Wednesday, February 22, 2017

ရေဆန်လမ်း...










မမဝင်း (ဒေါ်ခင်ခင်ဝင်း) ရေးတဲ့ “ရေဆန်လမ်းမှ၊ အိမ်အပြန်” စာအုပ်ကို ဖတ်ရတော့၊ မမဝင်းဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံမှတ်တမ်း “Memoir” လို့ဘဲ ကင်ပွန်းတပ်ပါရစေ။
“တက်မပါ၊ ရွက်မပါ၊ လက်ဗလာနဲ့
ကြမ်းတမ်းတဲ့ ရေဆန်ခရီးက
အိမ်အပြန်လမ်းလို့၊ ဆိုပေမဲ့
နာသုံးနာနဲ့ နဘမ်းဆက်လုံးရင်း
ကြယ်စင်ကောင်းကင်၊ နေ့ရင်ခွင်၊ အခမဲ့ကျောင်းအတွက်၊
နောက်ခရီးကြမ်းတခုကို ဆက်လှမ်းနေပြန်ပါပြီ။”
ရယ်..လို့ဘဲ..ကောက်ချက်ချမိပါတယ် မမဝင်းရေ။
ဘေးကနေကြည့်ပြီး ကိုယ်မလုပ်နိုင်တာကို မမဝင်းလုပ်နိုင်တဲ့အတွက် အားပေးရမယ့်အစား၊ မမဝင်း ပင်ပန်းလှတယ်လို့ ကရုဏာဒေါသောနဲ့ အကုသိုလ်ပွားမိတာပါ။ ကျန်းမာရေးအတွက် အေးအေးဆေးဆေး၊ နားနားနေနေ၊ နေစေချင်တဲ့စေတနာနဲ့ပါ။ 

မမဝင်းပြောသလိုပါဘဲ၊ ရာစုနှစ်ဝက် စစ်အာဏာရှင်အဆက်ဆက်အောက်ကနေ၊ ရုန်းထွက်ရင်း၊ ခေတ်ပြောင်းအောင်၊ အုတ်တချပ်၊ သဲတပွင့်အဖြစ်ပါဝင်ခဲ့ကြသူတွေရဲ့ အဖိနှိပ်ခံဘဝ၊ ရေဆန်ခရီးကို ရောင်ပြန်ဟပ်တဲ့အထဲမှာ၊ တဒေါင့်တနေရာကနေ၊ လူမသိသူမသိ ပါဝင်ခဲ့ကြသူတွေ ဒုနဲ့ဒေးပါ။ တောင်အာဖရိကနိုင်ငံမှာ ၁၉၉၄ ခုနှစ်က လူထုခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလားလွတ်မြောက်ခဲ့ပြီးနောက်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဦးဆောင်တဲ့ Truth and Reconciliation Commission ဆိုပြီး၊ အာဃာတတွေကို ပြည်ဖုံးကားချတဲ့ အမှန်တရားဖေါ်ထုတ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင် ဆိုတဲ့ ချစ်စရာကောင်းတဲ့အစီအစဉ်လေးရှိခဲ့ဘူးတယ်။ အဖိနှိပ်ခံခဲ့ရသူတွေကရော၊ ဖိနှိပ်ခဲ့တဲ့သူတွေဘက်ကပါ၊ မျက်မြင်သက်သေ၊ အထောက်အထားတွေနဲ့ တကွ လူသိရှင်ကြား၊ ရင်ဖွင့်ခဲ့ကြပြီး သင်ပုံးချေခဲ့ကြတာပေါ့။ အင်္ဂလိပ်လိုတော့ Closure လို့ပြောကြပါတယ်။ မြန်မာပြည်မှာ ဒီလိုကော်မရှင်ဖွဲ့ခဲ့မယ်ဆိုရင်၊ ကိုယ်တိုင်လည်း ဝင်ပြီးရင်ဖွင့်လိုက်ချင်ပါရဲ့။
 
