ကြုံတောင့်ကြုံခဲ..ဆရာကြီးဦးဘခင်တရားစခန်း
၂၀၁၇
ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က Facebook မှာ တင်ခဲ့တဲ့ Post ကို မှတ်တမ်းအနေနဲ့ Blog မှာ ပြန်တင်တာဖြစ်ပါတယ်။
အမျိုးတို့ရေ။
နှစ်မကုန်ခင် ခွင့်လက်ကျန်လေးရတုန်း Maryland နဲ့ Pennsylvania နယ်စပ်မှာရှိတဲ့ Wesminster ဆိုတဲ့မြို့လေးနားက
ဆရာကြီးဦးဘခင်ရဲ့ တောရတရားစခန်းလေးမှာ Weekend Meditation သင်တန်းတက်ဖြစ်ပါတယ်။
ခါးခွဲထားတော့ ထိုင်တာ၊ ထတာအစက ညှာညှာတာတာလေးနဲ့ နေနေရတဲ့အချိန်ဆိုတော့၊
ကိုယ့်ကိုကိုယ်လည်း တရားမှတ်ဖို့ ငြိမ်ငြိမ်နဲ့ ကြာကြာထိုင်နိုင်ပါ့မလားလို့
သံသယတွေနဲ့ သွားဖြစ်ခဲ့တာပါ။ သွားဖြစ်တဲ့အကြောင်းကလည်း အိမ်နီးချင်း အားကိုးရတဲ့
သမီးဝါဝါမော်က မာမီအေးကုသိုလ်လုပ်တဲ့ ကြာဇံသုတ်လာပို့ရင်း၊ သူ ဦးဘခင်တရားစခန်းမှာ
၁၀ ရက် တရားမှတ်သင်တန်းတက်ဖို့သွားမယ်လို့ ပြောပြတော့၊ ထုံးစံအတိုင်း စပ်စုချင်တဲ့
ဖွားလုံးက အန်တီလည်း လိုက်လို့ရရင်လိုက်ချင်တယ်လို့ လျှာရှည်မိရာက Online ကနေ Register လုပ်ကြည့်လိုက်တော့
လက်ခံတဲ့အကြောင်းပြန်လာပါတယ်။ ဒါနဲ့ အိမ်နီးချင်း၊ သမီးလိုရင်းနှီးနေတဲ့ မီမီး
(ယမင်းလှသူဇာ) ရယ်၊ ဖွားလုံးရယ်၊ မဝါမောင်းတဲ့ကားနဲ့ ဆရာကြီးဦးဘခင်တရားစခန်းကို
မြန်းခဲ့ကြပါတယ်။
အဲဒီတရားစခန်းကို လွန်ခဲ့တဲ့
၁၈ နှစ်လောက်က တခေါက်ရောက်ဘူးပါတယ်။ အိမ်ကနေ တ နာရီခွဲနီးပါးမောင်းရတဲ့
မြို့ပြင်ကို လီလီနဲ့ သွားခဲ့ကြဘူးပါတယ်။ ညနေခင်း နေဝင်ရီတရောမှာ လမ်းပျောက်ပြီး
သင်းချိုင်းထဲတောင်ရောက်သွားခဲ့ပါသေးတယ်။ နံမည်ကြီးလှတဲ့
ဆရာကြီးဦးဘခင်တရားစခန်းကို ဝင်ချင်တယ်ဆိုပြီး မကြာခဏတွေးမိပေမဲ့
စိတ်ကနေဘဲရောက်ခဲ့တာ။ အခုတော့ တကယ်ရောက်ဖြစ်ခဲ့ပါပြီ။ ရောက်မယ့်ရောက်တော့လည်း
ဆောင်းဦးမှာ ပထမဆုံးနှင်းကျတဲ့နေ့ဖြစ်နေပြန်ရော။
ငယ်သူငယ်ချင်းတချို့ ရန်ကုန်က ဦးဘခင်တရားစခန်းဝင်ဘူးတဲ့သူတွေပြောပြလို့ ဝစီပိတ်၊ သက်သတ်လွတ်နဲ့ ဥပုသ်စောင့်ရတယ်လို့ ကြားဘူးထားပါတယ်။ အခု စခန်းက ဘုန်းကြီးမရှိ၊ လူပုဂ္ဂိုလ်က တရားနည်းပြဖြစ်ပါတယ်။ တရားထိုင်တဲ့ ဓမ္မရုံမှာ ဘုရားဆင်းတုမထားပါဘူး။ လူမျိုးဘာသာမရွေး တရားမှတ်နိုင်အောင် ဆင်းတုမထားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဆရာကြီးဦးဘခင်ဓါတ်ပုံနဲ့ ဆရာမကြီးရဲ့ ပုံတွေကို ဂါရဝပြုထားပါတယ်။ ဓမ္မာရုံရဲ့ ခေါင်းရင်းဘက်မှာ ကမ္ဘာအေးစေတီတဆူတည်ထားပြီး ဆင်းတုတော်တွေက အဲဒီမှာ ပူဇောထားပါတယ်။
