Saturday, August 19, 2017

ကျမသိတဲ့ ဘဘဦးအောင်ရွှေ


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဘဘဦးအောင်ရွှေရဲ့ နာရေးမှာ  "ကျမတို့ဟာ ဒီမိုကရေစီလမ်း ဆုံးခန်း မတိုင်အောင် မရောက် သေးပါဘူး။ ဒီတချိန်လုံးမှာ ဘဘဦးအောင်ရွှေရဲ့ စိတ်ဓါတ်ဟာ ဒီမိုကရေစီ ရရှိရေး။ ဒီနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ အဖြစ်နဲ့ ရပ်တည်ရေး အတွက်ကို အမြဲပဲ မားမားမတ်မတ်  ရှိခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘဘဦးအောင်ရွှေကို ဂုဏ်ပြုတဲ့ အခါ  ပုဂ္ဂိုလ်တဦးအနေနဲ့ဂုဏ်ပြုတာဖြစ်ပါတယ်။ တပ်မတော်အရာရှိဟောင်းအနေနဲ့ ဂုဏ်ပြုတာဖြစ်ပါတယ်။ သံအမတ်ကြီးဟောင်းတဦးအနေနဲ့ဂုဏ်ပြုတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ရဲ့ဥက္ကဌဟောင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တဦးအနေနဲ့ ကျမဂုဏ်ပြုတာဖြစ်ပါတယ်။ အဲဒီလိုဂုဏ်ပြုတဲ့အခါမှာ တကယ့်ကိုဂုဏ်ပြုတဲ့နည်းကတော့ ရိုးရိုးလေးပါပဲ။ ကျမတို့အားလုံး စစ်မှန်တဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့ လုပ်ကြမယ်ဆိုတဲ့ သံဓိဌာန်နဲ့ဂုဏ်ပြုတာဟာ အကောင်းဆုံး ဂုဏ်ပြုတာဖြစ်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။" လို့ပြောရင်း လေးလေးစားစား ဂုဏ်ပြုလိုက်ပါတယ်။

တပ်မတော်အရာရှိဟောင်းတဦးအနေနဲ့ ကျမ မှတ်မိတဲ့ဘဘဦးအောင်ရွှေက၊ ၁၉၅၇ ခုနှစ်ဝန်းကျင်လောက်ကဆိုတော့ မြောက်ပိုင်းတိုင်း တိုင်မှူး ဗိုလ်မှူးကြီးဘဝဖြစ်မှာပါ။ အဲဒီတုံးခလရ (၂၁) တပ်ရင်းက မကွေးမှာအခြေစိုက်ပါတယ်။ မကွေးမတိုင်ခင်တုံးကတော့ ခလရ (၂၁) က ကယားပြည်နယ်လွိုင်ကော်မှာရှိခဲ့ပြီး၊ မကွေးကို တပ်ရင်းလိုက်ပြောင်းခဲ့တာလို့ လူကြီးတွေပြောတာမှတ်မိနေပါတယ်။ ကျမက ၁၉၅၄ မွေးတာဆိုတော့ ၃ နှစ်ကျော်ကျော်ဘဲရှိပါသေးတယ်။ အဖေက ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးက ဗိုလ်မှူးမြင့်မောင်။  အန်ကယ်မြင့်မောင်က တပ်ထဲမှာ Parade - ချီတက်ပြီး အလေးပြုခံတဲ့အခါ အလေးပြုခံစင်ကလေးပေါ်က Podium မိန့်ခွန်းပြောစင်လေးနောက်မှာ ခုံခုပေးရတယ်။ အန်ကယ်မြင့်မောင်က အရပ်ပုတယ်လေ။ ခုံခုပေးတိုင်း တပ်မှူးက ဘုကြည့်ကြည့်လေ့ရှိတယ်ဆိုဘဲ။ တပ်ရင်းမှူးက အေးပါ..ကျုပ်အတွက် ခုံခုပေးတဲ့လူတွေ တိုင်းမှူးလာမှတွေ့မယ်လို့ ကြိမ်းသတဲ့။ တိုင်းမှူးကြီး တပ်လာစစ်တော့မှ အားလုံးက တပ်ရင်းမှူးကြိမ်းတာကို သဘောပေါက်ကြတာတဲ့။ တပ်ရင်းမှူးကို ပုတယ်လို့ပြောကြတဲ့လူတွေက တပ်ရင်းမှူးထက်ပိုပုတဲ့ တိုင်းမှူးကြီးကိုတွေ့လိုက်ကြရတော့မှ၊ ပြုံးမိကြတာဆိုဘဲ။ ဘဘကိုမလေးမစားပြောတာ မဟုတ်ပါဘူး။ ဘဘအရပ်ပုတာကို ကလေးဘဝကတည်းက ကြားဘူးနေခဲ့တာကို ဖေါက်သည်ချတာပါ။ ဘဘနဲ့ အန်ကယ်မြင့်မောင်တို့က အိမ်မှာ အသွက်ဆုံး၊ အကဲဆုံးအဖြစ်မှတ်တမ်းတင်ခံရတဲ့ မလုံးကို ချစ်ကြပါတယ်။

၁၉၈၀ ပြည့် နှစ်ဆန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန (နခဌ) ကို ကျမ သံအရာရှိပေါက်စအနေနဲ့ ဝင်တဲ့အချိန်မှာ ဘဘက ပင်စင်ယူတာ ၅ နှစ်လောက်ရှိပြီဆိုတော့ သံအမတ်ကြီးတဦးအနေနဲ့ ဘဘကို ကိုယ်တိုင်မဆက်ဆံခဲ့ရပါဘူး။ ဒါပေမဲ့ ကွယ်လွန်သူယောက္ခမကြီး ဦးသိန်းမောင်ကလည်း ဘဘတို့နဲ့တခေတ်တည်း ဗြိတိန်မှာစစ်သံမှူး၊ တရုတ်၊ မွန်ဂိုလီယားနဲ့ ထိုင်းနိုင်ငံမှာ သံအမတ်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ရတော့၊ ဘာဘဲပြောပြော ဘဘရဲ့ သတင်းတွေနဲ့ အဆက်မပြတ်ခဲ့ဘူးလို့ပြောရမှာပါ။ နခဌ က ဘဘကိုသိမှီလိုက်တဲ့  လုပ်ဖေါ်ကိုင်ဖက်တွေပြန်ပြောချက်အရတော့ သဘောကောင်းတဲ့၊ ဒုက္ခမပေးတဲ့၊ နိုင်ငံ့ဂုဏ်ဆောင်၊ လူကြီးပီသသူတယောက်အဖြစ်မှတ်တမ်းတင်ကြတာကြားဘူးပါတယ်။ တချို့ သိပ်ဆိုးတဲ့ သံအမတ်ကြီးတွေ၊ ကပ်စေးနဲတဲ့သံအမတ်ကြီးတွေ၊ ကောက်ကျစ်တဲ့သူတွေ၊ ပြည့်သူ့ဘဏ္ဍာ အလွဲသုံးတဲ့လူတွေ၊ အိမ်အကူကိုနှိပ်စက်သူတွေ အမျိုးမျိုး၊ ဝန်ထမ်းတွေအပေါ်ကိုယ်ချင်းမစာသူတွေ စသဖြင့် ကိုယ့်သမိုင်းကိုယ်ရေးခဲ့ကြတဲ့ သံအမတ်ကြီးတွေလည်းရှိခဲ့ဘူးတယ်လို့ ကြားဘူးပါတယ်။ ကလောင်ရှင်အဝေးရောက်သံတမန်တဦးဖြစ်တဲ့ လုပ်ဖေါ်ကိုင်ဖက် ရခိုင်သားစိုက်စိုက် ဦးခင်မောင်ကြည်က ပိုသိပါတယ်။

