ့မနက် ကျောက်ပန်းတောင်းမှာဘဲ ဆုံဖြစ်ခဲ့ကြ ပါတယ်။ ကျမ နိုင်ငံခြားကိုမထွက်ခင်မှာ ကြည်လှက ရန်ကုန်လာတဲ့အခါ တွေ့ဖြစ်ကြပေမဲ့ တကယ်တော့မတွေ့ရတာ အနှစ် ၂၀နီးပါးရှိပြီပေါ့။ ကြည်လှကဘာမှ သိပ်မပြောင်းလဲဘဲ ရင့်ကျက်လာတဲ့ ပုံက ဆရာမကြီး ဒေါ်တင်တင်လှ ကို ပြန်တွေ့လိုက်ရသလိုမို့ ရင်ထဲမှာ လှိုက်ကနဲ ခံစားမိပါတယ်။ ကြည်လှနဲ့ မနက်စာအတူစားရင်း အနှစ် ၂၀ ကျော် မပြောဖြစ်တဲ့စကားတွေ ဖေါင်ဖွဲ့ဖြစ်ကြ ပါတယ်။ ကြည်လှက သူ့ဆီမှာ ကျမတို့ ၂ ယောက် က မြိုင်ထကတုံးက ပုံတွေရှိသေးတယ်တဲ့။ ကြည်လှ ကတော့ မေမြို့တက်မယ့် ကျမတို့ ၂ ယောက်ကို မနာလိုဖြစ်ပြီးကျန်နေခဲ့တာ အသေအချာပါဘဲ။


ကဲ၊ ခုတော့ဆိုက်ဆိုက်မြိုက်မြိုက် သိပ်ရောက်ချင်နေတဲ့မေမြို့ကို ဒီဇင်ဘာလဆန်းမှာ ရောက်ခဲ့ပါတယ်။ ညနေပိုင်းရောက်တာ ဆိုတော့ သိပ်တွေ့ချင်နေတဲ့ သူငယ်ချင်းတွေရှာဖို့ တညတော့ သီးခံပြီး စောင့်လိုက်ပါတယ်။ ဘယ်သူငယ်ချင်းကိုမှလည်း ကြိုပြီးအကြောင်းမကြားထားဘဲ Surprise အံ့သြသွားအောင် လုပ်ချင်တာလေ။ ရာသီဥတုကလည်းသာယာတာနဲ့ မနက်စာရှမ်းခေါက်ဆွဲစား၊ လမ်းထိပ်ထွက် မြင်းလှည်း (မေမြို့အခေါ် ရထားလုံး) ငှားပြီး မငြိမ်းတို့ အိမ်ဘက်ထွက်ခဲ့ပါတယ်။ ခင်နှင်းက ပြန်လာလို့ရတဲ့ ဂျပန်သူဆိုတော့ သူကတခါလာလည်ထားပြီး မငြိမ်းတို့နဲ့ ဆုံထားပြီးသားဆိုတော့ သူ့ကိုဆရာတင်ရတာပေါ့လေ။ 


မငြိမ်းတို့ အဖေ Mr. Bernard က မေမြို့မှာ အထင်ကရ ကိုလိုနီ Guest House ဖြစ်တဲ့ Canadcraig ကို နှစ်ပေါင်း ၅၀ ကျော် ထိန်းသိမ်းစောင့်ရှောက်ခဲ့သူပါ။ အခု Candacraig မှာ မနေကြတော့ဘဲ မြို့ပတ်လမ်းသွယ်တခုမှာ ခြံအကျယ်ကြီး နဲ့ နေကြပါတယ်။