မနက်
၄ နာရီခွဲကနေ ၅နာရီခွဲ တရားမှတ်၊ ၅ နာရီခွဲမှာ စုပေါင်းဘုရားဝတ်ပြု တရားနာ။ ၆
နာရီခွဲကနေ ၈ နာရီအထိ မနက်စာစားပြီး အနားယူ။ ၈ နာရီကနေ ၉ နာရီ တရားထိုင်၊
၉နာရီခွဲမှာ တယောက်ချင်းစီ တရားစစ်မေး။ ၁၀ နာရီကနေ ၁၁ နာရီတရားထိုင်။ ၁၁ နာရီမှာ
စုပေါင်းဝတ်ပြုပြီး နေ့လည် ၁ နာရီထိ ထမင်းစား၊ အနားယူ။ ၁ နာရီကနေ ၂ နာရီတရားထိုင်၊
နာရီဝက်နားပြီး။ ၃ နာရီမှာ တရားထိုင်၊ ၃ နာရီခွဲမှာနား၊ ၄ နာရီကနေ ၅ နာရီ
တရားမှတ်။ ၅ နာရီခွဲမှာ တရားစစ် ၆ နာရီခွဲကနေ ၈ နာရီအထိ ထမင်းစား၊ အနားယူပြီး ၈
နာရီမှာ စုပေါင်းဝတ်ပြု ၉ နာရီအထိ တရားမှတ်ပြီး တန်းဖြုတ်ပေါ့။
စုပေါင်းဝတ်ပြုအစမှာ ဆရာမကြီးရွတ်ဆိုပူဇော်တဲ့ ဘုရားပင့်၊ နတ်သိကြားတွေပင့်နဲ့
အသံနဲ့ ဖွင့်ပါတယ်။ တနာရီတရားမှတ်ပြီးတိုင်း မေတ္တာသုတ်ဖွင့်ပါတယ်။ တရားစခန်းဝင်သူ
၂၅ ယောက်မှာ မြန်မာ အမျိုးသမီး ၅ယောက် (အနီးအနားမှာနေတဲ့ ဆရာဝန်မလေး ၂ ယောက် နဲ့
ဖွားလုံးတို့ ၃ ယောက်)၊ ဗီယက်နမ်အမျိုးသမီးတယောက်၊ Hindu ဆရာဝန်စုံတွဲနဲ့ ကျန်တာတွေက
မျက်နှာဖြူတွေချည်းဘဲ။ Australia ကနေလာတဲ့လူလည်းပါတယ်။ Hippy
လို စုံတွဲတတွဲလည်းလာကြတယ်။ ပါဠိကနေ English လိုဘာသာပြန်ထားတာကို
နည်းပြဆရာက သူတို့တွေကိုပေးထားပြီးသားဆိုတော့ အားလုံးအဆုံးမှာ သာဓုခေါ်ကြပါတယ်။
နမောတဿ၊ သရဏဂုံသုံးပါး၊ ငါးပါး၊ ရှစ်ပါးသီလကိုလည်း ပါဠိလို ဆရာက တိုင်ပေးတိုင်း
ညီညီညာညာ ရိုရိုသေသေ ရွတ်ဆိုကြတာတွေ့ရတော့ ကြည်နူးမိပါတယ်။ သင်တန်းသူအသစ် Fresher
တွေက ၈ ပါးသီလယူဖို့မလိုဘူးတဲ့။ ထမင်းစားဆောင်က Hall ထဲမှာ စားစရာ၊ သောက်စရာတွေ မျိုးစုံ အလျှံပယ်၊ Rest ပေးတဲ့အချိန်မှာ
ကြိူက်တာယူသုံးဆောင်ဖို့ခွင့်ပြုထားတယ်။ စားသောက်ပြီး
ကိုယ့်ပန်းကန်ကိုယ်ဆေးကြောသုတ်သင်ပြီး ယူတဲ့နေရာပြန်ထားရပါတယ်။ ကျား-မ
သီးသန့်ခွဲထားပေးတယ်။
