Sunday, September 20, 2015



ချစ်ခင်လေးစားရပါတဲ့ မမ SanSan Cynthia Tin အတွက် ကဗျာမပီ၊ စာမမှီတဲ့ မွေးနေ့ဆုမွန်


လူမိုက်တွေရဲ့ ဒီကမ္ဘာတဘက်ခြမ်းကနေ
လွမ်းစာခွေ ပါး ပါရစေ မမရေ။
ဒီအချိန်မှာ ဒီကာလမှာလေ မာတာမြေကို
လှမ်းမျှော်၊ ရမ်းရော်ရင်း အောင်သွယ်တော်ရွှေလမင်းကတဆင့်၊
 မေတ္တာသာ နာနာလေး ချွေသင့်တယ်ထင်ပါရဲ့ မမရေ။

လူမိုက်တွေရဲ့ ဒီကမ္ဘာတဘက်ခြမ်းမှာလ
မြင်ရ၊ တွေ့ရ၊ ကြားရ တာတွေဟာဖြင့်
ဥပဒေအထက်က
ထားစရာမရှိအောင် ကြွယ်ဝသူတွေကြားမှာ
မစိုးမိုးတဲ့ ဥပဒေအောက်က
စားစရာနေစရာ မရှိတဲ့လူတွေက
 ရေဘေး၊ လေဘေး အစထားတဲ့
ငါးပါးရန်စွယ် အန္တရာယ်ကို ကြံ့ကြံ့ခံရင်း
အနေကြပ်၊ အသေကြပ်နဲ့
ဝမ်းတထွာအတွက်
ရာစုနှစ်ဝက်ကို ဖြတ်သန်းနေကြလေရဲ့ မမရေ။

အမိမြေကို ခေတ္တရောက်ခိုက်
ဒါတွေကို ဂရုစိုက်မိလေတော့
မချင့်မရဲ၊ အားမလို အားမရ၊
အရာရာ လက်လှမ်းမမှီ၊ ဉာဏ်မမှီပေါ့။
သတ္တုချရရင်တော့ မမရေ
လူမိုက်တွေရဲ့ ဒီဘက်ကမ္ဘာခြမ်းကို စိတ်မှန်းနဲ့သာ လွမ်းပါလေတော့…

ချစ်ညီမလုံး

Thursday, August 27, 2015




၈ လေးလုံးအမှတ်တရ

ဘာလိုလိုနဲ့ ၈ လေးလုံးအရေးတော်ပုံတောင် ၂၇ နှစ်ပြည့်သွားပါပြီ။ ဒီအရေးတော်ပုံကြီးကနေ ကျမအပါအဝင် မြန်မာပြည်သူလူထု အများစုရဲ့ ဘဝတွေကို ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲစေခဲ့တာပေါ့ရှင်။ လူထုအားနဲ့ မဆလ တပါတီစံနစ်ကို ဖယ်ရှားနိုင်ခဲ့ပေမဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လက်မခံနိုင်တဲ့၊ အများအကျိုးထက် ကိုယ်ကျိုးနဲ့ လူတစုအကျိုးကိုသာ ကြည့်ပြီး စစ်တပ်က ဗိုလ်ကျစိုးမိုး အာဏာသိမ်းခဲ့တာကတော့ ဒီနေ့အထိပါဘဲလို့ ပြောရင်လည်းမှားမယ်မထင်ပါဘူး။ 

၂၇ နှစ်အတွင်း၊ တရားဥပဒေစိုးမိုးမှု မရှိခဲ့လို့ အသက်ဆုံးရှုံးခဲ့ရသူတွေ၊ နှစ်ရှည်ထောင်ကျခံခဲ့ရသူတွေ၊ ပြည်ပနိုင်ငံတွေကိုထွက်ပြေးခဲ့ကြရသူတွေ၊ မိသားစုတွေရှင်ကွဲ သေကွဲ ကွဲခဲ့ကြရတဲ့အဖြစ်တွေ၊ စီးပွားပျက်ခဲ့ ရသူတွေ၊ ဒုနဲ့ဒေးပါ။ ကျမရဲ့ အဖြစ်ကတော့ ရက်ရက်စက်စက် အနှိပ်ကွပ်ခံခဲ့ရသူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘာမှမပြောပလောက်ပါဘူး။ ၈၈ အရေးတော်ပုံမှာ တက်ကြွစွာပါဝင်မှုကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ဖေါ်ကိုင်ဘက် ဆရာသမားတွေအပါအဝင် အငြိမ်းစားပေးတယ်ဆိုတဲ့ အသုံးအနှုံးကို ယဉ်ယဉ်လေးသုံးပြီး ကျမ အသက် ၃၄ နှစ်အရွယ်မှာ အလုပ်ထုတ်ခံခဲ့ရတာပါဘဲ။ ၈၈ အရေးတော်ပုံကို သိမှီသူတွေ မှတ်မိကြအုံးမှာပါ။ 
 