ဘဘဦးအောင်ရွှေ NLD ဥက္ကဌတာဝန်ယူတဲ့အချိန် (၁၉၉၁-၉၂) နဝတ အစိုးရ အတွင်းရေးမှူး ၁ ဗိုလ်ခင်ညွန့်ရဲ့ လမ်းပြမြေပုံအရ အမျိုးသားညီလာခံကျင်းပတော့၊ အဲဒီညောင်နှစ်ပင်ညီလာခံတက်ရေး၊ မတက်ရေး ရတက်မအေးဖြစ်ခဲ့ကြပါတယ်။ အလွန်နေရာတကာလျှာရှည်တဲ့ သံပြုတ်ကျမနဲ့ ပြုတ်ဖေါ်ပြုတ်ဖက် သူငယ်ချင်းမာလာက ဘဘအိမ်အထိ သွားပြီး ငြင်းကြခုန်ကြလုပ်ခဲ့မိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို စစ်အစိုးရစိတ်ကြိုက်၊ သူတို့သက်ဆိုးရှည်အောင် ရေးဆွဲမယ့် ဒီအမျိုးသားညီလာခံကို NLD ကိုယ်စားလှယ်တွေ တက်ဖို့ ဘာဖြစ်လို့ဆုံးဖြတ်ရတာလဲ။ မတက်ဘဲ သပိတ်မှောက်ပါလား၊ ဘာညာစသဖြင့်၊ နိုင်ငံရေးရာ ဂဃနဏ မသိဘဲ၊ ဘဘကို စွာတေးလန် ငြင်းခုန်ခဲ့ဘူးပါတယ်။ ဘဘက အေးဆေးပါဘဲ။ မပါဘဲ ဘေးထွက်နေရင် သူတို့ဘာလုပ်သလဲ သေချာမသိနိုင်သလို၊ ကိုယ့်ဘက်ကလည်း ပြောခွင့်မသာ ဖြစ်မှာပေါ့တဲ့။ ဒါဟာ ဒီမိုကရေစီအခွင့်အရေးအတွက် ပြောချင်တာ၊ ဖြစ်စေချင်တာ၊ ထုတ်ဖေါ်ဖို့ အခွင့်အရေးတခုဘဲလို့ ရှင်းပြပါတယ်။ နောက်ပိုင်း အမျိုးသားညီလာခံ ဖြစ်စဉ်ကတော့ အများသိပြီးဖြစ်လို့ မရေးတော့ပါဘူး။ NLD ပါတီထဲ ကျမတို့ နခဌက သံပြုတ်တွေ ပါဝင်ဖို့သင့်မသင့်ကိုလည်း ဘဘက အဝေးကနေဘဲ ထောက်ခံပြီး လုပ်စရာရှိတာလုပ်ပါ။ လုပ်သင့်တာလုပ်ပါ။ ပါတီထဲဝင်ပြီး ဆွဲစေ့ခံရမှ ဘဘလည်းမကယ်နိုင်ဖြစ်မှာတဲ့။
ရန်ကုန်ရောက်တုံးကလည်း ဒုက္ခမပေးချင်တာနဲ့ သွားမကန်တော့ဖြစ်ပါဘူး။ အခု ဘဘဆုံးတော့ သတင်းတွေရေးရင်း..ကိုယ်သိတာလေးကို..အမှတ်တရ ရေးမိတာပါ။ ဒီနေ့ ဘဘ ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာလေးနဲ့ဘဲ..ဘဘကို ဂုဏ်ပြုကန်တော့လိုက်ပါရစေ။


"ဘဘဟာ ကိုယ်ကျိုးအတွက်လည်းမဟုတ်ဘူး။ နာမည်ရဖို့လည်းမဟုတ်ဘူး။ တာဝန်အသိစိတ်နဲ့ အသက်ကိုးဆယ်ကျော်တဲ့အထိ ကျမတို့အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းကျမတို့အဖွဲ့ချုပ်မှာ ဒီကနေ့အထိ ဒီမိုကရေစီလမ်းပေါ်လျှောက်ခဲ့တဲ့အခါမှာ ဘဘကနေပြီးတော့ ၉၀ ကျော်မှ ဘေးမှာထိုင်တာဖြစ်ပါတယ်။ ဘေးမှာထိုင်တယ်ဆိုပေမယ့် ကျမသတိပြုမိတာက ဘဘရဲ့စိတ်ဓာတ်ရော ဘဘရဲ့ဦးနှောက်ပါ လုံးဝကျဆင်းသွားတယ်ဆိုတာမရှိပါဘူး။ နောက်ဆုံးအကြိမ် ကျမဘဘနဲ့တွေ့တဲ့အခါကျတော့လည်း ဘဘအနေနဲ့ လူကလည်းကျမ်းမာတယ်၊ စိတ်ကလည်း ထက်ထက်မြက်မြက် ရှိပါတယ်။ ရှေ့နေတွေကိစ္စ ရှေ့အကြောင်းမေးတာမြန်းတာများ ကျမ အံ့အားသင့်တယ်။ အားလုံးသိတယ်။ နောက်ပြီး သုံးသပ်တဲ့နေရာမှာလည်း အင်မတန်မှ နိုင်ငံရေးအမြင် မမှေးမမှီန်ရှိတယ်ဆိုတာ ကျမ သတိပြုမိပါတယ်။ ဒီတော့ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီလိုခေါင်းဆောင်ကောင်းတစ်ယောက်ရခဲ့တာ အင်မတန်မှ ကံကောင်းပါတယ်။"

Wednesday, July 5, 2017

ကျမသိတဲ့ ဝါဝါဝင်းရွှေ



ခင်မင်လေးစားရတဲ့ကိုနေအုပ် (နေအုပ်-စိန်ပေါလ်) က ရုပ်ရှင်မင်းသမီးကြီးဝါဝါဝင်းရွှေရဲ့ ခင်ပွန်း ရုပ်ရှင်မင်းသားသန်းထွဋ်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ ဓါတ်ပုံ Facebook post တင်ထားတာတွေ့တော့ ကျမသိတဲ့ ဝါဝါဝင်းရွှေအကြောင်းလေး။ ရေးချင်တဲ့စိတ်ပေါက်လာပါတယ်။

ကျမတို့ခေတ်က နံမည်ကြီး ရုပ်ရှင်မင်းသမီးတွေထဲမှာ အကယ်ဒမီသုံးထပ်ကွမ်းဝါဝါဝင်းရွှေကို အကြိုက်ဆုံးပေါ့။ အမေက ရုပ်ရှင်ဆိုတာ စိတ်ချမ်းသာချင်လို့၊ ပျော်ချင်လို့ကြည့်ကြတာ၊ နင့် ဝါဝါဝင်းရွှေက တချိန်လုံး လွမ်းဆွေးပြီး၊ ငိုနေတာဘဲတဲ့။ တချို့ကဆို နင့်ဝါဝါဝင်းရွှေက ခင်သန်းနုလို ကိုယ်လုံးလည်းမလှဘူး၊ ပိန်ကပ်ကပ်နဲ့ ဖင်တုတပ်တယ်တဲ့။ အမေက ဟာသကားတွေကြိုက်တယ်။ ဖိုးပါကြီးအစ၊ ဒေါ်စိန်ခင်၊ ရွှေလုံး၊ သန်းနွဲ့၊ မြင့်ဖေ၊ ချစ်မောင်၊ သာဂေါင်နဲ့ သာဆန်းအဆုံး အမေ့ အသဲစွဲတွေပေါ့။ အမကြီးကတော့ ဘာရယ်မဟုတ် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဆိုတာ Entertainer ဖျော်ဖြေရေးသမားတွေဘဲတဲ့။ ဟန်ဆောင်ကောင်းတဲ့သူတွေ၊ သူကတော့ ဘယ်သူ့ကိုမှ Crazy မဖြစ်ဘူးတဲ့။ အမလတ်ကတော့ ခင်သန်းနုကြိုက်တယ်လေ။ ဝါဝါဝင်းရွှေပါတဲ့ ရုပ်ရှင်တွေအများကြီး ကြည့်ခဲ့ဘူးတဲ့ထဲမှာ၊ ကံ၊ အကယ်ဒမီရတဲ့ ချစ်သမီး၊ ချောင်းကိုပစ်၍မြစ်ကိုရှာ၊ မိန်းကလေးရှင်ရဲ့ဆန္ဒ၊ နောက်ကုလားကား Aradhana ကို မှီငြမ်းရိုက်ထားတဲ့ သီတာရေစင်စတဲ့ ရုပ်ရှင်တွေကို ရေးတေးတေးမှတ်မိနေပါသေးတယ်။ ရှေးခေတ်က ရတနာပုံဇာတ်ကားကိုပြန်ရိုက်တဲ့ကားလည်းရှိသေးတယ်။ (နှစ်ကိုယ်ကြင်တဲ့အကိုလင်ရဲ့ ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ၊ ထိုးပြီ၊ ထိုးပြီ ဆိုတဲ့သီချင်းပါတဲ့ရုပ်ရှင်) ၉ တန်းနှစ်တုံးက မေမြို့မှာ ဝါဝါဝင်းရွှေ ရုပ်ရှင်လာရိုက်တော့၊ ကိုယ်တိုင်သွားကြည့်ခွင့်မရတာနဲ့၊ သူငယ်ချင်းခင်နှင်းက ဝါဝါဝင်းရွှေ မကြိုက်ပေမဲ့၊ တိုးဝှေ့သွားကြည့်ပေးပြီး ဓါတ်ပုံကို အော်တိုဂရပ် လက်မှတ်ထိုးခိုင်းပြီးယူခဲ့ပေးတာ၊ မြန်မာဆန်ဆန် လက်ရှည်ရင်ဖုံး၊ ချိတ်ထမီလေးနဲ့၊ ဘီးဆံထုံးအသေးလေးမှာ ဆံမြိတ်အရှည်ချ၊ မတ်တတ်ပဲပေးနေတဲ့ပုံလေး။ ဝါဝါဝင်းရွှေက နဖူးလှတော့ ဆံပင်ပြောင်သိမ်းတင်ရင်ကြည့်ကောင်းတယ်လေ။ ဝါဝါဝင်းရွှေရဲ့ ဘိုနံမယ်က Alice Tun Shwe. သူ့ တူမ Dolly Win Shwe နဲ့ Shirley Win Shwe က Methodist (ဒဂုံ ၁) ကျောင်းမှာတုံးက မလုံးနဲ့ ၆ တန်းမှာ အတန်းတူဘူးတယ်။ ရန်ကုန်ဘားလမ်းမှာရှိခဲ့ဘူးတဲ့ အရင်ခေတ်က သီရိဂေဟာပရိဘောဂတိုက်ပိုင်ရှင်၊ ဦးဝင်းရွှေရဲ့ သမီးတွေပေါ့။