လူထုခေါင်းဆောင်က ရှေ့ဆက်မယ့်ခရီး မဖင့်ရအောင်၊ နောက်ကြောင်းပြန်မလှည့်ဘူး၊ အာဃာတတွေမထားဘူးဆိုပေမဲ့၊ ဘဝပျက်အောင်ခံစားခဲ့ကြတဲ့၊ သာမန်ပြည်သူတွေရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးကြမှာလဲ။ ခေါင်းဆောင်ကတော့ လောကဓံ ၈ ပါးကိုခံနိုင်တယ်ဆိုပေမဲ့၊ ပုထုဇဉ်သာမန်ပြည်သူတွေရဲ့ ဒဏ်ရာတွေက မသေးပါဘူး။ တွေးမိတိုင်း နာကျင်နေကြဆဲဆိုတာကတော့၊ ယုံးမှာသံသယဖြစ်စရာမရှိပါဘူး။ သေကွဲ..ကွဲ၊ ရှင်ကွဲ..ကွဲ၊ စီးပွားပျက်၊ အပြစ်မရှိအပြစ်ရှာ၊ ပုဒ်မအမျိုးမျိုးတပ်လို့ နှစ်ရှည်ထောင်ကျ၊ နှစ်စေ့တော့၊ ထောင်ဒဏ်ထပ်တိုး၊ မျက်နှာလိုမျက်နှာရ၊ အထက်ဖားအောက်ဖိ၊ အရာထမ်းတွေ၊ ငွေများငွေနိုင်အမှုစီရင်တဲ့ တရားသူကြီးတွေ၊ လောင်းကစားဒိုင်ဖွင့်ဖွင့်၊ ဖာခန်းထောင်ချင်ထောင်၊ ဘိန်းကုန်ကူးချင်ကူး၊ နိုင်ငံရေးတော့မလုပ်နဲ့၊ မော်စကိုရောက်သွားမယ်ဆိုတဲ့ ခေတ်ကို ဖြတ်သန်းခဲ့ကြတဲ့သူတွေရင်ထဲက ဒဏ်ရာတွေ ကုစားပေးဖို့ တကယ်စစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေး ကို မျှော်လင့်စောင့်စားရင်း..သေချာတာ ကတော့..ထိန်ပင်လား၊ ရေဝေးလား...

မမဝင်းတို့မိသားစု ခံစားခဲ့ရတဲ့အဖြစ်မျိုး ထပ်တူမဟုတ်တောင်၊ တစုံတခုသော အတိုင်းအတာတခုအထိ၊ နာကျင်စွာခံစားခဲ့ကြရတဲ့ NLD ပါတီဝင်တွေ၊ ပါတီဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ၊ ပါတီဆိုင်းဘုတ်ထောင်လို့ အကျပ်ကိုင်ခံခဲ့ရတဲ့ အိမ်ရှင်တွေ၊ ညစ်နည်းမျိုးစုံကို ခါးသီးစွာ၊ ကိုယ်တွေ့ခံစားကြရသူတွေအားလုံးရဲ့ တကယ့်အိမ်ပြန်ချိန် ရေဆန်ခရီးက ဒီနေ့ထိမဆုံးသေးပါဘူး။ 

အဖိနှိပ်ခံ NLD ပါတီဝင်တွေထဲမှာ ကိုယ့်အဖေကိုယ်တိုင်လည်း အသက် ၉၀ အရွယ် မသေခင်အထိ ခံခဲ့ရတာပါဘဲ။ မမဝင်းရေးတဲ့ထဲက မျိုးချစ်ရဲဘော်ဟောင်း ဘောင်းဘီချွတ်တွေထဲက တယောက်ပေါ့။ အမေကတော့ အဖေတို့ကို မျိုးကြောက်တွေတဲ့။ သားသမီးတွေ၊ မြေးမြစ်တွေ အဖိုးခံခဲ့ရတဲ့အဖြစ်တွေ၊ မသိလိုက်မှာစိုးလို့ အဖေကြုံခဲ့ရတဲ့ ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှုတွေကို မှတ်တမ်းအဖြစ် ရေးပြချင်တာပါ။ ဘောင်းဘီချွတ်တွေကို စစ်အစိုးရက သပ်လျှိုခိုင်းတယ်လို့ အာမနာပပြောဆိုတာ သိရတော့၊ မပြုံးဘဲနဲ့ ဝါးလုံးကွဲအောင်ရယ်လိုက်ချင်ပါတော့တယ်။ အဖေက စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ (၁၉၆၈-၇၂)၊ တပ်မတော်လေ့ကျင့်ရေးညွှန်ကြားရေးမှူး (Director of Military Training)၊ (၁၉၇၂-၇၄)၊ ပြည်သူ့တရားသူကြီးအဖွဲ့ဝင် - ပထမအကြိမ်ပြည်သူ့လွတ်တော်သက်တမ်း (၁၉၇၄-၇၇)။ ဘောင်းဘီချွတ်တွေထဲမှာတော့ ဆရာကြီးပေါ့။ ဒီထက်ဆရာကြီးကျတာက၊ အဲဒီတုန်းက ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်သင်တန်းဆင်းဆင်းချင်း၊ လွိုင်လင် ခလရ (၁၈) အဖေမှာ အဖေတပ်ရင်မှူးဖြစ်တော့ PSO လေ။ အဲဒီအချိန်က တောင်ကြီးမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးစိုက်တာ။ တိုင်းမှူးက ဗိုလ်မှူးကြီးတင့်ဆွေ၊ တိုင်းမှူးကြီးက အဖေ့ကို စည်းကမ်းကောင်းတဲ့ PSO ရှာခိုင်းတော့ အဖေက အသစ်ချပ်ချွတ်၊ သေသပ်လှတဲ့ သူ့ PSO ဗိုလ်ခင်ညွန့်ကို ပို့ပေးလိုက်ရာက၊ သားသမီးမရှိတဲ့ တိုင်းမှူးကြီးက သားတယောက်လို မွေးစားတဲ့အထိ အားကိုးခဲ့ရတာပါ။ 
 