 
အစိုးရဝန်ထမ်းတွေ အရေးအခင်းမှာပါခဲ့ရင်လည်း အရေးမယူပါဘူး၊ ရုံးပြန်တက်ကြပါလို့ သမ္မတဒေါက်တာမောင်မောင်ကိုယ်တိုင်ပြောခဲ့တာပါ။ မျိုးဆက်သစ်လူငယ်တွေလည်း ဗဟုသုတရအောင်၊ မိုးကျရွှေကိုယ်ရယ်လို့ အခုတလောတွေ့နေရတဲ့ အဖြစ်တွေနဲ့လည်း အပိုဒ် (င) က တိုက်ဆိုင်တာကြောင့် ၈၈ အရေးတော်ပုံမှာ ပြည်သူလူထုနဲ့အတူ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံခြားရေးဝန်ထမ်းတွေရဲ့ ကြေညာချက်ကို မျှဝေလိုက်ပါတယ်။



ဒီအမိန့်ကြောငြာစာနဲ့ ထောက်ခံစာလေးက ကျမဘဝကိုအပြောင်းအလဲကြီးပြောင်းလဲစေခဲ့တာဆိုတော့ "Blessing in Disguise" လို့ဘဲပြောပါရစေ...


ဒီစာလေး ၂ စောင်က ကမ္ဘာတဝန်း ဒီမိုကရေစီရေး အားပေးထောက်ခံတဲ့ နိုင်ငံတွေအတွက် ပြည်ဝင်ခွင့် ဗီဇာ ဆိုရင်လည်းမမှားပါဘူး။ နိုင်ငံတော်ကို ပုန်ကန်တာလည်းမဟုတ်၊ မတရားအဂတိလိုက်စားတာလည်းမဟုတ်၊ ဘာရာဇဝတ်မှုမှလည်းကျူး လွန်တာမဟုတ်ဘဲ ငြိမ်းချမ်းစွာဆန္ဒပြမှုနဲ့ အလုပ်ထုတ်ခံခဲ့ရတဲ့ အခိုင်မာဆုံးသက်သေဖြစ်နေလို့ပါဘဲ။
   




Saturday, March 14, 2015

ကျမရဲ့ ၁၀ နှစ်မပြည့်တပြည့် ပြည်သူ့ဝန်ထမ်း-အရာထမ်းဘဝအကြောင်း တစေ့တစောင်း (အပိုင်း ၂)



Geneva ရောက် ချစ်ခင်ရတဲ့ ညီမလေး တိတီက PSC လူတွေ့မှာ ဘုရားစာတွေမေးတယ်လို့ သူ့မေမေအန်တီအေးကပြောတာ ကြားဘူးတယ်တဲ့။ မှန်လိုက်လေ ညီမရေ။ ဦးစိုးရဆိုတဲ့ PSC အဖွဲ့ဝင်လူကြီးက လူတွေ့မေးရင် ဘုရားစာတွေမေးလေ့ရှိတယ်လေ။ ကျမကိုလည်း ဘုရားစာတွေ အမေးခံရတာပါဘဲ။ ဗြဟ္မစိုရ်တရားကအစ ဘုရားစာတွေ မေးတတ်တယ်ဆိုတာကြိုသိထားတော့ မေးတာတွေအားလုံးဖြေနိုင်ခဲ့ပါတယ်။ ဗဟုသုတနဲ့ နိုင်ငံတကာသတင်းတွေလည်း ဖြေနိုင်ခဲ့ပါတယ်။ တခုဘဲ ကိုယ့်နေခဲ့တဲ့ကျောင်းတွေ အကြောင်း English လိုပြောခိုင်းတော့ ပြောနေကျမဟုတ်တော့ ခွေးအကြီးလှည်းနင်း ထစ်ထစ်ငေါ့ငေါ့ ပြောခဲ့မိပါတယ်။ ကလောမြို့ မှာနေတုံးက American Missionary တွေဖွင့်ထားတဲ့ Kingswood School မှာ မူလတန်း KG တန်းတွေ တက်ခဲ့ဘူးတဲ့ကျေးဇူးကြောင့် မတောက်တခေါက်တော့ ပြောနိုင်ခဲ့တာထင်ပါရဲ့။ စကားစပ်လို့ ကျမသင်ယူခဲ့ရတဲ့ မူလတန်းပညာရေးအကြောင်း ပြောပြချင်ပါတယ်။ 