ခြံက သော့မခတ်ထားတော့ ဒီအတိုင်းဘဲ ၀င်သွားတဲ့အခါ ခြံထဲမှာ မငြိမ်းအမ ဘေဘီတယောက် လမ်းလျှောက်နေတာတွေ့လိုက်ရ ပါတယ်။ ဘေဘီက အထက (၁) မှာ တန်းခွဲမတူပေမဲ့ တတန်းတည်းပါဘဲ။ သဘောကောင်း တဲ့ ဘေဘီကြီးက နည်းနည်းပိုဝတာကလွဲလို့ အရင်တုံးကအတိုင်းပါဘဲ။ မှတ်မိလားမေးတော့ ခင်နှင်းကိုတော့သိတယ်၊ ကျမကိုတော့ ခင်မကြီးလားတဲ့၊ ဒါနဲ့ ကျမလည်း ကဲ မမှတ်မိရင်ပြန်တော့မယ်လို့ ခြိမ်းချောက်လိုက်တော့မှ ဟယ်…ခင်စိုးဝင်း ဆိုပြီး တအားပြေးဖက်တော့တာ ပါဘဲ။ ဘေဘီကိုပြန်ဖက်ရင်း ၀မ်းသာလုံးဆို့ မျက်ရည်လည်မိပါတယ်။ ဘေဘီနဲ့ပြောနေတုံး ခြံထဲမှာနေပူစာလှုံနေတဲ့ မငြိမ်းတို့ရဲ့ အကိုကြီး ကိုဆန်နီကိုတွေ့ပါတယ်။ ကိုဆန်နီက အထက (၁) ရဲ့ ရုံးစာရေးကြီးပါ။ ကျောင်းတက်၊ အချိန်ပြောင်း၊ ကျောင်းဆင်း သံချောင်းခေါက်တာလည်းသူပါဘဲ။ ငယ်ငယ်က သိပ်ရှိုးများပြီး စမတ်ကျတဲ့ လူပျိုကြီးပေါ့။ အခု Parkinson ရောဂါခံစားနေရတဲ့ ကိုဆန်နီက ရေဒီယိုကို လက်ကကိုင်ထားရင်း ကျမကို နံမည်ရင်းနဲ့ မှတ်မိရုံတင်မက ငယ်နံမည် မလုံးလို့လည်း ခေါ်လိုက်ပါတယ်။ ကျမကို အမြဲနားထောင် အားပေးနေတဲ့ Fan ပါတဲ့။ ကျူရှင်ကနေ စာသင်ပြီးပြန်လာတဲ့ မငြိမ်းက ကျမကိုချက်ချင်း မှတ်မိပါတယ်။ မန္တလေးတက္ကသိုလ်မှာ မငြိမ်းနဲ့ အဆောင်အတူနေခဲ့ကြပြီး Weekend မေမြို့ပြန်တိုင်း ကျမနဲ့ ကားကြုံလိုက်စီးခဲ့တာကို ဘေဘီကအမှတ်တရ ပြန်ပြောင်းပြောပြပါတယ်။ 


ဘေဘီတို့နဲ့ စကားတွေဖေါင်ဖွဲ့ပြီး Get together လုပ်ကြရအောင်လို့ ပြောဖြစ်ခဲ့ပါတယ်။ မငြိမ်းတို့က ရထားလုံးစီစဉ်ပေးလို့  ဈေးကြီးထဲဝင်၊ အမှတ်တရ မေမြို့ သိုးမွှေးဦးထုပ်ဝယ်ပြီး ခင်နှင်းတို့နေခဲ့ တဲ့ဈေးရှေ့က တိုက်အိမ်ကြီးကို အလွမ်းပြေသွား ကြည့်ကြပါတယ်။ အဲဒီတုံးက ခင်နှင်းတို့ အိမ်အောက်ထပ်မှာ ဆွေဆွေဝင်း စထော်ဘယ်ရီဆိုပြီး တော်ဖီဆိုင်လေး ဖွင့်ခဲ့တာပေါ့။ အဲဒီအိမ်မှာဘဲ MMTA ကားဂိတ်လည်းရှိခဲ့ပါတယ်။ သူတို့အိမ်နဲ့ မျက်စောင်းထိုးက မြတ်ဝတ်ရည်စတိုး၊ အပျိုချောတွေ ထိုင်တဲ့ဆိုင်မို့ အရောင်းသွက်တဲ့ စတိုးပါဘဲ။ ဈေးကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အရင်က သစ်လွင် ဓါတ်ပုံတိုက်က အခုသစ်လွင်စတိုးဆိုင်ြ ဖစ်နေပါပြီ။ သစ်လွင်ဓါတ်ပုံဆိုင်မှာ ရိုက်ခဲ့တဲ့ အဖေ့ပုံနဲ့ ကျမတို့ အဖွား၊ အဖေ၊ အမေနဲ့ မောင်နှမ ၇ ယောက်ပါတဲ့ မိသားစုပုံကအခုထိ တန်ဘိုးမဖြတ်နိုင်တဲ့ အမွေတခုပါဘဲ။ 