ဂျပန်ခေတ်စစ်တက္ကသိုလ်၊ တတိယပတ်ဗိုလ်သင်တန်းမှာ တပ်ခွဲမှူးဆရာဖြစ်ခဲ့တဲ့ ရိုးသားတဲ့ အဖေ့ကို လက်ရှိ NLD နာယကကြီးဘဘဦးတင်ဦး ဗိုလ်လောင်းဘဝကတည်းက လေးစားခဲ့တာ၊ ဒီနေ့အထိ မလုံးကိုတွေ့တိုင်း တဖွဖွပြောမဆုံးပေါင် တောသုံးတောင်ပါဘဲ။အဖေဆုံးတော့ သုဝဏ္ဏအိမ်မှာ အမေ့ကိုသတင်းမေးရင်း ဘဘက ကန်တော့ခဲ့ပါသေးတယ်။

ဒေါက်တာမောင်မောင်ရေးတဲ့ သားမောင်စစ်သည်သို့ စာအုပ်မှာ ဒေါက်တာမောင်မောင်က သူ့ဆရာ မလုံးအဖေအကြောင်း ချီးကျူးထားပါတယ်။ ကိုယ့်အဖေဆရာကြီးဖြစ်တာကို ကြွားလုံးထုတ်နေတာ မဟုတ်ရပါဘူး။ အဖေ့လို လူရိုး၊ လူအေး၊ လူကြီးတယောက်ကိုတောင် မညှာမတာ နှိပ်စက်တဲ့ ထောက်လှမ်းရေးတွေအကြောင်း ပြောပြချင်လွန်းလို့ပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခဲ့လို့ အဖေ့လို လူကိုတောင်ဒီလောက်နှိပ်စက်ခဲ့ရင်၊ သာမန် NLD ပါတီဝင်တွေဆို ပြောဖွယ်ရာမရှိပေါ့။ 

၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံမှာ တပ်မှူးဟောင်းများအဖွဲ့မှာ အဖေပါဝင်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲကျတော့ NLD ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖို့ တာဝန်ပေးခံရပါတယ်။ အဖေက သုဝဏ္ဏမှာနေတော့၊ သင်္ဃန်းကျွန်းကနေဘဲ ဝင်အရွေးခံဖို့ အများကပြောကြပေမဲ့ ရခိုင်ဖြစ်တဲ့အဖေက သူ့ဇာတိပုဏ္ဏားကျွန်းမြို့နယ်ကနေဘဲ ပြိုင်မယ်လို့ အမျိုးချစ်စွာဆုံးဖြတ်ခဲ့တာ။ အဖေ NLD ထဲစဝင်ကတည်းက၊ တပ်ထဲက သား ၂ ယောက် အလိုအလျောက်ညောင်းပေါ့။ စစ်ရုံးထဲဝင်ခွင့်ပိတ်၊ လေတပ်က လေယာဉ်မောင်းတဲ့သား တပ်ထဲကအထုတ်ခံရ၊ ကြည်းတပ်က ဗိုလ်မှူးကို နယ်ဘက်ရွှေ့၊ သစ်လုပ်ငန်းကို အကိုပြောင်းရတော့ အဖေက အော်.သားလေးက ခိုးစရာသစ်တွေကုန်မှ သစ်လုပ်ငန်းကိုရောက်တာပေါ့ကွာ လို့ နောက်ခဲ့တာမှတ်မိနေပါသေးတယ်။ 