အနယ်နယ် အရပ်ရပ်ပြောင်းခဲ့ရတဲ့ မိသားစုမှာကြီးပြင်းခဲ့ရတဲ့ ကျမဟာ သမိုင်းဘူတာရုံလမ်းက ဘုန်းတော်ကြီးကျောင်းမှာလည်း စာသင်ခဲ့ရဘူးပါတယ်။ မကွေးမြို့က အလွတ်သင် ဦးဆုမြိုင်ကျောင်းကိုလည်း အသက်မပြည့်သေးဘဲ အပျော်တက်ခဲ့ဘူးပါတယ်။ ဗထူးတပ်မြို့ တပ်ထဲကမူလတန်းကျောင်းလေးမှာလည်းနှပ်ချေးတွဲလောင်း ပေတူးနေတဲ့ ရဲဘော်ကလေးတွေနဲ့အတူ နေခဲ့ဘူးပါတယ်။ ကလောမြို့စွန် သင်းချိုင်းကုန်းနားက မြို့ဂုဏ်ရည် ဆိုတဲ့ မူလတန်းကျောင်းမှာလည်း တက်ခဲ့ဘူးပါတယ်။ Kingswood ဆိုတဲ့ အမေရိကန် Missionary School ကို ဝင်ခွင့်ရဖို့စောင့်ရင်း အဲဒီ စုတ်ပြတ်နေတဲ့ တဲသာသာ မြို့ဂုဏ်ရည်ကျောင်းမှာ ခဏတက်ဖူးခဲ့တာပါ။ Kingswood ကျောင်းကနှစ်စဉ်ထုတ်တဲ့ Kingswood Star ဆိုတဲ့ ဓါတ်ပုံစာအုပ်ထဲမှာ ၂ နှစ်ဆက်တိုက် ကျမငယ်ငယ်က ပုံလေးတွေပါပါတယ်။ မှတ်မိသလောက် Girls Guide ကင်းထောက်အဖွဲ့မှာ ကျမက ငယ်သေးတော့ Blue Bird လေးဘဝနဲ့ Necktie အဖြူလေးနဲ့ ငှက်အပြာလေးပျံနေတဲ့ ဖေါင်းကြွကြယ်သီးတပ် ယူနီဖေါင်းအပြာလေးကို ဂုဏ်ယူစွာဝတ်ခဲ့ရတာ မှတ်မိနေပါတယ်။ 

ကလောကနေ ရန်ကုန်ပြောင်းတော့ English Methodist School ကို ဝင်ခွင့်ရဖို့ စောင့်ရပါတယ်။ Kingswood နဲ့ Methodist က သင်ရိုးညွှန်းတန်း Curriculum တူပါတယ်။ မနက် Assembly တက်ရင် ယူရတဲ့ Song Book ကလည်းအတူတူပါဘဲ။ ရန်ကုန်၊ ဒဂုံမြို့နယ်က English Methodist ကိုဝင်ဖို့စောင့်ရင်း ရေကျော် Creek လမ်းက MEC Methodist Educational Center ဆိုတဲ့ အလယ်တန်းကျောင်းမှာ တတိယတန်းတက်ခဲ့ရပါတယ်။ အဲဒီကနေ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ကို ပြောင်းရတော့ အီတလီမယ်သီလရှင်တွေ သင်တဲ့ Sacred Heart Convent မှာ စတုတ္တတန်း တက်ခဲ့ဘူးပါတယ်။ နိဒါန်းချီနေတာအတော်ရှည်သွားပါပြီ။ အချုပ် ပြောရရင်တော့ မူလတန်းမှာ အင်္ဂလိပ်လိုသင်ခဲ့ရတဲ့စံနစ်ကို သီသီလေး မှီခဲ့တာကြောင့် ဒီကနေ့ လူရာဝင်တယ်လို့ပြောချင်တာပါ။ 