မလုံးတို့ ၁၉၇၂ ခုနှစ်က မေမြို့ကနေ ရန်ကုန်ပြောင်းကြတော့၊ အဖေ့အတွက်ပေးနေမယ့် ဦးဝိစာရလမ်း အိမ်နံပါတ် (၈၀) က အဆင်သင့်မဖြစ်သေးလို့ ဂေါ်ဒွင်လမ်း (အခုတော့မြို့မကျောင်းလမ်းခေါ်တယ်ထင်ပါရဲ့) ဘက်က ပြည်ထောင်စုရိပ်သာမှာ နေရပါတယ်။ တိုက် ၁၂ အခန်း D။ ၃ တန်းနှစ်တုံးကလည်း၊ ကလောကနေ ရန်ကုန်ပြောင်းလာတော့၊ ပြည်ထောင်စုရိပ်သာမှာဘဲနေခဲ့ဘူးတာ။ အဲဒီတုံးက 22-C မှာနေခဲ့ရတာ။ ဘေးကပ်ရက်အခန်းမှာ Marco Vauloc ဆိုတဲ့ ယူဂိုစလပ်ဘောလုံးနည်းပြ Coach မိသားစုနေကြတယ်။ (ဘောလုံးချန်ပီယံ ဗဟာဒူးတို့ခေတ်ကပေါ့) Mr. Vaoloc ရဲ့ သမီး Nenone နေးနုံ က တိုက်မှာရှိတဲ့ကလေးတွေအားလုံးနဲ့ ကစားဖေါ်ကစားဖက်ပေါ့။ နေးနုံက ကလေးတွေနဲ့ ကစားနေကျဆိုတော့ ဗမာစကားကို ဘိုသံဝဲဝဲနဲ့ပြောတတ်တယ်။ ညနေဘက်၊ ကြက်တောင်ရိုက်ရင်သူက မိလုံး..နို့စို့၊ နို့စို့..လို့အော်တော့၊ ဟဲ့..နို့စို့တဲ့အရွယ်မဟုတ်ဘူးဟဲ့လို့ပြန်အော်ဘူးတယ်။ သူက မိလုံး..နောက်ဆုတ်..လို့ပြောတာပါ၊ မပီလို့လေ။ (အားတော့မှ၊ နေးနုံရဲ့ အချစ်ဇတ်လမ်းရေးပါအုံးမယ်)

ပြည်ထောင်စုရိပ်သာတိုက်တွေရဲ့ အခန်းဖွဲ့စည်းပုံကကျယ်လည်းကျယ်၊ လေဝင်လေထွက်လည်းကောင်း၊ ဝရန်တာတွေကလည်း လမ်းလျှောက်လေ့ကျင့်ခန်းလုပ်လို့ရအောင်ကို ကျယ်ပါတယ်။ အိပ်ခန်းကနေထွက်တဲ့ ဝရန်တာကအလျားရှည်တယ်။ ဧည့်ခန်းကနေထွက်ရတဲ့ဝရန်တာကတော့ အလျားမရှည်ပေမဲ့ ကျယ်ပါတယ်။ ဝရန်တာသံပန်းမှာ အလယ်က ကဒေါင်းရုပ်၊ တချို့အိမ်တွေက ခြင်္သေ့ရုပ်။ နောက်ဖေး မီးဖိုချောင်ကနေ ဆင်းတဲ့လှေကားကသပ်သပ်။ သိပ်စံနစ်ကျတယ်။ တိုက်မှာရှိတဲ့အခန်း ၄ ခန်းအတွက် မြေညီထပ်မှာ ကားထားဖို့နေရာ၊ ပန်းအလှစိုက်ဖို့နေရာ၊ အိမ်အကူနေဖို့တန်းလျား၊  ခြံဝင်းကြီးကလည်းကျယ်၊ နေချင်စရာကောင်းအောင် ဆောက်ထားတဲ့တိုက်ခန်းကျယ်ကြီးတွေပါဘဲ။ နဝရတ်ရိပ်သာထက်တောင်ပိုကျယ်မယ်ထင်ပါတယ်။ အခုတော့ ပြည်ထောင်စုရိပ်သာဝင်းကြီးတခုလုံး ဖြိုထားတာတွေ့ခဲ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ပိုကောင်းတဲ့၊ ခေတ်မှီတဲ့၊ အသုံးဝင်မယ့်၊ တိုက်တာတွေ ဆောက်မှာမို့ထင်ပါရဲ့လို့ ဖြေတွေးတွေးလိုက်ပါတယ်။ ရန်ကုန်မြို့ကြီးရဲ့ နေရာအကွက်အကွင်းအကောင်းဆုံးနေရာလေ။ ရွှေတိဂံဘုရားခြေရင်းနဲ့ တပြဘဲဝေးတာ။ စိတ်ကူးတုံးကတော့ ဝါဝါဝင်းရွှေအကြောင်းရေးမယ်ပေါ့။ ခုတော့ပြည်ထောင်စုရိပ်သာအကြောင်း ဇာချဲ့နေမိပြန်ပါပြီ။ ပြည်ထောင်စုရိပ်သာလောက် စံနစ်ကျတဲ့၊ အဆင်ပြေတဲ့တိုက်ခန်း၊ ရန်ကုန်မှာမတွေ့ခဲ့မိပါဘူး။ မသိလို့လည်းဖြစ်ပါလိမ့်မယ်။ Condo တွေတော့ရှိမှာပါ။

ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်လာမယ့် ရုပ်ရှင်မင်းသားသန်းထွဋ်ရဲ့ ငယ်နံမည်က ကိုသန်းအောင်၊ ဟင်္သာတသား။ သူ့မိဘတွေဖြစ်တဲ့ အိမ်ကဆရာနဲ့ ဒေါ်တင်မြင့်။ အန်တီဒေါ်တင်မြင့်က သူ့ယောက်ကျား၊ တိမွေးကုဆရာဝန်ကို အိမ်ကဆရာလို့ဘဲခေါ်တော့ ရင်းနှီးတဲ့သူတွေကလည်း အိမ်ကဆရာလို့ဘဲနှုတ်ကျိုးခဲ့ကြတာ။ နံမည်ကတော့ ဦးဟန်ကြည်တဲ့၊ (မေ့နေလို့ပေသီးကိုလှမ်းမေးလိုက်တာ)။ မလုံး ၅တန်းနှစ်မှာ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ကနေ ဟင်္သာတကိုပြောင်းကြရတယ်။ အဲဒီခေတ်က ရန်ကုန်ကနေ ဟင်္သာတကို ရထားစီးရင်၊ သာရဝေါဘူတာအထိဘဲရောက်တာပါ။ သာရဝေါဘူတာမှာ အပေါဆုံးကတော့ ငှက်ပျောခြောက်ရောင်းတဲ့အသယ်တွေပေါ့။ ဟင်္သာတ၊ သာရဝေါစတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အပေါဆုံးက ငှက်ပျောသီးဘဲထင်ပါရဲ့။ ရောင်းမကုန်၊ စားမကုန်တော့အခြောက်လှမ်းပြီး ငှက်ပျောချောက်ရောင်းကြတာဖြစ်မှာ။ ရန်ကုန်သွားမယ့်ခရီးသည်တွေက လက်ဆောင်ပေးဖို့ ငှက်ပျောခြောက်တွေဝယ်ကြတယ်။ ကျမတို့လည်း ရခိုင်ငှက်ပျောသီးဆို မှည့်ရင်ဒီအတိုင်းလည်းကြိုက်၊ အခြောက်လှမ်းထားတာတွေလည်း ကြိုက်လို့စားခဲ့ဘူးတာပါဘဲ။ ဒါပေမဲ့ ငှက်ပျောသီးတွေကို မြစ်ကမ်းနဖူးမှာ၊ သောင်ပြင်မှာလှမ်းထားတာ ယင်ကောင်တွေတလောင်းလောင်းနဲ့ လှမ်းထားတာကို ပြန်လည်မြင်ယောင်မိပြန်တော့…။ သာရဝေါဘူတာကနေမှ ဧရာဝတီမြစ်ကမ်းနားကရေတစပ်စပ်နဲ့ သောင်ပြင်ဗွက်တောကိုဖြတ်၊ (နွေဆိုရင်တော့ ဖုန်းတထောင်းထောင်းနဲ့ပေါ့)။ မော်တော်ပေါ်တက်၊ တနာရီကျော်ကြာ ဧရာဝတီမြစ်ကူးပြီးမှ၊ ဟင်္သာတကိုရောက်တာလေ။ ကိုသန်းအောင်အမေ အန်တီဒေါ်တင်မြင့်က လှလှအေးနဲ့ လွင်လွင်အေးဆိုတဲ့ ဧရာဝတီဖြစ်ကူး မော်တော်ဘုတ် ၂ စီးထောင်ထားတယ်။ ဟင်္သာတမှာနေခဲ့တဲ့ကာလတလျှောက်  ဧရာဝတီမြစ်ဖြတ်ကူးတိုင်း အန်တီဒေါ်တင်မြင့်ရဲ့ မော်တော်ဘုတ်တွေစီးခဲ့ရတာ။ မော်တော်ပေါ်ရောက်ရင်၊ လေတဖြူးဖြူးနဲ့ ဘယ်အချိန်ဖြစ်ဖြစ်၊ ငါးပိချက်၊ တို့စရာအစုံနဲ့ ထမင်းစားကြတယ်။ ငါးဖတ်တွေ၊ ငြုတ်သီးစိမ်းတွေ၊ ကြက်သွန်ဖြူတွေနဲ့ ဖျော်ထားတဲ့ ငါးပိရေကို နံနံပင်နိုင်းချင်းအုပ်၊ အဲဒါကို ဟင်္သာတအခေါ် ငါးပိချက်တဲ့။ မော်တော်ပေါ်ကအလုပ်သမားတွေချက်တဲ့ ထမင်းဟင်းက သိပ်အရသာရှိ၊ စားလို့မြိန်၊ အင်း…အခုကြီးလာတော့၊ သူတို့သုံးတဲ့ရေက မြစ်ထဲကရေဘဲ။ ချက်တာပြုတ်တာလည်း အဲဒီရေနဲ့ဘဲဆိုတော့ကာ…ဆက်မတွေးတာဘဲကောင်းပါတယ်လေ။ ဟင်္သာတလမ်းမတော်လမ်းမှာ အန်တီဒေါ်တင်မြင့်ကအိမ်ဆိုင်သဘော၊ ငွေအုန်းပင်လို့ခေါ်တဲ့ အထည်ဆိုင်ဖွင့်ထားတယ်။ ကိုသန်းအောင်မှာ အကိုတယောက်ဘဲရှိတယ်။ ကိုတင်အောင်တဲ့။ အမေကချောချော၊ အဖေကခန့်ခန့်၊ ကိုသန်းအောင်ကအမေတူ၊ နဖူးနဲ့ ဆံပင်ကျတာလေးကအစ၊ အမေနဲ့ ချွတ်စွပ်၊ ကိုတင်အောင်က ဘဘအိမ်ကဆရာနဲ့တူတယ်။ သူတို့မိသားတစုလုံး အရပ်တွေကမိုးထိုး၊ ဒါ့ကြောင့် အထည်ဆိုင်ကို ငွေအုန်းပင်လို့ပေးတာလားဟင်လို့ စပ်စုခဲ့ဘူးပါတယ်။

