သူများအသက်တခါလွှတ်၊ ကိုယ့်အသက်
ဆယ်ခါလွတ်
တနေ့က ကောင်းစံ အသက် ၂၁
နှစ်ပြည့်မွေးနေ့မှာ မွေးနေ့ရှင်က ဒကာခံလို့ တရုံးလုံး ရွှေဘထမင်းဆိုင်လို့ အများခေါ်ကြတဲ့
လှမြန်မာထမင်းဆိုင်မှာ ထမင်းသွားစားကြပါတယ်။ ဟင်းပွဲတွေစောင့်ရင်း၊ ဆိုင်ရှေ့မှာ ဆံရှည်ကိုယ်တော်တယောက်၊
စာကလေးအရွယ် ငှက်ကလေးတွေကိုလှောင်အိမ်ထဲထည့်ပြီး ဆိုင်ကထွက်တဲ့လာတဲ့သူတွေကို ငှက်လွှတ်ဖို့
ရောင်းနေတာသတိထားမိပါတယ်။ သူ့လိုဘဲ အမျိုးသမီးတယောက်ကလည်း ဇရက်လိုငှက်တွေကို လှောင်အိမ်ထဲထည့်ပြီးရောင်းနေပါတယ်။
ဒီလူတွေ ဘယ်လိုစိတ်ကူးနဲ့များ ကောင်းကင်မှာ လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့ ငှက်ကလေးတွေ
မတရားဖမ်း၊ လှောင်အိမ်ထဲထည့်ပြီးaရာင်းနေကြရတာလဲ။ ဝယ်ပြီးလွှတ်တဲ့လူတွေကကော၊ ဗေဒင်ဆရာက
ငှက် ဘယ်နှစ်ကောင်လွှတ်ရမယ်လို့ ယတြာချေခိုင်းလို့ နေမှာဘဲလို့တွေးမိရင်း အကုသိုလ်ပွားနေမိပါတယ်။
မနက်ကတည်းက ကောင်းစံက သားမွေးနေ့
အပြင်မှာသွားစားကြမယ်ဆိုလို့၊ ကော်ဖီတခွက်ဘဲသောက်ပြီး အဆာခံ၊ ရွှေဘဆိုင်မှာ ငါးပိရည်၊
တို့စရာနဲ့ အဝတီးပစ်လိုက်မယ်လို့ စိတ်ကူးယဉ်ခဲ့ပေမဲ့ လှောင်အိမ်ထဲကငှက်တွေကိုကြည့်ပြီး
ထမင်းတောင်ဖြောင့်ဖြောင့် မစားနိုင်လောက်အောင် စိတ်အနှောက်အယှက်ဖြစ်မိပါတယ်။ ဝယ်လွှတ်တဲ့သူတွေကလည်း
မစဉ်းစားမိကြတာဘဲလား၊ သူ့ဟာသူနေတဲ့ ငှက်တွေကို ဖမ်း၊ လှောင်အိမ်ထဲထည့်ရောင်း၊ ဗေဒင်အရ
ဝယ်လွှတ်တဲ့သူတွေကလည်း ကိုယ့်လောဘနဲ့ကိုယ်ဇောနဲ့ လွှတ်၊ ဘယ်လိုလုပ်ကုသိုလ်ဖြစ်ပါ့မလဲ။
ဝမ်းရေးအတွက် သမ္မာအာဇီဝ လုပ်စားတာဘဲလို့ဆိုရင်ကော၊ လှောင်ထားတဲ့သက်ရှိသတ္တဝါတွေကို လွှတ်ပေးတာဘဲ၊
ကုသိုလ်ရတာပေါ့ လို့ကြံဖန်တွေးရင်ကော။
တကယ်တော့၊ ရောင်းသူ၊ ဝယ်သူ၊
ကြည်ဖြူကြတာဘဲ။ ငါနဲ့ ဘာဆိုင်လို့လဲ။ ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ်ပေါ့၊ မြင်ရကြားရ၊
စိတ်ကသိကအောက်ဖြစ်မိတာကိုက ကိုယ့်အတွက် အကုသိုလ်ပါဘဲ။ ထမင်းစားပြီး ဆိုင်ကထွက်တော့
ဆံရှည်ကိုယ်တော်က ငှက်တွေလာရောင်းတော့ ဆြာလုံးကမနေနိုင်ဘဲ၊ သူ့ဘာသူနေတဲ့ငှက်ကလေးတွေကို
ဘာလို့ဖမ်းပြီးရောင်းနေရတာလဲလို့ ရန်လုပ်မိပါသေးတယ်။ ကားပေါ်တက်ပြီး ကားထွက်ခါနီးမှာ
ဆံရှည်ကိုယ်တော်ကို လှောင်အိမ်ထဲမှာ ငှက်ဘယ်နှစ်ကောင်ရှိလဲလို့ မေးမိပါတယ်။ သူက ၂၁
ကောင်တဲ့၊ တကောင် ၅၀၀၊ တသောင်းပေးပြီး ကိုယ့်ရှေ့မှာ လှောင်အိမ်အဖုံးဖွင့်ခိုင်းပြီး
အကုန်လွှတ်ပေးခိုင်းလိုက်ပါတယ်။
စိတ်ထဲနည်းနည်းပေါ့သွားသလိုဖြစ်မိတုံး၊
အဲဒီငှက်တွေက ဒီအနီးအနားမှာဘဲနေကြပြီး၊ အစာပြခေါ်ရင် ပြန်လာတာဘဲလို့ တယောက်ကပြောတယ်။
နောက်တယောက်ကတော့ ကမ်းနားမှာ မနက်စောစော၊ ငှက်လက္ကားဖြန့်တဲ့သူတွေရှိတယ်တဲ့။ မြန်မာနှစ်သစ်ကူးမှာ
ငါးလွှတ်ကြတဲ့အစဉ်အလာကလည်း၊ အတူတူပါဘဲ။ ရေထဲက ငါးတွေဖမ်း၊ ရေထဲကို သက်စေ့ပြန်လွှတ်ကြတာ၊
ကုသိုလ်ရတယ်တဲ့လား။
အော်..လောကမှာ ဝမ်းရေးအတွက်
ကိုယ်တတ်နိုင်တာကို မခိုးမဝှက်ဘဲ၊ လုပ်ကိုင်ရှာဖွေစားသောက်နေရတာကို၊ အလကား ဒေါသပွားနေမိတာကိုက
ကိုယ့်ဒုက္ခ ကိုယ်ရှာနေမိတာပါလားလို့ သံဝေဂ ရမိပါရဲ့။ နောက်ဆုံးစဉ်းစားမိတာကတော့၊
ကောင်းစံ ၂၁ နှစ်မွေးနေ့မှာ၊ မရည်ရွယ်ဘဲ၊ ဆံရှည်ကိုယ်တော်ဆီက ငှက်ကလေး ၂၁ ကောင်ကို
ဒေါသစိတ်နဲ့ ဝယ်ပြီးလွှတ်ပေးလိုက်မိတာကိုဘဲ..ကြံဖန်..တွေးလိုက်တော့၊ ကုသိုလ်တပဲတော့
ရကောင်းပါရဲ့..ငရဲကတော့ ပိဿာချိန်နဲ့တွက် အချိန်တဆယ်လောက်ပေါ့…
No comments:
Post a Comment