မိဘက နိုင်ငံခြားမှာနေခဲ့တာမဟုတ်- ကိုယ်လည်းမရောက်ဘူးတော့ ဘိုလိုကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ခဲ့ဘူးပေါ့။ အမေကတော့ ဘိုလို၊ ဂျပန်လိုပြောနိုင်ပါတယ်။(သွားလေသူ ခင်ပွန်းရဲ့ မိသားတစုလုံးကတော့ ဘိလပ်ပြန်တွေဆိုတော့ ဘိုလိုဘဲ အားသန်ကြပါတယ်။ စာရေးရင်တောင် အခုထိဘိုလိုဘဲရေးပါတယ်။)   Kingswood School ရဲ့ American လူ့ဖြူ ကျောင်းအုပ်ကြီးဇနီး Mrs. Shield က ကျမတို့ KG တန်းမှာ Arts & Crafts သင်ပါတယ်။ သူပြောခဲ့တဲ့လေယူလေသိမ်းကို အတုယူခဲ့လို့ အင်္ဂလိပ်အသံထွက်နဲ့ ပတ်သက်ပြီး ဒီနေ့အထိ မျက်နှာမငယ်ခဲ့ရပါဘူး။
  
ကျမ ၅ တန်းနှစ်ကစပြီး မူလတန်းမှာ အင်္ဂလိပ်စာ မသင်ရတော့တဲ့စံနစ်ကို ဦးနေဝင်းက မိတ်ဆက်ပေးလိုက်တာကြောင့်၊ တနိုင်ငံလုံး အင်္ဂလိပ် စာတတ်တဲ့ မျိုးဆက် အနှစ် ၅၀ ကျော် ခါးပြတ်ခဲ့ရတာပါဘဲ။ ဝန်ထမ်းဘဝ အစကို ရေးရင်း မူလတန်းကျောင်းမှာ အင်္ဂလိပ်စာသင်ခဲ့ရတာဟာ တဘဝစာ ဖူလုံတယ်လို့ ပြောပြချင်တာပါ။ ဦးနေဝင်းက ဘယ်လိုမျိုးများရွှေဉာဏ်တော်စူးရောက်ပြီး အင်္ဂလိပ်စာကို မူလတန်းမှာမသင်ရတဲ့ဆိုတဲ့ အမိန့်ထုတ်ခဲ့တာပါလိမ့်လို့ လူပြိန်းတွေးတွေးမိပါတယ်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တွေကို မကြိုက်လို့ အမျိုးသားရေးစိတ်ဓါတ်နဲ့ လုပ်ခဲ့တာလားတော့မပြောတတ်ပါဘူး။ အဲဒီတုန်းက သူ့နားမှာ အကြံပေးတွေကောမရှိခဲ့ဘူးလား။ (သူ့သမီးကိုယ်တိုင်နိုင်ငံခြားပညာသင်သွားဖို့ အင်္ဂလိပ်စာ မအောင်တော့မှ သူမှားမှန်းသိတာလို့ နားစွန်နားဖျားကြားလိုက်မိသလိုပါဘဲ) ဘာသာခြားစကားဆိုတာ မူကြို၊ မူလတန်းကလေးအရွယ်ကသင်မှ အသံထွက်မှန်တာပါ။ ကြီးမှသင်ရင် ပြင်လို့မရတော့ပါဘူး။ အဖွားကလည်း ပြောဘူးတယ်၊ ကွမ်းမစားနဲ့တဲ့ လျှာထူရင် ဘိုလိုမပီတော့ဘူးတဲ့။ ၅ တန်းကနေ ၁၀ တန်း၊ တက္ကသိုလ်ဘွဲ့ရတဲ့အထိ ကျမ အင်္ဂလိပ်လို ပြောဖြစ်ခဲ့တာမှမဟုတ်တာဘဲလေ။ ရုပ်ရှင်ကြည့်တာ၊ အင်္ဂလိပ်သတင်းစာ ခေါင်းကြီးလောက်ဖတ်တာ၊ အဖေ့ရဲ့ Times နဲ့ Newsweek Magazine တွေ လှန်လှောဖတ်တာကလွဲလို့ အင်္ဂလိပ်စာကို သေသေချာချာ မလေ့လာခဲ့မိပါဘူး။