မလုံးကတော့ ၈၈ အရေးတော်ပုံမှာ တက်ကြွစွာလှုပ်ရှားမှုနဲ့ အသက် ၃၄ နှစ်နဲ့ ၁၉၈၈ အောက်တိုဘာလကတည်းက အငြိမ်းစားပေးခံခဲ့ရပြီးသားပါ။  ၉၀ ရွေးကောက်ပွဲအတွက် အဖေ့ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဘဘဦးတင်ဦးရော၊ ဘဘရဲ့ ဇနီးဒေါက်တာတင်မိုးဝေပါ လိုက်ခဲ့ကြပါတယ်။ လူရွှင်တော်ပိန်ပိန် လည်းပါတယ်တဲ့။

အဲဒီတုံးက အမအကြီးဆုံး ဆရာဝန်မကြီးက ဇီးကုန်းမှာတာဝန်ကျနေတာပါ။ ခဲအိုက မြို့နယ်ဆရာဝန်ကြီးပေါ့။ တူမတွေ မှတ်မိသလောက်ပြောရတာကိုဖေါက်သည်ချ ရရင်..အဖေတို့မဲဆွယ် စည်းရုံးခရီးက ရန်ကုန်ကနေ ရခိုင်ရိုးမကိုအသွား ဇီးကုန်းမှာခရီးတထောက်နားကြတော့၊ ဇီးကုန်း NLD ပါတီဝင်တွေကို နှုတ်ဆက်ကြတယ်တဲ့။ အဖေက ဇီးကုန်းရောက်တုံး သမီးနဲ့ မြေးတွေကို စတိသဘောလေးတော့ နှုတ်ဆက်ချင်တာနဲ့ NLD ရုံးကနေ ဆေးရုံဝင်းဘက်လျှောက်ခဲ့တယ်တဲ့။ အဖိုးလာတာတွေ့တော့ မြေးတွေကလည်းပျော်ပြီး၊ တာဝန်ကျနေတဲ့ သူတို့အမေကို ဖိုးဖိုးလာတယ်ဆိုပြီး အကြောင်းကြားလိုက်ကြတာပေါ့။ အမကြီးကလည်း အဖေလာတော့ ဝမ်းသာပြီး ထမင်းကျွေးချင်တယ်လေ။ အဖေက မတ်တပ်ဘဲ မစားတော့ဘူး၊ နှုတ်ဆက်တယ်ဆိုရုံဘဲဆိုလို့ အမက အဖေလမ်းမှာစားဖို့ ငှက်ပျောသီးတဖီးပေးလိုက်တယ်တဲ့။ မြေးအကြီးမက ငှက်ပျောဖီးဆွဲပြီး အဖိုးကို ဇီးကုန်း NLD ရုံးကိုပြန်ပို့ပေးခဲ့တယ်တဲ့။