ကိုတင်အောင်နဲ့ ကိုသန်းအောင်တို့ ရန်ကုန်တက္ကသိုလ်တက်တော့၊ ကမာရွတ်က ဦးထွန်းလင်းခြံလမ်းမှာ အိမ်ငှားနေကြတယ်။ ကျမ ၆ တန်းတက်တော့ ရန်ကုန်ပြောင်းရပြန်ပါတယ်။ ကိုသန်းအောင်တို့ညီအကိုလည်း ရန်ကုန်တက္ကသိုလ်တက်နေကြရတာဆိုတော့ မိသားစုမိတ်ဆွေတွေ အဆက်အသွယ်မပြတ်ကြပါဘူး။ မောင်နှမအရင်းမရှိ၊ အမငတ်နေတဲ့ တကောင်ကြွက်အမေကလည်း အန်တီဒေါ်တင်မြင့်ကို သူ့ရဲ့ စစ်အတွင်းကဆုံးသွားတဲ့အမနဲ့ နံမည်တူမို့ ချစ်ချစ်ခင်ခင်ရှိလှတယ်။ မသိတဲ့လူတွေက အမျိုးအရင်းတွေလို့တောင်ထင်ကြတယ်လေ။ ၇ တန်းနှစ် ရန်ကုန်ကနေ လားရှိုးပြောင်းရတော့လည်း၊  အန်တီဒေါ်တင်မြင့်ကလာရှိုးအထိတောင်လာလည်ပါသေးတယ်။  လားရှိုးကနေမေမြို့ပြောင်းတော့လည်း လာလည်ကြပါတယ်။ ရန်ကုန်တက္ကသိုလ်တက်ရင်း ရုပ်ရှင်မင်းသားသန်းထွဋ်ဖြစ်လာတဲ့ ကိုသန်းအောင်က အဲဒီတုံးက ရုပ်ရှင်မင်းသမီးတင်တင်နွဲ့ကို ကြိုက်ပြီး ကြိတ်ပိုးပိုးနေတာပေါ့။ တင်တင်နွဲ့နဲ့ ရုပ်ရှင်ရိုက်ဖို့ မေမြို့လာတော့ အိမ်ကိုတောင်ခေါ်လာပြီး မိတ်ဆက်ပေးဘူးတယ်။ တင်တင်နွဲ့က အေးဆေးတယ်။ တည်ငြိမ်တယ်၊ နူးညံ့သိမ်မွေ့တယ်။ အဲဒီတုံးက အိမ်ထောင်မကျသေးဘူး။ နောက်တော့ တရားသူကြီးတယောက်နဲ့ အိမ်ထောင်ကျသွားတယ်လို့ ကြားမိပါတယ်။ ကိုသန်းအောင်ကတော့ ရုပ်ရှင်လောကမှာ အောင်မြင်လှတယ်မဟုတ်ပေမဲ့ ရုပ်ရှင်မင်းသားသန်းထွဋ်ရယ်လို့တော့ လူသိများပါတယ်။ သူပါတဲ့ ရုပ်ရှင်တွေမမှတ်မိတော့ပေမဲ့ ဇတ်ကားတကားမှာတော့ စစ်ဗိုလ်အဖြစ်သရုပ်ဆောင်တာ မှတ်မိသလိုပါဘဲ။ သူတို့ညီအကို ၂ ယောက်စလုံး တယောက်တမျိုးစီ ချောကြပါတယ်။ မျက်နှာတွေကလည်းချို၊ အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်း။ မွန်ရည်ကြတယ်။

ဝါဝါဝင်းရွှေနဲ့ ကိုသန်းအောင် ဘယ်လိုဆုံခဲ့ကြသလဲဆိုတာကို သေချာမသိပေမယ့်၊ ဝါဝါဝင်းရွှေရဲ့ အမေလား၊ အဖေလား ဆုံးတုံးက ဝိုင်းကူဖေးမရင်း ကြိုက်သွားကြတယ်လို့ဘဲ၊ အကြမ်းဖျဉ်းသိပါတယ်။ ကျမတို့ကလေးဘဝမှာ ရေပန်းစားခဲ့တဲ့ “ဝင်းဦးနဲ့ ဝါဝါ လမ်းလျှောက်လို့လာ၊ ဝါဝါကစိတ်ဆိုး၊ ဝင်းဦးထိပ်ကိုထိုး၊ ဝင်းဦးကြီးကမခံနိုင်၊ ရဲမင်းကြီးကိုတိုင်၊ ရဲမင်းကြီးကဆလံပေး၊ ဝင်းဦးဖင်လှန်ပြေး။” နောက်..”မယ်သီလရှင်သေးပေါက်ချင်၊ နန်းတော်အောက်ကိုဝင်၊ နန်းတော်အောက်က တစ္ဆေခြောက်၊ ဝင်းဦးနှုတ်ခမ်းမွှေးပေါက်။” စတဲ့သံပေါက်တွေကို အာဖြဲအော်ခဲ့ကြတာ၊ ပျော်စရာကြီးပါ။ ဘယ်သူက စပ်လို့၊ ဘယ်လို အလွတ်ရခဲ့တာလည်းတော့ မသိပါဘူး။ အဲဒီဟာသတွေနဲ့ ကြီးလာခဲ့ ကျမက ဝါဝါဝင်းရွှေဆိုရင် ဝင်းဦးနဲ့ဘဲ သဘောတူတာ။ ဝင်းဦးကို သူများတွေက မိန်းမ ၆ လ၊ ယောက်ကျား ၆ လ လို့လည်းပြောကြတယ်။ အခြောက်ကြီးလို့လည်းပြောကြတယ်။ ဘာဘဲပြောပြော၊ ဝါဝါဝင်းရွှေဆို ဝင်းဦးနဲ့မှ ရှေ့သွားနောက်လိုက်ညီတာလေ။