ခင်နှင်းတို့အိမ်ကနေ နာရီစင်ဘက်ထွက်လာရင်း၊ နာရီစင်နောက်က တိုက်တန်းလျားမှာနေခဲ့ဘူးတဲ့ သူငယ်ချင်း ကုလားလေး လှဖေ ကို သွားရှာကြပါတယ်။ အိမ်အောက်ထပ်က ဆိုင်တဆိုင်ကိုဝင်မေးတော့ သူတို့မိသားစု မိုးကုတ်ကိုပြောင်းသွား တာ နှစ်အတော်ကြာပြီတဲ့။ ဒါနဲ့ လားရှိုးလမ်းတလျှောက် လျှောက်ရင်း ခင်နှင်းက ပွင့်ဦးဓါတ်ပုံတိုက်ကို ၀င်ရအောင် စီတိုး ရှိနိုင်တယ်တဲ့။ စီတိုးဆိုတာကိုမမှတ်မိတော့ဘူးလေ။ ခင်နှင်းက ငါတို့ထက်အတန်းငယ်တယ်တဲ့ ပေသီးနဲ့ တူတူ စီမောင်တိုးလေတဲ့။ စီတိုးက ထမင်းစားနေတာနဲ့ တိုးလို့ ခဏထိုင်စောင့်ပြီး သူမှတ်မိမလားလို့ အကဲစမ်းလိုက်ပါတယ်။ သူကလည်းချက်ချင်းမမှတ်မိတော့ နည်းနည်းလေး Hint ပေးလိုက်မှ မှတ်မိသွားပါတယ်။ စီတိုးက ကျမတို့မေမြို့မှာ စီးခဲ့တဲ့ကားနံပါတ် ၀၅၂၇ ကိုတောင်မှတ်မိနေတဲ့ သူငယ်ချင်းတယောက်ပါ။ ပေသီးအမဆိုတော့လည်း သူက၀မ်းသာသွားပြီး ငယ်ကျိုးငယ်နာတွေ ပြောပါတော့တယ်။ 

စီတိုးရဲ့ ကားနဲ့ ဒေးဒေး (ဆရာဦးအေးမောင်ရဲ့သား တင့်ဇော်အေး) ကို သွားတွေ့ကြပါတယ်။ သူကလည်းပေသီးနဲ့ မှ တတန်းတည်းဖြစ်ခဲ့ပေမဲ့ ကျမကို ကောင်းကောင်း သိပါတယ်။ ဒေးဒေးနဲ့ ပြောနေကြတုံး ခပ်၀၀လူတယောက်ဝင်လာပါတယ်။ သူက ကျမကိုတွေ့တွေ့ချင်း ဘဲ သွေးအတူတူသွားလှူကြတာလေတဲ့။ ဘုရားတောင် တ မိပါရဲ့။ အထက (၁) မှာ ကျမ ကြက်ခြေနီတပ်ဖွဲ့ထဲဝင်ပြီး အသက်မပြည့်ဘဲနဲ့ သွေးသွားလှူ  လို့ မူးလဲ၊ ရုံးခန်းရောက် အဆူခံ အမှုတက်ခဲ့တာကို သူကမမေ့သေးဘူးတဲ့။ သူက ထွန်းဦး၊ ပေသီးသူငယ်ချင်းပါဘဲ။ ဒါနဲ့ စီမောင်တိုး၊ ဒေးဒေးနဲ့ ထွန်းဦးတို့ ဆုံတုံး ရန်ကုန်မှာ ရှိနေတဲ့ ပေသီးကို ဖုန်းဆက်ပေး လိုက်ပါတယ်။ ပေသီးလည်း အံ့သြ ၀မ်းသာပေါ့။ လူပျိုကြီး စီတိုးက လေယာဉ်မှူးကြီးပေသီး ကို လေယာဉ်မယ်လေးတယောက် လောက်ပေးပါလားတဲ့။ ကလေးတုံးက အတိုင်းပြောမနာဆိုမနာ ပြောင်ကြနောက်ကြနဲ့ ကြည်နူးခဲ့ရပါတယ်။