ကဲပါ၊ အင်္ဂလိပ်စာတတ်တတ်မတတ်တတ်၊ ကျမတယောက် ဝန်ကြီးဗိုလ်ချုပ်မြင့်မောင်လက်ထက် ၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို လက်ထောက်အရာရှိ/ သံအရာရှိအဖြစ်နဲ့ အလုပ်ဝင်ဖို့ သတင်းပို့ခဲ့ရပါတယ်။ ကမ္ဘာကြီးက ကျဉ်းလှပါတယ်။ ဝန်ကြီး အန်ကယ်မြင့်မောင်က မကွေး ခလရ ၂၁ မှာ တပ်ရင်းမှူး၊ အဖေက ဒု-တပ်ရင်းမှူးဆိုတော့ မိလုံးကို နှပ်ချေးတွဲလောင်းဘဝက သမီးလိုရင်းနှီးခဲ့တာဖြစ်ပါတယ်။ အခု ပြည်သူ့လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက အဲဒီအချိန်က ဝန်ကြီး ဦးမြင့်မောင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ်။ အဲဒီတုန်းက အုပ်ချုပ်ရေးနဲ့ ဝန်ထမ်းရေးရာဌာနက ဒု-ညွှန်မှူးဦးမြင့်စိုး (အခု Austrlia မှာပါ။ ၈၈ အရေးအခင်းကြောင့် ခိုလှုံခွင့်တောင်းခံခဲ့ရသူ) ဆီမှာ သတင်းပို့ရတာပါ။  


ကျမတို့ သံအရာရှိ
အားလုံး ၂၅ ယောက်အရွေးခံရတဲ့အနက် ဖေါင်ကြီးသင်တန်းမှာဆရာလုပ်နေတဲ့ ကိုလှမြင့်နဲ့ ကိုစိုးလှိုင်၊ Bonn မြို့ မြန်မာသံရုံးမှာ သံရုံစာရေးအဖြစ်တာဝန်ကျနေတဲ့ ကိုမြင့်စိုး (Victor) ကလွဲလို့ သတင်းပို့ပြီး ၃ ရက်အတွင်း ဖေါင်ကြီးက ပြည်သူ့ဝန်ထမ်းတက္ကသိုလ် အရာရှိသင်တန်း ဇေယျအပတ်စဉ် ၄၅ တက်ဖို့ ထွက်ခဲ့ရပါတယ်။ သားငယ်လေးက ၂ နှစ်ခွဲအရွယ်ပေါ့။ အမအကြီးဆုံး ဆရာဝန်မကြီးက ဇေယျ ၁၁ မှာ စံပြဆုရခဲ့ဘူးတာဆိုတော့၊ မိလုံးတို့ကလည်း တက်ကြွခဲ့တာပေါ့။ 


(ဒေါ်မြင့်မြင့်စိန်-နခဌ။ ဒေါ်မေမေသန်း-ကစလ အင်ဂျင်နီယာ နဲ့ အတူ)

အဖေကိုယ်တိုင်က စစ်တပ်တခုလုံးရဲ့ လေ့ကျင့်ရေးညွှန်ကြားရေးမှူးအဆင့်အထိ စစ်သင်တန်းကျောင်းတွေကို အုပ်ချုပ်ခဲ့သူဆိုတော့ သူများတွေအတွက် ဖေါင်ကြီးဟာ ပင်ပန်းတယ်၊ စည်းကမ်း တင်းကြပ်တယ်ဆိုပေမဲ့ ကျမအတွက်ကတော့ ပုံမှန်ပါဘဲ။ အဲဒီခေတ်က ဖေါင်ကြီးမှာ စစ်ရေးလေ့ကျင့်တဲ့ သင်တန်းက အာဠာဝက ဆိုတဲ့ နည်းပြကြီးရှိပါတယ်။ သူ့နံမည်အရင်းကို မသိကြဘဲ ဆူပူအော်ဟစ်ကြိမ်းမောင်းလွန်းလို့ အာဠာဝကရယ်လို့ သင်တန်းသားတွေက ကင်ပွန်းတပ်ခဲ့ကြတာပါ။ 