တရားမှတ်တာကတော့ မဂ္ဂင် ၈ ပါး ဗုဒ္ဒလမ်းစဉ်ကို လက်တွေ့ကျင့်ကြံအားထုတ်ရတာပါဘဲ။ ဗုဒ္ဒဘာသာရဲ့ အနှစ်သာရ နေ့စဉ်လူနေမှုဘဝမှာ လက်တွေ့ကျင့်သုံးရတဲ့ ဗုဒ္ဒလမ်းစဉ်ပါဘဲ။ သီလ၊ သမာဓိ၊ ပညာ ၈ ပါးသော အလယ်အလတ်ကျင့်စဉ်အရ၊ ပထမ သီလဆောက်တည်ရပါတယ်။ ငါးပါး၊ ရှစ်ပါး၊ ကိုယ်ထိန်းနိုင်တဲ့သီလဆောက်တည်ပြီး၊ သမာဓိခိုင်တော့မှ၊ ဝိပဿနာဆိုတဲ့ ပညာကို ဆက်အားထုတ်ရမယ့်သဘောပါ။
သီလ Morality ကနေစပြောရမယ်ဆိုရင်.. သမ္မာဝါစာ (အမှန်ပြောခြင်း) Right Speech, သမ္မာကမန ္တ(အမှန်လုပ်ခြင်း) Right Action and သမ္မာအာဇီ၀ (အမှန်အသက်မွေးခြင်း) Right Livelihood. Right speech/ wrong speech ဘာမှမဖြစ်ရအောင် ဝစီပိတ်ခိုင်းလိုက်တာပါဘဲ။
ဒါလေးများ
ဘာခက်လို့လဲပေါ့။ လက်တွေ့ကျတော့ ဒိုးခနဲ့ လှလှတွေ့တော့တာပါဘဲ။ နေဖို့ပေးတဲ့ အခန်းက
၃ ယောက်ခန်း။ ၂ ထပ်ကုတင်တလုံးနဲ့ တယောက်အိပ်ကုတင်တလုံး။ အမေရီကားက Motel တွေ
အဆင့်ထက်သာတဲ့ ရေချိုးခန်းအိမ်သာ သန့်ပြန့်အဆင်ပြေတဲ့အခန်းပါ။ တရားစခန်း ဝင်တဲ့လူ
မ-၁၅၊ ကျား-၁၀ ရှိပါတယ်။ မဝါနဲ့ တခန်းတည်းနေရပါတယ်။ ၃ ယောက်ခန်းမှာ ၂ ယောက်ပေါ့။
တစိမ်းနဲ့ဆိုရင်တော့ ဝစီပိတ်ကဘာခက်မှာလဲ။ ပြုံးပြရုံပေါ့။ မဝါနဲ့က တွေ့တာနဲ့
သားအမိတွေလို တွတ်ထိုးနေကြဆိုတော့၊ ပါးစပ်ပိတ်ထားရတာ တော်တော်ခက်တာဘဲ။
ရန်ဖြစ်ထားလို့ မခေါ်မပြောနေရသလိုခံစားရတာ။ တညအိပ်ပြီးနောက်တနေ့
တရားဖြုတ်အနားပေးတဲ့အချိန် မဝါက အခန်းပြင်ထွက်သွားပြီးပြန်အလာ ဝစီပိတ်ကိုမေ့ပြီး
သမီးရေသွားချိုးတာလားလို့မေးမိတယ်။ မဝါကပြုံးပြတော့မှ
ဟောတော့မေ့လို့ဆိုပြီး..ဘရိတ်အုပ်လိုက်ရတာ။ နောက်တော့ အကျင့်ရသွားပါတယ်။ သီလအရ
သမ္မအာဇီဝ-အသက်ဝမ်းကျောင်းနဲ့ နေ့စဉ်လူနေမှုဘဝမှာလည်း မတရားတာမလုပ်တော့
သီလအသင့်အတင့်ရှိပြီလို့ ပြောရမှာပေါ့လေ။ (အရင်ကလုပ်ထားတဲ့ အပြစ်တွေကို
တရားစခန်းဝင်တုန်း၊ ခဏမေ့ထားလိုက်တယ်။)
သမာဓိ Concentration – သမ္မာဝါယာမ (အမှန်အားထုတ်ခြင်း) Right Effort သမ္မာသတိ (အမှန်အောက်မေ့ခြင်း) ။ Right Mindfulness and သမ္မာသမာဓိ (အမှန်တည်ငြိမ်ခြင်း) Right Concentration… သမာဓိ..ကတော့..ဖျားဖျား..တ..