ကျမ တက္ကသိုလ်ဒုတိယနှစ်မှာ မေမြို့ကနေ ရန်ကုန်ပြောင်းရတော့၊ အစပိုင်းမှာရေးထားတဲ့အတိုင်း ပြည်ထောင်စုရိပ်သာမှ ခဏနေကြရပါတယ်။ ကျမနဲ့ အမလတ်မကြည်ကအတူတူ၊ တခန်းတည်းနေကြရတယ်။ ရာသီဥတုသာသာယာယာရှိလှတဲ့တနေ့ ကျောင်းကပြန်လာတော့၊ အမေက နင်တို့အခန်းထဲမဝင်ကြနဲ့နော်၊ ဧည့်သည်ရောက်လို့ နင်တို့အခန်းထဲမှာ နားခိုင်းထားရတယ်တဲ့။ အမေကလည်း ဘယ်ကဧည့်သည်မို့လို့လဲဆိုတော့၊ ဘာမှမပြောဘူး။ မလုံးဘဲ၊ ဘယ်ရမလဲ၊ အခန်းတံခါးခေါက်လိုက်တာပေါ့။ အမေလည်းတားချိန်မရလိုက်။ တံခါးဖွင့်လိုက်တော့..လားလား..ကိုသန်းအောင်..မျက်နှာမှာလည်း..ပါးနီတွေ၊ နှုတ်ခမ်းနီတွေ..ဟိုတကွက်ဒီတကွက်နဲ့။ အမလေးတော်..သူများအခန်းကို ပိုင်စိုးပိုင်နင်း..ဘာလာလုပ်တာလဲလို့ ရန်တွေ့မလို့ပြင်နေတုံး၊ ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဝါဝါဝင်းရွှေကို တွေ့လိုက်ရတဲ့ချိန်မှာ..အသက်ရှူရပ်သွားမတတ်ပါဘဲ။ ဘုရား၊ ဘုရား..အိမ်မက်မက်နေတာလားပေါ့။ ကိုသန်းအောင်က ဝါဝါဝင်းရွှေကို ပုသိမ်ဦးပါအိမ်မှာ ရုပ်ရှင်ရိုက် Shooting ကနေ နားနေတုံး၊ သူ့ရဲ့ လိပ်ခုံးကားလေးပေါ်တင်ပြီး ခိုးပြေးလာတာတဲ့။ နံမည်ကြီး ရုပ်ရှင်မင်းသမီးကို ဟိုတယ်တို့၊ နယ်အဝေးတို့ ခိုးပြေးဖို့ ဘယ်လွယ်ပါ့မလဲ၊ အဲဒီတုံးက အဖေက စစ်ရုံးမှာ G-1 စစ်ဦးစီးအရာရှိ။ စစ်တပ်က အရာရှိအိမ်ဆိုတော့ အပြင်လူတွေမသိနိုင်ဘူးပေါ့။ လျှို့ဝှက်ထားလို့ရတယ်၊ လုံခြုံတယ်လေ။ ရန်ကုန်တိုင်းတိုင်းမှူးက ဗိုလ်မှူးကြီးစိန်မြ၊ ဝါဝါဝင်းရွှေရဲ့ နံမည်ကြီး သဲသဲလှုပ် အဒေါ်အန်တီယဉ်က တိုင်းမှူးကို တူမပျောက်တိုင်နိုင်တယ်လေ။ ကိုသန်းအောင်နဲ့ မဝါက အန်တီယဉ်တို့မသိအောင် ခိုးပြေးကြတော့၊ ပြဿနာမတက်အောင်၊ လက်ဝတ်လက်စားတွေ အားလုံးချွတ်ထားခဲ့တာတဲ့။ အဖေက အရွယ်ရောက်ပြီး၊ အပျို၊ လူပျိုလူလွတ်တွေဘဲ၊ နှစ်ဦးသဘောတူ တရားဝင်လက်ထပ်ကြရမယ်ဆိုပြီး၊ လက်မှတ်ထိုးဖို့ ရန်ကုန်တိုင်းတရားသူကြီးနဲ့ ချက်ချင်းစီစဉ်ပေးလိုက်တယ်။ အိမ်မှာဘဲ လက်မှတ်ထိုးပြီး အကြင်လင်မယားမြောက်ပြီဆိုတော့ အင်းယားလိပ်ဟိုတယ်ကို ရွှေ့ပေးလိုက်ပါတယ်။ သူတို့ ၂ ယောက်အင်းယားလိပ်ရောက်တော့၊ ဇတ်လမ်းကရှည်သေးတာ။ မဝါကို အသဲစွဲကြိုက်တဲ့ Lesbian က သေနတ်စွဲပြီး လိုက်ရန်လုပ်ဖို့ကြိုးစားတယ်ဆိုလား၊ ကိုသန်းအောင်ကို သတ်ဖို့ လူငှားတယ်ဆိုလားဘဲ ခပ်သဲ့သဲ့ ကြားမိပါတယ်။

ကိုသန်းအောင်နဲ့ ဝါဝါဝင်းရွှေ၊ အင်းယားလိပ်ဟိုတယ်မှာ မင်္ဂလာဆောင်တော့၊ အမေနဲ့ ကျမလိုက်သွားဖြစ်ပါတယ်။ ရုပ်ရှင်လောကသားတွေ၊ တော်တော်များများ လာအားပေးကြပါတယ်။ လာတဲ့ဧည့်သည်တွေကို ပစ္စည်းမျိုးစုံမဲဖေါက်ပြီး လက်ဆောင်ပြန်ပေးတာ၊ အမေက စားပွဲတင်ပန်ကာတလုံးပေါက်တယ်။ မဝါ၊ သားကြီး ဝင်းထွဋ်ဝင်း၊ အငယ်လေး၊ ရှဥ့်ဝါလေးမွေးတဲ့အထိ အမေက မဝါကို မုန့်ဟင်းခါးချက်ကျွေးနေတုံးဘဲ။ အမလတ် မကြည် သုဝဏအိမ်မှာ မင်္ဂလာဆောင်တော့ မဝါလည်းလာပြီး ချီးမြှင့်ပါတယ်။


လွန်ခဲ့တဲ့ ၂ နှစ်က ရန်ကုန်ပြန်ရောက်တုံးက ကိုသန်းအောင်နဲ့ မဝါ Wheel Chair ကိုယ်စီနဲ့ လေဆိပ်မှာ၊ ဘန်ကောက်ဆေးစစ်သွားကြမလို့တဲ့ တွေ့လိုက်ရပါသေးတယ်။ မှတ်မိလားလို့ သွားနှုတ်ဆက်တော့ ..မလုံးရယ်ဆိုပြီး..ဝမ်းသာ၊ ဝမ်းနည်းပွေ့ဖက်ပါတော့တယ်…

Wednesday, February 22, 2017

ရေဆန်လမ်း...










မမဝင်း (ဒေါ်ခင်ခင်ဝင်း) ရေးတဲ့ “ရေဆန်လမ်းမှ၊ အိမ်အပြန်” စာအုပ်ကို ဖတ်ရတော့၊ မမဝင်းဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံမှတ်တမ်း “Memoir” လို့ဘဲ ကင်ပွန်းတပ်ပါရစေ။
“တက်မပါ၊ ရွက်မပါ၊ လက်ဗလာနဲ့
ကြမ်းတမ်းတဲ့ ရေဆန်ခရီးက
အိမ်အပြန်လမ်းလို့၊ ဆိုပေမဲ့
နာသုံးနာနဲ့ နဘမ်းဆက်လုံးရင်း
ကြယ်စင်ကောင်းကင်၊ နေ့ရင်ခွင်၊ အခမဲ့ကျောင်းအတွက်၊
နောက်ခရီးကြမ်းတခုကို ဆက်လှမ်းနေပြန်ပါပြီ။”
ရယ်..လို့ဘဲ..ကောက်ချက်ချမိပါတယ် မမဝင်းရေ။
ဘေးကနေကြည့်ပြီး ကိုယ်မလုပ်နိုင်တာကို မမဝင်းလုပ်နိုင်တဲ့အတွက် အားပေးရမယ့်အစား၊ မမဝင်း ပင်ပန်းလှတယ်လို့ ကရုဏာဒေါသောနဲ့ အကုသိုလ်ပွားမိတာပါ။ ကျန်းမာရေးအတွက် အေးအေးဆေးဆေး၊ နားနားနေနေ၊ နေစေချင်တဲ့စေတနာနဲ့ပါ။ 

မမဝင်းပြောသလိုပါဘဲ၊ ရာစုနှစ်ဝက် စစ်အာဏာရှင်အဆက်ဆက်အောက်ကနေ၊ ရုန်းထွက်ရင်း၊ ခေတ်ပြောင်းအောင်၊ အုတ်တချပ်၊ သဲတပွင့်အဖြစ်ပါဝင်ခဲ့ကြသူတွေရဲ့ အဖိနှိပ်ခံဘဝ၊ ရေဆန်ခရီးကို ရောင်ပြန်ဟပ်တဲ့အထဲမှာ၊ တဒေါင့်တနေရာကနေ၊ လူမသိသူမသိ ပါဝင်ခဲ့ကြသူတွေ ဒုနဲ့ဒေးပါ။ တောင်အာဖရိကနိုင်ငံမှာ ၁၉၉၄ ခုနှစ်က လူထုခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလားလွတ်မြောက်ခဲ့ပြီးနောက်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဦးဆောင်တဲ့ Truth and Reconciliation Commission ဆိုပြီး၊ အာဃာတတွေကို ပြည်ဖုံးကားချတဲ့ အမှန်တရားဖေါ်ထုတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် ဆိုတဲ့ ချစ်စရာကောင်းတဲ့အစီအစဉ်လေးရှိခဲ့ဘူးတယ်။ အဖိနှိပ်ခံခဲ့ရသူတွေကရော၊ ဖိနှိပ်ခဲ့တဲ့သူတွေဘက်ကပါ၊ မျက်မြင်သက်သေ၊ အထောက်အထားတွေနဲ့ တကွ လူသိရှင်ကြား၊ ရင်ဖွင့်ခဲ့ကြပြီး သင်ပုံးချေခဲ့ကြတာပေါ့။ အင်္ဂလိပ်လိုတော့ Closure လို့ပြောကြပါတယ်။ မြန်မာပြည်မှာ ဒီလိုကော်မရှင်ဖွဲ့ခဲ့မယ်ဆိုရင်၊ ကိုယ်တိုင်လည်း ဝင်ပြီးရင်ဖွင့်လိုက်ချင်ပါရဲ့။
 