ဒေးဒေးဆီကနေ ဆရာမဒေါ်မြသောင်းတင်တို့အိမ်ကို ချီတက်ဖြစ်ပါတယ်။ စီတိုးက အခုအသက် ၆၀ ၀န်းကျင် အဘိုးကြီးဖြစ်လာတော့ ကလေးတွေက အဘခေါ်ပေမဲ့ ဆရာမကတော့ ဟဲ့ကောင်လေးလို့ ခေါ်တုံးဘဲတဲ့။ ဒါ့ကြောင့်ဆရာမ နဲ့တွေ့ရတိုင်း ပျော်တယ်ဆိုဘဲ။ ဆရာမက ခင်နှင်းကိုအရင်တခါက တွေ့ထားတာဆိုတော့ မှတ်မိနေတာပေါ့။ ခင်နှင်းနဲ့တွဲ လာတော့ ကျမကိုလည်း ချက်ချင်းဆိုသလို မှတ်မိသွားပြီး ၀မ်းသာဝမ်းနည်းဖြစ်သွားပါတယ်။ ကျမငယ်ငယ်က ကျောင်းပွဲတွေမှာ က ခဲ့တာတွေကိုလည်း ဆရာမ ကမှတ်မိနေပါတယ်။ သူများတွေကို အစအနောက်သန်တဲ့ ကျမ ကို ဆရာမ မှတ်မိနေတဲ့ အကြောင်းကတော့ ၉ တန်းစီမှာတုံးက ကိုခင်မောင်စီ-ကိုစီက မပု-ညိမ်းညိမ်းလှကို စာပေးတာ လူမိတော့ ကျောင်းအုပ်ကြီးရုံးခန်းရောက်၊ အရိုက်ခံခဲ့ရပါတယ်တဲ့။ အရိုက်ခံပြီးပြန်လာတဲ့ ကိုစီ့ကို ကျမက ကိုစီ..ကိုစီ..ကိုစီ..မပုကိုစာပေးလို့ ရုံးခန်းရောက် အရိုက်ခံရတာကိုပြောင်ပြီး သီချင်းလုပ်ဆို ကြိုခဲ့တာတဲ့။ ကျမကအဲဒီ အဖြစ်ကိုမေ့နေတာ။ အနှစ် ၄၀ ကျော်မှာ ဆရာမဒေါ်မြသောင်းတင်ကမှတ်မိနေတာလေ။ ငယ်သူငယ်ချင်းတွေအကြောင်း ဆရာမက သိသလောက်ပြောရင်း ဆရာမရဲ့ မောင်စန်းဝင်းကလည်း ၈ တန်းအေမှာတုံးက အတူတူဘဲတဲ့။ 