ယူရတယ်။ အသက်ကသေခါနီးဆိုတော့လည်း ငရဲကြောက်ကြောက်နဲ့ မဆိုသလောက် တရားထိုင်ဘူးပါတယ်။ အင်းစိန်လမ်းက ညောင်ကန်အေးဆရာတော်ကျောင်းမှာ အခါတွင်း ၁၀ ရက်စခန်းမကြာခဏဝင်ဘူးပါတယ်။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာရင်း ထိုင်ခဲ့ဘူးတဲ့နည်းနဲ့က ရင်းနှီးနေခဲ့တာ။ နောက် ပဋိစ္စသမုပါဒ်ကိုလည်း အနည်းအပါးတီးမိခေါက်မိလောက်တော့ လေ့လာထားဘူးပါတယ်။ ရာစုနှစ်ရဲ့ လေးပုံတပုံလောက်တယောက်တည်းနေခဲ့တော့လည်း ဆိတ်ငြိမ်နေတဲ့အခါမှာ တရားထိုင်ဖြစ်ပါတယ်။ သတိရှိရှိနဲ့ မှတ်တဲ့သဘောပါ။ ဆရာကြီးဦးဘခင်စခန်းအတွက် Registration လုပ်တော့ ပုံစံဖြည့်ရပါတယ်။ အဲဒီမှာမေးထားတာက တရားစခန်းဝင်ဘူးလား၊ ဘယ်လိုနည်းနဲ့ထိုင်ဘူးလဲ။ စသဖြင့်ပေါ့။ အော်..တရားထိုင်တာတွေနဲ့ ပတ်သက်ရင်တော့ ကိုယ်က မူကြိုအဆင့်ထက်မပိုဘူးလို့ သဘောထားပြီး လူသစ်တန်းအနေနဲ့ ဘဲ ဖြည့်ထားတာ။ White lies ဆိုပေမဲ့ မုသာဝါဒတော့ Minus ပြပြီးသား။
သမာဓိလေ့ကျင့်ခန်းက အာနပါန ဝင်လေ၊ ထွက်လေနဲ့ နှာဝနဲ့ အပေါ်နှုတ်ခမ်းကြား လေထိတဲ့အသိကိုသတိနဲ့ မှတ်ရတာပါ။ ဒါလေးများ ရှူတယ်၊ ထုတ်တယ်။ ထိတယ်ပေါ့။ အောင်မြတ်လေး မှတ်ကြည့်တော့မှ အလွယ်ဆုံးအသက်ရှူတာကို တချိန်လုံးမှတ်ရတာ အခက်ဆုံးဖြစ်တော့တာပါဘဲ။ မဟာစည်နည်းလို ဝေဒနာလည်းမရှုရတော့ အာရုံစိုက်ရတာအတော်အားထုတ်ရပါတယ်။ ခါးခွဲထားတာ နာလံထဆိုပေမဲ့ မထင်မှတ်လောက်အောင် တနာရီအပြည့်ခြေမကြင်ဘဲထိုင်နိုင်ပါတယ်။ အာနပါနက ရှုနေကျမဟုတ်တော့ အစပိုင်းမှာခက်ပါတယ်။ ဆရာတရားစစ်တဲ့အချိန် မြင်တာ၊ ဖြစ်တာပြောဆိုတော့၊ ထိုင်နေကျ တည်ငြိမ်လာရင် စိတ်ကအေးဆေးပြီး နဖူးအထက်ပိုင်းမှာ လင်းနေသလို၊ မျက်စေ့ထဲမှာလည်း ခရမ်းပြာအရောင်စက်ဝိုင်းက ဝေးသွားလိုက်နီးလာလိုက်နဲ့ လူရောစိတ်ကိုပေါ့ပါးပြီး တခါတလေ လူပါပျောက်သွားသလိုခံစားရတာကိုပြောပြမိတော့၊ အဲဒါတွေမေ့ထားလိုက်ပါတဲ့၊ သဘောကတော့ “A little knowledge is a dangerous thing” ပေါ့။
မြင်တာတွေ၊
ခံစားရတာတွေက ပျောက်သွားတတ်ပါတယ်တယ်တဲ့။ မသေမချင်းမပျောက်တာက အာနပါနပါဘဲတဲ့။
အဲဒါကြောင့် အာနပါနမှတ်နေရင်း စိတ်ပြန့်လွင့်ရင် အသက်ပြင်းပြင်းရှှုသွင်းပြီး
ပြန်အာရုံစိုက်ကြည့်ဖို့ တိုက်တွန်းပါတယ်။ သူ့နည်းအတိုင်း
အာရုံစိုက်လိုက်မှတ်တဲ့အခါ နှာသီးဖြားကထွက်တဲ့လေ
နှုတ်ခမ်းအပေါ်ကိုထိတဲ့အသိခံစားမိလာပါတယ်။
နောက်တခါတရားစစ်တော့..ဆရာ့နည်းကအိုကေပါတယ်။
ဒါပေသိ..သိတဲ့အတိုင်း..