အဖေတို့ ဇီးကုန်းကနေ ရခိုင်ကို ခရီးဆက်ထွက်တော့မှ ဇတ်လမ်းက စ တော့တာပါဘဲ။ ဇီးကုန်းမြို့က မဟာထောက်လှမ်းရေး၊ စုံထောက် (စကားလိမ်နဲ့ဖတ်ပါ) တွေရဲ့ ဂွင်ပေါ့။ အမတို့ ဒေါက်တာဇနီးမောင်နှံ၊ ကောင်းကောင်းအနှံခံရတော့တာပါဘဲ။ ခေတ်ကိုက အစိုးရဝန်ထမ်းတွေနိုင်ငံရေးနဲ့ ပတ်သက်ရင် အရေးယူခံရမယ့်ခေတ်လေ။ မမဝင်းက နိုင်ငံရေးလုပ်နေတော့ ခင်ပွန်းသည်ကို တရားရုံးမှာ တရားဝင်ကွာရှင်းခဲ့ရတာကို ရင်နာနာဖတ်ရတော့ မျက်ရည်စို့ရင်း၊ အဖေ့ရဲ့ ဝန်ထမ်းသားသမီးတွေက အဖေ NLD အမတ်လောင်းကို အမွေဖြတ်စွန့်လွှတ်ကြရတော့မလို ဖြစ်ခဲ့ရတော့သလိုပေါ့။ အဲ့ ဇီးကုန်းက စုံထောက်တွေက အဖေနဲ့ တွေ့တောင် ခဏတဖြုတ်မတွေ့လိုက်ရတဲ့ ခဲအိုကြီးကို စစ်ဆေးတယ်တဲ့။ ခင်ဗျားက ယောက္ခမနိုင်ငံရေးလုပ်တာ မသိဘူးလားတဲ့။ ခဲအိုကြီးကလည်း ခေသူမဟုတ်၊ ဟုတ်ကဲ့၊ ကျနော် သူ့သမီးကိုယူတုံးက ယောက္ခမက DSA မေမြို့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဗျ လို့ပြန်ဖြေခဲ့ပါသတဲ့။ အမနဲ့ ခဲအို ကို နှိပ်စက်၊ စစ်ဆေးလို့အားမရတော့၊ အမတို့ဆေးရုံက ကျန်းမားရေးမှူးကြီးကို ဖမ်းချုပ်ပြီး နှိပ်စက်ပါလေရောတဲ့။ ထောက်လှမ်းရေးတို့ထုံးစံအတိုင်း ကြွက်မနိုင်ကျီမီးနဲ့ရှို့ပေါ့။ သူ့ခမျာ ဘာအပြစ်မှလည်းမရှိဘဲ၊ အဖေ့ခရီးစဉ်နဲ့ ဘယ်လိုမှ မပတ်သက်ခဲ့ရပါဘဲနဲ့ တညလုံးမအိပ်ခိုင်းဘဲ၊ မော်တော်ဆိုင်ကယ်စီးတဲ့ ပုံစံထိုင်ခိုင်း၊ ထပ်တလဲလဲ အရည်မရအဖတ်မရတွေမေးပြီး နှိပ်စက်ခဲ့တာတဲ့။ တနွယ်ငင်တစင်ပါဆိုရအောင်လည်း၊ အဲ့ဒီ ကျန်းမာရေးမှူးက အမျိုးလည်းမတော်ပါဘူး။ အမတို့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တယောက်ကို သက်သက်ဆွဲစေ့တဲ့ ဥပဒေမဲ့ မတရားတဲ့လုပ်ရပ်ပါ။  အမတယောက်ဘယ်လိုခံစားခဲ့ရမလဲဆိုတာတွေးကြည့်ရင်း စိတ်မသက်မသာဖြစ်ရပါတယ်။ သူပြန်လွတ်လာခဲ့ပေမဲ့လည်း စိတ်ဒဏ်ရာတွေက တော်တော်နဲ့ ဘယ်ပျောက်ပါ့မလဲ။ ဒီလိုဘဲ ဘုမသိ၊ ဘမသိ အနှိပ်စက်ခံခဲ့ရတဲ့သူတွေ မြန်ပြည်တဝန်း ဒုနဲ့ဒေး လို့ပြောလို့ရပါတယ်။ 

အမတို့ ဇနီးမောင်နှံကို ပါတီနိုင်ငံရေး မကင်းမှုနဲ့ ဇီးကုန်းကနေ စေတုတ္တရာကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ (စကားချပ် - ဇီးကုန်းကဒီနေ့ထိလည်း ဖွတ်စိမ်းတွေနိုင်တဲ့မြို့ပါဘဲ။) ကားလမ်းမပေါက်လို့ ဆင်နဲ့ ခရီးနှင်ခဲ့ရတဲ့ စေတုတ္တရာမြို့ကိုပေါ့။ မမဝင်းလည်း စေတုတ္တရာ ရေစက်ပါတယ်လေ။
အမတို့ကတော့ စေလိုရာစေ ဝန်ထမ်းဘဝမှာ အနယ်နယ်အရပ်ရပ်ကို မညည်းမငြူ သွားခဲ့တာပါဘဲ။ 