ကိုရွှေစန်းဝင်းကတော့ လူကိုမြင်မြင်ချင်းဆိုသလိုဘဲ နင်ကငါတို့ကိုမသိပါဘူးလို့ ရန်စကားနဲ့ နှုတ်ဆက်ပါတယ်။ ချက်ချင်းတော့ဘယ်မှတ်မိပါမလဲ။ ၈ တန်းမှာဘဲ ဆုံခဲ့ဘူးတာကိုး။ ဒါပေမဲ့ပြန်စဉ်းစားတော့ စန်းဝင်းက ဖြူဖြူ၊ ပိန်ပိန်သေးသေးလေး၊ ချောင်ကုတ်နေသလိုဘဲ။ မသည်းအူဆိုတဲ့ကလောင်နံမည်နဲ့ နံရံကပ်စာစောင်မှာ စာတွေရေးပြီး ကဗျာစပ်တာတော်လို့ ပထမဆုရဘူးတယ်လို့ ခင်နှင်းကပြောပြပါတယ်။ စန်းဝင်းက ကျမကိုမေးပါတယ်။ နင့်ကိုအရမ်းကြိုက်ခဲ့တဲ့ လှဖေကော မှတ်မိသေးလားတဲ့။ သူ့ခမျာ နင်တို့အိမ် နောက်က စိန်နဘန်ခြုံတွေနဲ့ နေကြာရိုင်းတောတဲတိုးပြီး နင့်ကိုချောင်းခဲ့ တာလေတဲ့။ မြတ်စွာဘုရား။ သူစာပေးဘူးတာတော့မှတ်မိတာပေါ့။ ကျမရဲ့ စာစီစာကုံးစာအုပ်ကြားထဲ သူဘယ်တုံးက ထည့်ထားမှန်းမှမသိဘဲ၊ မြန်မာစာဆရာမ မမတင်ဆီ စာအုပ်ထပ်တော့ ပါသွားရော။ မမတင်က ကျမစာအုပ်ကြားထဲမှာ သူ့ရဲ့စာ တွေ့တော့ အတန်းရှေ့မှာ လှဖေအရိုက်ခံခဲ့ရတာကိုတော့ မှတ်မိပါရဲ့။ ကျမ မတိုင်ဘဲ သူအရိုက်ခံရတာဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ နောက်တော့မေ့မေ့ပျောက်ပျောက်ပါဘဲ။ သူကျမကိုလိုက်ကြည့်နေတာလည်းအမှတ်တမဲ့ပါဘဲ။ ဒီလောက်ကြီးစွဲလန်းလိမ့်မယ်လို့ မထင်မိပါဘူး။ စန်းဝင်းက လှဖေအကြောင်းပြောတာနဲ့ အမယ်၊ ငါတို့လည်း နာရီစင်နားရောက်တာနဲ့ သူနေတဲ့အိမ်ကိုသွားပြီးရှာကြသေးတယ်ဟဲ့လို့ ပြောမိပါတယ်။ လှဖေ အခု ရန်ကုန်မှာ ရှေ့နေလုပ်နေတာတဲ့။ နှုတ်ခမ်းမွှေးနဲ့ ကုလားကြီးဖြစ်နေပြီဆိုဘဲ။ ခင်နှင်းကလည်း နင့်ကိုကြိုက်တဲ့ စိုးလှိုင်လည်းရှိသေးတယ်၊ ဆရာဦးချစ်မောင်ညီလေတဲ့။ နောက် ဆံပင်ကိုဆီရွှဲအောင်လိမ်းပြီး ဘိုကေကျကျနန ဖီးတတ်တဲ့မျိုးမြင့် ဂျပုလေးလည်း နင့်ကြိုက်တာဘဲတဲ့။ အောင်စိုးတောင်ပါလိုက်သေးတယ်တဲ့။ ကျမကတော့ သူတို့ကြိုက်တယ်ဆိုတာကို ကျမကိုချစ်ခင်တာဘဲလို့သဘောထားပြီး အဆက်အဆံမပျက်ခဲ့ပါဘူး။  