My
mind is wandering around the world and been to Rangoon from time to time လို့ဖြေခဲ့ရပါသေးတယ်။ အဲဒီ နှာဖြားကထွက်တဲ့လေက နူးညံ့လွန်းတော့ သိပ်မသိသာဘူးလေ။
နောက်တခါတရားစစ်တော့ This breath is really delicate and it’s barely
noticeable. It’s like unbearable lightness of being ဆိုတော့
ဆရာနဲ့ ဓမ္မမိတ်ဆွေတွေက ပွဲကျသွားပါလေရော။ ဆရာကတရားထိုင်ရင်
စိတ်ပြန့်လွင့်တာများရင် ချုပ်မထားဘဲ နေသာသလိုထိုင်၊ လမ်းထလျှောက်၊ Flexible
ဖြစ်အောင်နေခိုင်းပါတယ်။ မဟာစည်မှာလို စင်္ကြန်လျှောက်တာမပါပေမဲ့
လမ်းလျှောက်ပြီး အညောင်းဖြေလို့ရပါတယ်။
၃ ရက်တရားစခန်းကနေ သမာဓိရအောင် အားထုတ်ခဲ့တာ နှမ်းတစေ့တောင်မဟုတ် သဲတပွင့်ရဲ့ အပုံတရာပုံတပုံလောက်၊ အထိုက်အလျောက်ရခဲ့တယ်ဘဲဆိုပါစို့။ ၁၀ ရက်စခန်းမှာ ၅ ရက်က သမာဓိသဘောသိအောင် ကျင့်၊ ကျန် ၅ ရက်က ပညာသဘောကို သိအောင်ကျင့်ကြံအားထုတ်ခိုင်း တာဖြစ်ပါတယ်။ ပညာ Wisdom – သမ္မာဒိဌိ (အမှန်သိခြင်း) Right Understanding and သမ္မာသင်္ကပ (အမှန်ကြံစည်ခြင်း) Right Aspiration. သမာဓိကိုတောင် မူကြိုအဆင့် မပြီးခဲ့ဘဲ ပြန်လာခဲ့တဲ့ အတွေ့အကြုံကို မျှဝေလိုက်တာပါ။ အိမ်မှာဆက်ပြီးမှတ်ဖို့ ဆရာကတိုက်တွန်းပါတယ်။ နွေရာသီ ၁၀ ရက်စခန်းအတွက် စိတ်ကိုပြင်ဆင်နေမိပါတယ်…ငယ်ငယ်ကတည်းက ဦးဘခင်တရားစခန်းဝင်ခဲ့တဲ့ သူငယ်ချင်းတွေကပြောကြမှာဘဲ။ မိလုံးတယောက်အခုမှ ဘာအရူးထပြီး တရားစခန်းဝင်၊ အကျွတ်တရားရနေပါလိမ့်ပေါ့…
နည်းပြဆရာက ဘယ်ဘာသာဝင်မဆို ဗုဒ္ဒဘာသာကို လေ့လာချင်ရင် ဗုဒ္ဒဟောခဲ့တဲ့ ကာလာမသုတ်အရ၊ သူများအပြော၊ အကြားမဟုတ် ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ပါလို့ အခုလိုဖတ်ပြပါတယ်။
“When
the Buddha was alive, he said to the Kāḷāmas:
Now look, you Kāḷāmas. Be not misled by report
or tradition or hearsay. Be not misled by proficiency in the collections, nor
by reason or logic, nor after reflection on and approval of some theory; nor
because it conforms with one’s inclination nor out of respect for the prestige
of a teacher. But Kāḷāmas, when you know for
yourselves, these things are unwholesome, these things are blameworthy, these
things are censured by the intelligent; these things, when practiced and
observed, conduce to loss and sorrow; then do 11 you reject them. But if at any
time you know for yourselves, these things are wholesome, these things are
blameless, these things are praised by the intelligent; these things when
practiced and observed are conducive to welfare and happiness; then Kāḷāmas should you, having practiced them, abide
therein.”
http://www.internationalmeditationcenter.org/
Zawgyi
No comments:
Post a Comment