လိုရင်းပြောရရင်၊ ရွေးကောက်ပွဲမှာ NLD က အုတ်အော်သောင်းနင်းနိုင်ခဲ့ပေမဲ့ အဖေချစ်တဲ့ ရခိုင်အမျိုးတွေက ALD နဲ့ တစည ကို မဲပိုပေးခဲ့ကြလို့ အဖေအရွေးမခံခဲ့ရပါဘူး။ မဲရှုံးလို့များ ထောက်လှမ်းရေးလက်က လွတ်မယ်မထင်ပါနဲ့။ ပိုပိုဆိုးလာတာပါဘဲ။ အဖေ့ကို အိမ်ကနေ ညအချိန်မတော်လာခေါ်ပြီး စစ်ဆေးမေးမြန်းခဲ့တဲ့အကြိမ်တွေ အမေက မရေနိုင်တော့ဘူးတဲ့။ အဆင်သင့်လိုက်နိုင်အောင်၊ ဆေးဝါး၊ အဝတ်အစား၊ အိပ်ယာလိပ်ပြင်ထားခဲ့ရတာပါဘဲလို့ ပြောပြဘူးပါတယ်။

အစပိုင်းမှာတော့ သူတို့က အဖေ့ကိုကားနဲ့လာခေါ်တယ်၊ နောက်ပိုင်းကျတော့ စာနဲ့ဆင့်ခေါ်တယ်။ ဖုန်းဆက်တယ်၊ ကိုယ်အစီအစဉ်နဲ့ ကိုယ် ထောက်လှမ်းရေးရုံးတွေကိုသွားရတယ်။ မှတ်မိသလောက် ၁၉၉၃-၉၄ ဝန်းကျင်မှာ တနေ့ အဖေက သမီးလမ်းကြုံရင် အဖေ့ကို အင်းယားလိပ်ဟော်တယ်ပို့ပေးပါတဲ့။ အဖေရယ် လမ်းမကြုံလည်း လိုက်ပို့မှာပေါ့ဆိုပြီး အဖေ့ကိုပို့ပေးခဲ့ပါတယ်။ အဖေ အင်းယားလိပ်မှာ ဘာသွားလုပ်မှာလဲဆိုတော့ စေ့စပ်ပွဲတခုရှိတယ်တဲ့။ အဖေ့အကျီင်္ကလည်း အဟောင်းကြီးနဲ့ ဆိုတော့ အကျီင်္ကိုဖိတ်တာမဟုတ်ဘူး၊ အဖေ့ကိုဖိတ်တာတဲ့။ အဖေ့ကိုအင်းယားလိပ် ဆင်ဝင်အောက်အထိပို့ခဲ့ပြီး၊ ပြန်ကြိုပေးမယ်လို့ပြောတော့၊ မကြိုနဲ့ အဖေက မိတ်ဆွေတွေနဲ့ စကားပြောရင်ကြာမယ်၊ ကားကြုံတွေပေါပါတယ်တဲ့။ လမ်းကြုံတာနဲ့ ပါရမီကအမျိုးအိမ်ခဏဝင်ပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်းပြန်လာတော့ အဖေတယောက် လမ်းဖြတ်ကူးဖို့ စောင့်နေတာတွေ့လိုက်ရတာနဲ့ ကားရပ်ပြီး အဖေ စေ့စပ်ပွဲကပြီးသွားပြီလား၊ ကားပေါ်တက်ဆိုတော့ မဟုတ်ဘူးသမီး သွားတော့ အဖေတခြားသွားမှာတဲ့။ နည်းနည်းမသင်္ကာတာနဲ့ အဖေရယ် သွားမယ့်နေရာကိုပြော လိုက်ပို့မှာပေါ့ ဇွတ်ပြောတော့ လမ်းတဘက်က နံပါတ် ၂၂ ကမ္ဘာအေးဘုရာလမ်းက အိမ်ကိုမေးငေါ့ပြတယ်။ (စကားချပ် - အဲ့ဒီအိမ်အခုထိရှိပါသေးတယ်။) အဲဒါ MI - စစ်တပ်ထောက်လှမ်းရေးရုံးတဲ့၊ အစစ်ဆေးခံဖို့ အဲဒီကိုလာခဲ့ဖို ဆင့်ခေါ်ထားလို့တဲ့။ မလုံးတယောက်ဒေါသလည်းထွက်၊ ဝမ်းလည်းနည်း၊ အဖေ့ကိုလည်းသနား၊ စိတ်ကိုလျှော့ပြီး အဖေ့ကို အဲဒီမှာထားခဲ့ရတယ်။ ပေါက်ကွဲပြီး ထောက်လှမ်းရေးတွေနဲ့ ရန်ဖြစ်ရင် ကိုယ့်ပါဆွဲစေခံရမယ့်အဖြစ်ဘဲ။ 