လူထုခေါင်းဆောင်က ရှေ့ဆက်မယ့်ခရီး မဖင့်ရအောင်၊ နောက်ကြောင်းပြန်မလှည့်ဘူး၊ အာဃာတတွေမထားဘူးဆိုပေမဲ့၊ ဘဝပျက်အောင်ခံစားခဲ့ကြတဲ့၊ သာမန်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးကြမှာလဲ။ ခေါင်းဆောင်ကတော့ လောကဓံ ၈ ပါးကိုခံနိုင်တယ်ဆိုပေမဲ့၊ ပုထုဇဉ်သာမန်ပြည်သူတွေရဲ့ ဒဏ်ရာတွေက မသေးပါဘူး။ တွေးမိတိုင်း နာကျင်နေကြဆဲဆိုတာကတော့၊ ယုံးမှာသံသယဖြစ်စရာမရှိပါဘူး။ သေကွဲ..ကွဲ၊ ရှင်ကွဲ..ကွဲ၊ စီးပွားပျက်၊ အပြစ်မရှိအပြစ်ရှာ၊ ပုဒ်မအမျိုးမျိုးတပ်လို့ နှစ်ရှည်ထောင်ကျ၊ နှစ်စေ့တော့၊ ထောင်ဒဏ်ထပ်တိုး၊ မျက်နှာလိုမျက်နှာရ၊ အထက်ဖားအောက်ဖိ၊ အရာထမ်းတွေ၊ ငွေများငွေနိုင်အမှုစီရင်တဲ့ တရားသူကြီးတွေ၊ လောင်းကစားဒိုင်ဖွင့်ဖွင့်၊ ဖာခန်းထောင်ချင်ထောင်၊ ဘိန်းကုန်ကူးချင်ကူး၊ နိုင်ငံရေးတော့မလုပ်နဲ့၊ မော်စကိုရောက်သွားမယ်ဆိုတဲ့ ခေတ်ကို ဖြတ်သန်းခဲ့ကြတဲ့သူတွေရင်ထဲက ဒဏ်ရာတွေ ကုစားပေးဖို့ တကယ်စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး ကို မျှော်လင့်စောင့်စားရင်း..သေချာတာ ကတော့..ထိန်ပင်လား၊ ရေဝေးလား...

မမဝင်းတို့မိသားစု ခံစားခဲ့ရတဲ့အဖြစ်မျိုး ထပ်တူမဟုတ်တောင်၊ တစုံတခုသော အတိုင်းအတာတခုအထိ၊ နာကျင်စွာခံစားခဲ့ကြရတဲ့ NLD ပါတီဝင်တွေ၊ ပါတီဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ၊ ပါတီဆိုင်းဘုတ်ထောင်လို့ အကျပ်ကိုင်ခံခဲ့ရတဲ့ အိမ်ရှင်တွေ၊ ညစ်နည်းမျိုးစုံကို ခါးသီးစွာ၊ ကိုယ်တွေ့ခံစားကြရသူတွေအားလုံးရဲ့ တကယ့်အိမ်ပြန်ချိန် ရေဆန်ခရီးက ဒီနေ့ထိမဆုံးသေးပါဘူး။ 

အဖိနှိပ်ခံ NLD ပါတီဝင်တွေထဲမှာ ကိုယ့်အဖေကိုယ်တိုင်လည်း အသက် ၉၀ အရွယ် မသေခင်အထိ ခံခဲ့ရတာပါဘဲ။ မမဝင်းရေးတဲ့ထဲက မျိုးချစ်ရဲဘော်ဟောင်း ဘောင်းဘီချွတ်တွေထဲက တယောက်ပေါ့။ အမေကတော့ အဖေတို့ကို မျိုးကြောက်တွေတဲ့။ သားသမီးတွေ၊ မြေးမြစ်တွေ အဖိုးခံခဲ့ရတဲ့အဖြစ်တွေ၊ မသိလိုက်မှာစိုးလို့ အဖေကြုံခဲ့ရတဲ့ ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှုတွေကို မှတ်တမ်းအဖြစ် ရေးပြချင်တာပါ။ ဘောင်းဘီချွတ်တွေကို စစ်အစိုးရက သပ်လျှိုခိုင်းတယ်လို့ အာမနာပပြောဆိုတာ သိရတော့၊ မပြုံးဘဲနဲ့ ဝါးလုံးကွဲအောင်ရယ်လိုက်ချင်ပါတော့တယ်။ အဖေက စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ (၁၉၆၈-၇၂)၊ တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူး (Director of Military Training)၊ (၁၉၇၂-၇၄)၊ ပြည်သူ့တရားသူကြီးအဖွဲ့ဝင် - ပထမအကြိမ်ပြည်သူ့လွတ်တော်သက်တမ်း (၁၉၇၄-၇၇)။ ဘောင်းဘီချွတ်တွေထဲမှာတော့ ဆရာကြီးပေါ့။ ဒီထက်ဆရာကြီးကျတာက၊ အဲဒီတုန်းက ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်သင်တန်းဆင်းဆင်းချင်း၊ လွိုင်လင် ခလရ (၁၈) အဖေမှာ အဖေတပ်ရင်မှူးဖြစ်တော့ PSO လေ။ အဲဒီအချိန်က တောင်ကြီးမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်တာ။ တိုင်းမှူးက ဗိုလ်မှူးကြီးတင့်ဆွေ၊ တိုင်းမှူးကြီးက အဖေ့ကို စည်းကမ်းကောင်းတဲ့ PSO ရှာခိုင်းတော့ အဖေက အသစ်ချပ်ချွတ်၊ သေသပ်လှတဲ့ သူ့ PSO ဗိုလ်ခင်ညွန့်ကို ပို့ပေးလိုက်ရာက၊ သားသမီးမရှိတဲ့ တိုင်းမှူးကြီးက သားတယောက်လို မွေးစားတဲ့အထိ အားကိုးခဲ့ရတာပါ။ 
 
ဂျပန်ခေတ်စစ်တက္ကသိုလ်၊ တတိယပတ်ဗိုလ်သင်တန်းမှာ တပ်ခွဲမှူးဆရာဖြစ်ခဲ့တဲ့ ရိုးသားတဲ့ အဖေ့ကို လက်ရှိ NLD နာယကကြီးဘဘဦးတင်ဦး ဗိုလ်လောင်းဘဝကတည်းက လေးစားခဲ့တာ၊ ဒီနေ့အထိ မလုံးကိုတွေ့တိုင်း တဖွဖွပြောမဆုံးပေါင် တောသုံးတောင်ပါဘဲ။အဖေဆုံးတော့ သုဝဏ္ဏအိမ်မှာ အမေ့ကိုသတင်းမေးရင်း ဘဘက ကန်တော့ခဲ့ပါသေးတယ်။

ဒေါက်တာမောင်မောင်ရေးတဲ့ သားမောင်စစ်သည်သို့ စာအုပ်မှာ ဒေါက်တာမောင်မောင်က သူ့ဆရာ မလုံးအဖေအကြောင်း ချီးကျူးထားပါတယ်။ ကိုယ့်အဖေဆရာကြီးဖြစ်တာကို ကြွားလုံးထုတ်နေတာ မဟုတ်ရပါဘူး။ အဖေ့လို လူရိုး၊ လူအေး၊ လူကြီးတယောက်ကိုတောင် မညှာမတာ နှိပ်စက်တဲ့ ထောက်လှမ်းရေးတွေအကြောင်း ပြောပြချင်လွန်းလို့ပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခဲ့လို့ အဖေ့လို လူကိုတောင်ဒီလောက်နှိပ်စက်ခဲ့ရင်၊ သာမန် NLD ပါတီဝင်တွေဆို ပြောဖွယ်ရာမရှိပေါ့။ 

၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံမှာ တပ်မှူးဟောင်းများအဖွဲ့မှာ အဖေပါဝင်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲကျတော့ NLD ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖို့ တာဝန်ပေးခံရပါတယ်။ အဖေက သုဝဏ္ဏမှာနေတော့၊ သင်္ဃန်းကျွန်းကနေဘဲ ဝင်အရွေးခံဖို့ အများကပြောကြပေမဲ့ ရခိုင်ဖြစ်တဲ့အဖေက သူ့ဇာတိပုဏ္ဏားကျွန်းမြို့နယ်ကနေဘဲ ပြိုင်မယ်လို့ အမျိုးချစ်စွာဆုံးဖြတ်ခဲ့တာ။ အဖေ NLD ထဲစဝင်ကတည်းက၊ တပ်ထဲက သား ၂ ယောက် အလိုအလျောက်ညောင်းပေါ့။ စစ်ရုံးထဲဝင်ခွင့်ပိတ်၊ လေတပ်က လေယာဉ်မောင်းတဲ့သား တပ်ထဲကအထုတ်ခံရ၊ ကြည်းတပ်က ဗိုလ်မှူးကို နယ်ဘက်ရွှေ့၊ သစ်လုပ်ငန်းကို အကိုပြောင်းရတော့ အဖေက အော်.သားလေးက ခိုးစရာသစ်တွေကုန်မှ သစ်လုပ်ငန်းကိုရောက်တာပေါ့ကွာ လို့ နောက်ခဲ့တာမှတ်မိနေပါသေးတယ်။ 

မလုံးကတော့ ၈၈ အရေးတော်ပုံမှာ တက်ကြွစွာလှုပ်ရှားမှုနဲ့ အသက် ၃၄ နှစ်နဲ့ ၁၉၈၈ အောက်တိုဘာလကတည်းက အငြိမ်းစားပေးခံခဲ့ရပြီးသားပါ။  ၉၀ ရွေးကောက်ပွဲအတွက် အဖေ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဘဘဦးတင်ဦးရော၊ ဘဘရဲ့ ဇနီးဒေါက်တာတင်မိုးဝေပါ လိုက်ခဲ့ကြပါတယ်။ လူရွှင်တော်ပိန်ပိန် လည်းပါတယ်တဲ့။

အဲဒီတုံးက အမအကြီးဆုံး ဆရာဝန်မကြီးက ဇီးကုန်းမှာတာဝန်ကျနေတာပါ။ ခဲအိုက မြို့နယ်ဆရာဝန်ကြီးပေါ့။ တူမတွေ မှတ်မိသလောက်ပြောရတာကိုဖေါက်သည်ချ ရရင်..အဖေတို့မဲဆွယ် စည်းရုံးခရီးက ရန်ကုန်ကနေ ရခိုင်ရိုးမကိုအသွား ဇီးကုန်းမှာခရီးတထောက်နားကြတော့၊ ဇီးကုန်း NLD ပါတီဝင်တွေကို နှုတ်ဆက်ကြတယ်တဲ့။ အဖေက ဇီးကုန်းရောက်တုံး သမီးနဲ့ မြေးတွေကို စတိသဘောလေးတော့ နှုတ်ဆက်ချင်တာနဲ့ NLD ရုံးကနေ ဆေးရုံဝင်းဘက်လျှောက်ခဲ့တယ်တဲ့။ အဖိုးလာတာတွေ့တော့ မြေးတွေကလည်းပျော်ပြီး၊ တာဝန်ကျနေတဲ့ သူတို့အမေကို ဖိုးဖိုးလာတယ်ဆိုပြီး အကြောင်းကြားလိုက်ကြတာပေါ့။ အမကြီးကလည်း အဖေလာတော့ ဝမ်းသာပြီး ထမင်းကျွေးချင်တယ်လေ။ အဖေက မတ်တပ်ဘဲ မစားတော့ဘူး၊ နှုတ်ဆက်တယ်ဆိုရုံဘဲဆိုလို့ အမက အဖေလမ်းမှာစားဖို့ ငှက်ပျောသီးတဖီးပေးလိုက်တယ်တဲ့။ မြေးအကြီးမက ငှက်ပျောဖီးဆွဲပြီး အဖိုးကို ဇီးကုန်း NLD ရုံးကိုပြန်ပို့ပေးခဲ့တယ်တဲ့။

အဖေတို့ ဇီးကုန်းကနေ ရခိုင်ကို ခရီးဆက်ထွက်တော့မှ ဇတ်လမ်းက စ တော့တာပါဘဲ။ ဇီးကုန်းမြို့က မဟာထောက်လှမ်းရေး၊ စုံထောက် (စကားလိမ်နဲ့ဖတ်ပါ) တွေရဲ့ ဂွင်ပေါ့။ အမတို့ ဒေါက်တာဇနီးမောင်နှံ၊ ကောင်းကောင်းအနှံခံရတော့တာပါဘဲ။ ခေတ်ကိုက အစိုးရဝန်ထမ်းတွေနိုင်ငံရေးနဲ့ ပတ်သက်ရင် အရေးယူခံရမယ့်ခေတ်လေ။ မမဝင်းက နိုင်ငံရေးလုပ်နေတော့ ခင်ပွန်းသည်ကို တရားရုံးမှာ တရားဝင်ကွာရှင်းခဲ့ရတာကို ရင်နာနာဖတ်ရတော့ မျက်ရည်စို့ရင်း၊ အဖေ့ရဲ့ ဝန်ထမ်းသားသမီးတွေက အဖေ NLD အမတ်လောင်းကို အမွေဖြတ်စွန့်လွှတ်ကြရတော့မလို ဖြစ်ခဲ့ရတော့သလိုပေါ့။ အဲ့ ဇီးကုန်းက စုံထောက်တွေက အဖေနဲ့ တွေ့တောင် ခဏတဖြုတ်မတွေ့လိုက်ရတဲ့ ခဲအိုကြီးကို စစ်ဆေးတယ်တဲ့။ ခင်ဗျားက ယောက္ခမနိုင်ငံရေးလုပ်တာ မသိဘူးလားတဲ့။ ခဲအိုကြီးကလည်း ခေသူမဟုတ်၊ ဟုတ်ကဲ့၊ ကျနော် သူ့သမီးကိုယူတုံးက ယောက္ခမက DSA မေမြို့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဗျ လို့ပြန်ဖြေခဲ့ပါသတဲ့။ အမနဲ့ ခဲအို ကို နှိပ်စက်၊ စစ်ဆေးလို့အားမရတော့၊ အမတို့ဆေးရုံက ကျန်းမားရေးမှူးကြီးကို ဖမ်းချုပ်ပြီး နှိပ်စက်ပါလေရောတဲ့။ ထောက်လှမ်းရေးတို့ထုံးစံအတိုင်း ကြွက်မနိုင်ကျီမီးနဲ့ရှို့ပေါ့။ သူ့ခမျာ ဘာအပြစ်မှလည်းမရှိဘဲ၊ အဖေ့ခရီးစဉ်နဲ့ ဘယ်လိုမှ မပတ်သက်ခဲ့ရပါဘဲနဲ့ တညလုံးမအိပ်ခိုင်းဘဲ၊ မော်တော်ဆိုင်ကယ်စီးတဲ့ ပုံစံထိုင်ခိုင်း၊ ထပ်တလဲလဲ အရည်မရအဖတ်မရတွေမေးပြီး နှိပ်စက်ခဲ့တာတဲ့။ တနွယ်ငင်တစင်ပါဆိုရအောင်လည်း၊ အဲ့ဒီ ကျန်းမာရေးမှူးက အမျိုးလည်းမတော်ပါဘူး။ အမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တယောက်ကို သက်သက်ဆွဲစေ့တဲ့ ဥပဒေမဲ့ မတရားတဲ့လုပ်ရပ်ပါ။  အမတယောက်ဘယ်လိုခံစားခဲ့ရမလဲဆိုတာတွေးကြည့်ရင်း စိတ်မသက်မသာဖြစ်ရပါတယ်။ သူပြန်လွတ်လာခဲ့ပေမဲ့လည်း စိတ်ဒဏ်ရာတွေက တော်တော်နဲ့ ဘယ်ပျောက်ပါ့မလဲ။ ဒီလိုဘဲ ဘုမသိ၊ ဘမသိ အနှိပ်စက်ခံခဲ့ရတဲ့သူတွေ မြန်ပြည်တဝန်း ဒုနဲ့ဒေး လို့ပြောလို့ရပါတယ်။ 

အမတို့ ဇနီးမောင်နှံကို ပါတီနိုင်ငံရေး မကင်းမှုနဲ့ ဇီးကုန်းကနေ စေတုတ္တရာကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ (စကားချပ် - ဇီးကုန်းကဒီနေ့ထိလည်း ဖွတ်စိမ်းတွေနိုင်တဲ့မြို့ပါဘဲ။) ကားလမ်းမပေါက်လို့ ဆင်နဲ့ ခရီးနှင်ခဲ့ရတဲ့ စေတုတ္တရာမြို့ကိုပေါ့။ မမဝင်းလည်း စေတုတ္တရာ ရေစက်ပါတယ်လေ။
အမတို့ကတော့ စေလိုရာစေ ဝန်ထမ်းဘဝမှာ အနယ်နယ်အရပ်ရပ်ကို မညည်းမငြူ သွားခဲ့တာပါဘဲ။ 