စန်းဝင်းနဲ့တွေ့တော့ ငယ်ငယ်တုံးက သူငယ်ချင်းတွေရှိသေးရင်တွေ့ချင်တယ်ဟယ်၊ ရှာပေးပါလား လို့ ပြောဖြစ်ပါတယ်။ စန်းဝင်းက သူ့မှာရှိတဲ့ အဆက်အသွယ်တွေနဲ့ တတ်နိုင် သလောက်ရှာပေးပါတယ်။ ချိုင်းထောက်နဲ့ ထွန်းအောင်ကိုမေးတော့ သူတို့လည်း မတွေ့တာကြာပြီတဲ့။ သေများသွားပြီလား ပေါ့နော်။ စန်းဝင်းကသူရှာကြည့်မယ် လို့ပြောပါတယ်။ စန်းဝင်းက ရွယ်တူဆိုပေမဲ့ နုတယ်လို့ဆိုရမှာပါ။ တခြားသူငယ်ချင်းတွေလို ဗိုက်မပူဘူးလေ။ သူကပန်းချီဆရာကြီးပေါ့။ သူဆွဲထားတဲ့ပန်းချီကား Catalogue တွေထဲမှာ မေမြို့အမှတ်တရ ရထားလုံးပုံဆွဲထားတာလိုချင်ပေမဲ့ မရှိတော့လို့စိမ်းစိုနေ တဲ့ တောင်တက်လမ်းပြေပြေကလေးမှာ တောင်းတွေဆင့်တင်ထားတဲ့ လော်ရီကားလေးတက်နေတဲ့ပုံကို
ရွေးယူခဲ့ပါတယ်။ သူက ပုံတူပန်းချီ Portrait တွေလည်းဆွဲတယ်တဲ့။ ကျမကလည်း ကြုံတုံးလေး ကြွားဖြစ်ပါတယ်။ 

အခု သိပ်ကိုကျော်ကြားဈေးအကြီးဆုံးဖြစ်နေတဲ့ ပန်းချီဆရာမင်းဝေအောင်က အခုလောက် မအောင်မြင်သေးခင်၊ မချမ်းသာခင် လွန်ခဲ့တဲ့ ၂၂ နှစ်ကျော်က ကျမရဲ့ Portrait ကိုဆွဲပေးဘူးပါတယ်လို့။ ကျမရဲ့ ပန်းချီ Collection တွေထဲက ဦးငွေကိုင်ရဲ့ ဘုရားဈေး ဆီဆေးနဲ့ လှေရွက်လွှင့် ရေဆေး၊ ပန်းချီဦးဘဇော်ရဲ့ 1932 က ခဲခြစ် ရွှေတိဂုံအနောက်မုဒ် ပုံတူပန်းချီ၊ ပေါ်ဦးသက်ရဲ့ ရေဆေးလက်ရာ၊ ဆရာဦးဝင်းဖေရဲ့ဆီဆေးနဲ့ ရေဆေးပန်ချီကားတွေ အကြောင်းကြွားဖြစ်တော့ နင်တော်တော် ချမ်းသာတာဘဲတဲ့။ သူက ငါလည်း နင့် Portrait ဆွဲပေးမယ်။ စန်းဝင်းဆင်းရဲတုံးက ဆွဲပေးတာလို့တော့ မပြောနဲ့ပေါ့တဲ့။ ငါ့ကိုအရုပ်ဆိုးအောင်တော့မဆွဲနဲ့ဆိုတော့ နင်က လှတာလိုချင်တာလား၊ သဘာဝ အရှိကိုအရှိအတိုင်းလိုချင်တာလား တဲ့။ အော်..စန်းဝင်းတယောက် ၆၀ ကျော်တဲ့အထိ လူပျိုကြီးဖြစ်နေတာလည်း မဆန်းဘူး။ မိန်းမတွေက အပြင်မှာ လှလှ၊ မလှလှ ဓါတ်ပုံဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ် လှချင်တာဟဲ့။