သူတို့ကအဖေတယောက်တည်းကိုဘဲ ကွက်ခေါ်တာမဟုတ်ဘဲ၊ တခြား NLD ပါတီဝင် ဘောင်းဘီချွတ်ကြီးတွေကိုလည်း ခေါ်ပြီး စစ်ဆေးတာတွေလုပ်ခဲ့ကြတာပါဘဲ။ အဖေက သူများတွေထောင်တောင်ကျသေးတာဘဲ။ ငါတို့ကို ခေါ်ပြီး စစ်ဆေးတာလောက်ပါဘဲဆိုပြီးဖြေပါတယ်။ ဘာတွေစစ်ဆေးမေးမြန်းတယ်ဆိုတာ အဖေကထုတ် မပြောပေမဲ့ စိတ်ဆင်းရဲခဲ့မှာကတော့ သေချာပါတယ်။ သူတို့က တနေကုန်ခေါ်ထားပြီး အစားသောက်ကျွေးလားဆိုတော့ အဖေက အစပိုင်းတုံးကတော့ လဘက်ရည်တိုက်တယ်တဲ့။ နောက်ပိုင်းကျတော့ ရေတောင်မတိုက်တော့ဘူးတဲ့။ NLD ကနေ မထွက် ထွက်အောင် အမျိုးမျိုးဖိအားတွေပေး၊ သူတို့လိုချင်တာတွေ ရေးခိုင်း၊ လက်မှတ်တွေအတင်းထိုးခိုင်းတာတွေ အလုပ်ခံခဲ့ရတယ်လို့တော့ အကြမ်းဖျဉ်းသိခဲ့ရပါတယ်။ သားသမီး ၇ ယောက်မှာ ဝန်ထမ်းပြုတ် မလုံးနဲ့ နိုင်ငံခြားသင်္ဘောလိုက်တဲ့ သားအလတ်ကလွဲလို့ ကျန်သားသမီး ၅ ယောက်က ဝန်ထမ်းတွေလေ။ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဌာနတွေမှာ ဝန်ထမ်းတွေပေါ့။ ဒီသားသမီးတွေအတွက်၊ အဖေ ဘယ်လောက်တောင့်ခံနိုင်ခဲ့ရသလဲ။ ဝန်ထမ်းဆိုတာ သိတဲ့အတိုင်း Posting ပေါ့။ ဝေးလံခေါင်သီတဲ့အရပ်တွေပို့၊ ရာထူးတိုးမပေးတာလောက်ကတော့ ပါးပါးလေး၊ မောင်တရွာမယ်တမြို့ထား၊ ဆုမပေးဒဏ်ပေးပေါ့။

ထောက်လှမ်းရေးက စစ်ဆေးတဲ့နည်းတွေကို ကြားဘူးထားတော့ အဖေ့အတွက် စိတ်ပူခဲ့ကြရပါတယ်။ ဘယ်လိုပုံစံနဲ့ စစ်ဆေးခဲ့တာလဲဆိုတာကို အဖေကပြောမပြခဲ့တော့ ကြုံကြိုက်တဲ့ အခါ ထောက်ပြုတ်တွေကိုမေးကြည့်ချင်ပါတယ်။ နေ့ချင်းပြန်စစ်ဆေးရေး၊ ညအိပ်ညနေထိန်းသိမ်းပြီး တပတ်တန်သည်၂ ပတ်တန်သည်၊ ကြာတဲ့အခါတွေလည်းရှိခဲ့ပါတယ်။ ဝဋ်ဆိုတာလည်း နောင်ဘဝမကူးပါဘူး၊ အဖေတို့ကို နှိပ်စက်ခဲ့တဲ့ ထောက်လှမ်းရေးတွေလည်း ဘဝမကူးပြောင်းခင်မှာဘဲ၊ ထောင်နန်းစံကြရတာပါဘဲ။ မမဝင်းတို့လို၊ အကြီးအကျယ်အဖိနှိပ်ခံခဲ့ရသူတွေနဲ့စာရင်၊ အိမ်အပြန်ရေဆန်လမ်းခရီးကိုလျှောက်ခဲ့ကြတဲ့ မိသားစုတွေထဲမှာ အဖေနဲ့အတူ မိသားစုတွေလည်း ခပ်ပါးပါးလေး ပါဝင်ခဲ့ရတာကို ရင်ဖွင့်လိုက်တာပါ မမဝင်းရေ။

No comments:

Post a Comment