ကျမကတော့ စစ်သင်တန်းကျောင်းတွေမှာ ကြီးလာတာဆိုတော့ ဘာအခက်အခဲမှမရှိပါဘူး။ စာတွေကလည်း ပါတီသဘောတရားတွေ အရည်ကျိုသောက်ထားပြီးသားဆိုတော့ မခက်ပါဘူး။ ဖေါင်ကြီးတက်ခဲ့ရတဲ့ ၄ လ ကာလအတွင်းမှာ ငယ်သူငယ်ချင်းတချို့နဲ့ ပြန်ဆုံခွင့်ရခဲ့သလို မိတ်ဆွေအသစ်တွေလည်းတိုးခဲ့ပါတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ တက္ကသိုလ်ဆရာမတွေ၊ ဥပဒေနဲ့ တရားရေးဝန်ထမ်းတွေ၊ အလုပ်သမားအရာရှိတွေနဲ့ အနုပညာဦးစီးဌာနက အရာထမ်းတွေ အစရှိတဲ့ ညီအမတွေနဲ့ ခင်မင်သိကျွမ်းခဲ့ရတာ အမြတ်ပါဘဲ။ ဒီခောတ်စကားနဲ့ပြောရရင်တော့ Networking အတွက် အထောက်အကူဖြစ်ခဲ့တာပါ။ ကျမတို့ တပ်ခွဲ (၁) က ဖေါင်ကြီးရဲ့ နံမည်ကျော် အိမ်သတိရကန်နဲ့ ကပ်ရက်အဆောင်မှာပါ။ ကျမက ကံမကောင်းတဲ့ ကသအမှတ် ၁၃။ ကျမကုတင်ရဲ့ ဘေးတဘက် တချက်မှာ ကသ ၁၂ နဲ့ ၁၄ ဆရာဝန် ၂ ယောက်ပေါ့။ ကချင်တိုင်းရင်းသားဆရာဝန်ရဲ့ ဇနီး ချင်းတိုင်းရင်းသူ ဒေါက်တာ Cecilia နဲ့ ဒေါက်တာနုနုသာ (ရန်ကုန်ဆေးရုံအုပ်ကြီးအငြိမ်းစား-ဝန်ကြီးဦးစိုးသာညီမ၊ ဦးအောင်မင်းရဲ့ မရီး)။ ကျမက တကယ်တော့ အဖေပြောတဲ့ အဝှာကျရာပျော်တဲ့လောက်ပါဘဲ။ ဖေါင်ကြီးမှာလည်း ပင်ပန်းတဲ့ကြားက ရီစရာ ဟာသတွေပြောပြီး ပျော်ခဲ့တာပါ။ ကင်းစောင့်ရတာလည်းပျော်တာဘဲ။ အမှိုက်တွေနဲ့ ဆံပင်ချည်ကောက်ရတာလည်းပျော်ပျော်ဘဲ။ အမှတ်တွေလျော့လည်း လျော့ပစေ၊ လာကတည်းက ပါတဲ့အမှတ်မှမဟုတ်တာ။ 


ထမင်းမစားခင်မှာ သစ္စာဆိုရတာလည်းပျော်ပါတယ်။ ငါတို့သည် နိုင်ငံတော်က ကျွေးမွေးသော ထမင်းဟင်းလျာများကို စားသုံးရသည့်အတွက် နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည် လို့ ပျော်ပျော်ကြီး သံပြိုင်ရွတ်ခဲ့ရတာပါ။ တခါလေ ထမင်းတွေခိုးသယ်၊ ညဘက် အဆောင်မှာ အဝတ်လျှော်ဇလုံထဲ ရှိတာတွေထည့်ပြီး သုတ်စားခဲ့ကြပါသေးတယ်။ ပြည်တောင်စုနေ့နဲ့ တိုက်ဆိုင်လို့ ကပွဲမှာ ကျမက မြန်မာအမျိုးသားလုပ်ပြီး အလုပ်သမားအရာရှိသန်းသန်းနဲ့ စုံတွဲခုတ် သရုပ်ဖေါ်ခဲ့သေးတာ။

ဖေါင်ကြီးဆင်း ဖင်ကြီးစောင်းတော့ ရထားလက်မှတ်လိုရင် ဖေါင်ကြီးတက်ဖက် မီးရထားက အင်ဂျင်နီယာကိုဖုန်းဆက်၊ အလုပ်သမားကိစ္စပေါ်ရင် အလုပ်သမားအရာရှိကိုဆက်၊ ကျန်းမာရေးဆို ဆရာဝန်မကြီးတွေကို ဆက်ပေါ့။ Nerworking အလုပ်ဖြစ်ခဲ့ပါတယ်။
ဆက်ရန်ရှိပါသေးသည်…