ဆရာမတို့အိမ်ကနေ မငြိမ်းရဲ့ Cousin ကျမတို့ရဲ့ ၉ တန်းစီက သူငယ်ချင်း Dennis ကိုသွားတွေ့ကြဖို့ နံမည်ကြီး အောင်ပတ္တမြားချစ်တီးတမင်းဆိုင်ကိုထွက်ခဲ့ကြပါတယ်။ Google map မှာ သူတို့ဆိုင်ကို ရှာလို့ရပါတယ်။ Tourists တွေအလာများတဲ့ဆိုင်ပေါ့။ ဆိုင်ထဲရောက်တော့ Dennis ကိုမေးတဲ့အခါ ကလေးကျောင်းသွားပို့နေတယ်တဲ့။ မထူးပါဘူးဆိုပြီး ထမင်းစားရင်း Dennis ကိုစောင့်ကြပါတယ်။ Dennis ပြန်လာပြီလားလို့ ထမင်းစားရင်း ခဏခဏမေးမိပါတယ်။ ထမင်းစားပြီးလည်း ရွှေ Dennis က ပေါ်မလာ၊ အဲဒါနဲ့ စိတ်တိုပြီး၊ တဆိုင်လုံးကြားအောင် ပြောလိုက်မိပါတယ်။ ဒီဆိုင်ကို ထမင်းစားဖို့ လာတာမဟုတ်ဘူး၊ ငယ်သူငယ်ချင်း Dennis ကိုတွေ့ချင်လို့ အဝေးကြီး နိုင်ငံခြားကနေတောင်လာခဲ့ရတာ Dennis ကိုခေါ်ပေးပါလို့ပြောတော့မှ ဆိုင်ရှင် Dennis အမေ အန်တီကြီးထလာပြီး အော်..အားနာလိုက်တာ ခဏနော်ဆိုပြီး အခန်းထဲက Dennis ကိုဆွဲခေါ်လာပါတယ်။  နေ့လည်ကြောင်တောင်မူးပြီး အိပ်နေတာတဲ့။ ဘုရားရေ၊ သိပ်အေးဆေးလိမ္မာတဲ့ သူငယ်ချင်း Dennis ဘယ်လိုများဖြစ်သွားတာပါလိမ့်။ 


ကိုယ်တော်က လူကိုချက်ချင်းမမှတ်မိ၊ နံမည်လည်းပြောလိုက်ရော၊ ကျမကိုတအားဖက်တော့တာပါဘဲ။ မလွှတ်တော့ဘူး။ ကျမ ပါး နှစ်ဘက်ကို ကိုင်ပြီး သူအမြဲသတိရနေကြောင်း ရေဒီယိုအမြဲနားထောင်ကြောင်း၊ ငယ်ငယ်တုံးကလိုဘဲ ဘာမှမပြောင်းလဲ တဲ့အကြောင်း အလွမ်းသယ်ပါလေရော။ သူ့အမျိုးသမီးက အပြင်သွားနေလို့ သမီးလေး ၂ ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ Dennis က ခရိယာန်ကုလားလေး၊ သူ့အမျိုးသမီးက ကရင်အမျိုးသမီးဆိုတော့ သမီးလေးတွေက ချောပြီပေါ့။ မနက်ဖန် သူအရက်လုံးဝ မသောက်ဘဲစောင့်နေပါ့မယ်တဲ့။ မပြန်ခင်ထမင်းချက်ကျွေးချင်ပါတယ်တဲ့။ Dennis နဲ့ ကျမတွေ့လို့ တဆိုင်လုံးနီးပါး အုတ်အော်သောင်းနင်းဖြစ်သွားပြီး မီးဖိုထဲက Dennis ရဲ့ ညီမလည်းထွက်လာပြီး သူက ပေသီးနဲ့ သူငယ်ချင်းပါ လို့ နှုတ်ဆက်ပါတယ်။ ခင်နှင်းနဲ့ စီတိုးကတော့ Dennis မူးပြီး ကျမကို ဖက်နမ်းတာကို စမြုံ့ပြန်ရင်း သဘောကျနေကြတာပေါ့။ Dennis တို့ ဆိုင်ကကျော်လာတော့ တလမ်းထဲမှာဘဲရှိတဲ့ ခင်မကြီးတို့ရဲ့ “အာသာဝတီ” တိုက်ကြီးနားကဖြတ်ရပါတယ်။ ခင်နှင်းနဲ့ ကျမ ကောင်းကောင်းမှတ်မိတဲ့ အိမ်ကြီးပါဘဲ။ ဘာရယ်မဟုတ် အာသာဝတီ နွယ်နီနတ်ပန်း ပေါ့ လို့ အသံထွက်ရေရွတ်မိပါတော့တယ်။

No comments:

Post a Comment