လိုရင်းပြောရရင်၊ ရွေးကောက်ပွဲမှာ NLD က အုတ်အော်သောင်းနင်းနိုင်ခဲ့ပေမဲ့ အဖေချစ်တဲ့ ရခိုင်အမျိုးတွေက ALD နဲ့ တစည ကို မဲပိုပေးခဲ့ကြလို့ အဖေအရွေးမခံခဲ့ရပါဘူး။ မဲရှုံးလို့များ ထောက်လှမ်းရေးလက်က လွတ်မယ်မထင်ပါနဲ့။ ပိုပိုဆိုးလာတာပါဘဲ။ အဖေ့ကို အိမ်ကနေ ညအချိန်မတော်လာခေါ်ပြီး စစ်ဆေးမေးမြန်းခဲ့တဲ့အကြိမ်တွေ အမေက မရေနိုင်တော့ဘူးတဲ့။ အဆင်သင့်လိုက်နိုင်အောင်၊ ဆေးဝါး၊ အဝတ်အစား၊ အိပ်ယာလိပ်ပြင်ထားခဲ့ရတာပါဘဲလို့ ပြောပြဘူးပါတယ်။

အစပိုင်းမှာတော့ သူတို့က အဖေ့ကိုကားနဲ့လာခေါ်တယ်၊ နောက်ပိုင်းကျတော့ စာနဲ့ဆင့်ခေါ်တယ်။ ဖုန်းဆက်တယ်၊ ကိုယ်အစီအစဉ်နဲ့ ကိုယ် ထောက်လှမ်းရေးရုံးတွေကိုသွားရတယ်။ မှတ်မိသလောက် ၁၉၉၃-၉၄ ဝန်းကျင်မှာ တနေ့ အဖေက သမီးလမ်းကြုံရင် အဖေ့ကို အင်းယားလိပ်ဟော်တယ်ပို့ပေးပါတဲ့။ အဖေရယ် လမ်းမကြုံလည်း လိုက်ပို့မှာပေါ့ဆိုပြီး အဖေ့ကိုပို့ပေးခဲ့ပါတယ်။ အဖေ အင်းယားလိပ်မှာ ဘာသွားလုပ်မှာလဲဆိုတော့ စေ့စပ်ပွဲတခုရှိတယ်တဲ့။ အဖေ့အကျီင်္ကလည်း အဟောင်းကြီးနဲ့ ဆိုတော့ အကျီင်္ကိုဖိတ်တာမဟုတ်ဘူး၊ အဖေ့ကိုဖိတ်တာတဲ့။ အဖေ့ကိုအင်းယားလိပ် ဆင်ဝင်အောက်အထိပို့ခဲ့ပြီး၊ ပြန်ကြိုပေးမယ်လို့ပြောတော့၊ မကြိုနဲ့ အဖေက မိတ်ဆွေတွေနဲ့ စကားပြောရင်ကြာမယ်၊ ကားကြုံတွေပေါပါတယ်တဲ့။ လမ်းကြုံတာနဲ့ ပါရမီကအမျိုးအိမ်ခဏဝင်ပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်းပြန်လာတော့ အဖေတယောက် လမ်းဖြတ်ကူးဖို့ စောင့်နေတာတွေ့လိုက်ရတာနဲ့ ကားရပ်ပြီး အဖေ စေ့စပ်ပွဲကပြီးသွားပြီလား၊ ကားပေါ်တက်ဆိုတော့ မဟုတ်ဘူးသမီး သွားတော့ အဖေတခြားသွားမှာတဲ့။ နည်းနည်းမသင်္ကာတာနဲ့ အဖေရယ် သွားမယ့်နေရာကိုပြော လိုက်ပို့မှာပေါ့ ဇွတ်ပြောတော့ လမ်းတဘက်က နံပါတ် ၂၂ ကမ္ဘာအေးဘုရာလမ်းက အိမ်ကိုမေးငေါ့ပြတယ်။ (စကားချပ် - အဲ့ဒီအိမ်အခုထိရှိပါသေးတယ်။) အဲဒါ MI - စစ်တပ်ထောက်လှမ်းရေးရုံးတဲ့၊ အစစ်ဆေးခံဖို့ အဲဒီကိုလာခဲ့ဖို ဆင့်ခေါ်ထားလို့တဲ့။ မလုံးတယောက်ဒေါသလည်းထွက်၊ ဝမ်းလည်းနည်း၊ အဖေ့ကိုလည်းသနား၊ စိတ်ကိုလျှော့ပြီး အဖေ့ကို အဲဒီမှာထားခဲ့ရတယ်။ ပေါက်ကွဲပြီး ထောက်လှမ်းရေးတွေနဲ့ ရန်ဖြစ်ရင် ကိုယ့်ပါဆွဲစေခံရမယ့်အဖြစ်ဘဲ။ 

သူတို့ကအဖေတယောက်တည်းကိုဘဲ ကွက်ခေါ်တာမဟုတ်ဘဲ၊ တခြား NLD ပါတီဝင် ဘောင်းဘီချွတ်ကြီးတွေကိုလည်း ခေါ်ပြီး စစ်ဆေးတာတွေလုပ်ခဲ့ကြတာပါဘဲ။ အဖေက သူများတွေထောင်တောင်ကျသေးတာဘဲ။ ငါတို့ကို ခေါ်ပြီး စစ်ဆေးတာလောက်ပါဘဲဆိုပြီးဖြေပါတယ်။ ဘာတွေစစ်ဆေးမေးမြန်းတယ်ဆိုတာ အဖေကထုတ် မပြောပေမဲ့ စိတ်ဆင်းရဲခဲ့မှာကတော့ သေချာပါတယ်။ သူတို့က တနေကုန်ခေါ်ထားပြီး အစားသောက်ကျွေးလားဆိုတော့ အဖေက အစပိုင်းတုံးကတော့ လဘက်ရည်တိုက်တယ်တဲ့။ နောက်ပိုင်းကျတော့ ရေတောင်မတိုက်တော့ဘူးတဲ့။ NLD ကနေ မထွက် ထွက်အောင် အမျိုးမျိုးဖိအားတွေပေး၊ သူတို့လိုချင်တာတွေ ရေးခိုင်း၊ လက်မှတ်တွေအတင်းထိုးခိုင်းတာတွေ အလုပ်ခံခဲ့ရတယ်လို့တော့ အကြမ်းဖျဉ်းသိခဲ့ရပါတယ်။ သားသမီး ၇ ယောက်မှာ ဝန်ထမ်းပြုတ် မလုံးနဲ့ နိုင်ငံခြားသင်္ဘောလိုက်တဲ့ သားအလတ်ကလွဲလို့ ကျန်သားသမီး ၅ ယောက်က ဝန်ထမ်းတွေလေ။ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဌာနတွေမှာ ဝန်ထမ်းတွေပေါ့။ ဒီသားသမီးတွေအတွက်၊ အဖေ ဘယ်လောက်တောင့်ခံနိုင်ခဲ့ရသလဲ။ ဝန်ထမ်းဆိုတာ သိတဲ့အတိုင်း Posting ပေါ့။ ဝေးလံခေါင်သီတဲ့အရပ်တွေပို့၊ ရာထူးတိုးမပေးတာလောက်ကတော့ ပါးပါးလေး၊ မောင်တရွာမယ်တမြို့ထား၊ ဆုမပေးဒဏ်ပေးပေါ့။

ထောက်လှမ်းရေးက စစ်ဆေးတဲ့နည်းတွေကို ကြားဘူးထားတော့ အဖေ့အတွက် စိတ်ပူခဲ့ကြရပါတယ်။ ဘယ်လိုပုံစံနဲ့ စစ်ဆေးခဲ့တာလဲဆိုတာကို အဖေကပြောမပြခဲ့တော့ ကြုံကြိုက်တဲ့ အခါ ထောက်ပြုတ်တွေကိုမေးကြည့်ချင်ပါတယ်။ နေ့ချင်းပြန်စစ်ဆေးရေး၊ ညအိပ်ညနေထိန်းသိမ်းပြီး တပတ်တန်သည်၂ ပတ်တန်သည်၊ ကြာတဲ့အခါတွေလည်းရှိခဲ့ပါတယ်။ ဝဋ်ဆိုတာလည်း နောင်ဘဝမကူးပါဘူး၊ အဖေတို့ကို နှိပ်စက်ခဲ့တဲ့ ထောက်လှမ်းရေးတွေလည်း ဘဝမကူးပြောင်းခင်မှာဘဲ၊ ထောင်နန်းစံကြရတာပါဘဲ။ မမဝင်းတို့လို၊ အကြီးအကျယ်အဖိနှိပ်ခံခဲ့ရသူတွေနဲ့စာရင်၊ အိမ်အပြန်ရေဆန်လမ်းခရီးကိုလျှောက်ခဲ့ကြတဲ့ မိသားစုတွေထဲမှာ အဖေနဲ့အတူ မိသားစုတွေလည်း ခပ်ပါးပါးလေး ပါဝင်ခဲ့ရတာကို ရင်ဖွင့်လိုက်တာပါ မမဝင်းရေ။