Tuesday, December 23, 2014

Poignant Glimpse of My Teenage Life


မေမြို့သမင်လည်ပြန် - အတိတ်ခြေရာ... အပိုင်း (၂)

ကျမ စာမတော်ခဲ့သလို အပတ်တကုတ် ကျိုးစားတာမျိုးလည်း မရှိခဲ့ပါဘူး။ စာမတော်ပေမဲ့ ကျောင်းမှာ ဘာပွဲ လုပ်လုပ် ရွှေမိလိုနေရာတကာပါတာကြောင့် လူသိများပါတယ်။ ပေါ်ပြူလာဖြစ်တယ်လို့မဆိုလိုပါဘူး။ Popular ဆိုတာက လူကြိုက်များတာလေ။ မောင်နှမ ၇ ယောက်မှာ အမကြီးက အဲဒီတုံးက ရန်ကုန်ဆေးကျောင်းတက်၊ အကိုက စစ်တက္ကသိုလ် ဗိုလ်လောင်း၊ ကျမအထက်မကြည်က ကျမထက်တတန်းကြီး၊ မောင်တွေဖြစ်တဲ့ ပေသီး၊ ကျော်ဇောနဲ့ ဂျုံဂျစ်တို့က အလယ်တန်းနဲ့ မူလတန်းကျောင်းသားတွေပေါ့။ မောင်နှမ ၅ ယောက်စလုံး အထက (၁) မှာဘဲ တက်ခဲ့ကြတော့ မောင်နှမတွေကြောင့်လည်း ကျမကိုလူသိများတာဖြစ်ပါတယ်။ ခင်နှင်းတို့က မောင်နှမ ၁၂ ယောက်၊ ကျမတို့က ၇ ယောက် ကျမအမကြီးနဲ့ ခင်နှင်းအမကြီးတို့က ဆေး ၁ မှာအတူတူ၊ ခင်နှင်းညီမ နုနုစိန်က ပေသီးနဲ့၊ ညိုညိုကကျော်ဇောနဲ့ အတန်းတူ၊ ဆရာမတွေကတော့ မကြည်ကအေးတယ်၊ လုံးကတော့ အရမ်းသွက်တာဘဲလို့မှတ်ချက်ပေးလေ့ရှိပါတယ်။ (အရမ်းကဲတာဘဲလို့ဆိုလိုတာဖြစ်မှာပါ)။

၈ တန်းတုံးကတော့ ပြောင်းလာကာစ ငယ်ကလည်းငယ်သေးတော့၊ ကျမဘယ်လှုပ်ရှားမှုမှာမှမပါခဲ့ရပါဘူး။ ခင်နှင်း က မှ နံရံကပ်စာစောင်အတွက် ကဗျာစပ်ဘူးသေးတာ။ သူကလည်း တပုဒ်ဆို ဆိုသလောက် ပေါက်ပါတယ်။ ပထ၀ီဆရာမ ဒေါ်သန်းညွန့်ကို ဒေါသူပုန်ထစေတဲ့ သူ့ရဲ့ ကဗျာကို ဒီနေ့ထိ အလွတ်ရနေပါသေးတယ်။

“ပထ၀ီပညာ
သင်ကြတာ
လူအများ
တကယ်တတ်ခဲ့ရင်ဖြင့်
နယ်ချဲ့ဖို့လား” တဲ့။

ခင်နှင်းရဲ့ ကလောင်နံမည်က စကြ၀တေး။ ဆရာမက ဘယ်သူမှန်းမသိဘဲ စားပွဲကို ကြိမ်နဲ့ရိုက်ပြီး အမလေး နံမည်က စကြ၀တေးတဲ့၊ ပထ၀ီပညာမတတ်ရင် ကမ္ဘာ့မြေ အနေအထား၊ မြေပုံတွေ ဗဟုသုတတွေ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဘာညာနဲ့ ဆူခဲ့ဘူးပါတယ်။ ကျမ ကတော့ စကြ၀တေးဆိုတာ ဘာမှန်းတောင်မသိဘဲ ခင်နှင်း နင့်ကလောင်နံမည်ကလည်း ဘာကြီးလဲဟဲ့ ဆိုတော့ စကြ၀ဠာကို အုပ်စိုးတဲ့မင်းတဲ့။ ဘုရားဘုရား။ သူက ၁၄ နှစ်အရွယ် တရုပ်မလေးပေမဲ့ စာကြီးပေကြီးတွေ၊ ၀တ္တုတွေခိုးဖတ်နေပြီလေ။ ၈ တန်းအေက သူငယ်ချင်းဆန်းဝင်းကလည်း အဲဒီအရွယ်မှာ မသည်းအူဆိုတဲ့ ကလောင်နံမည်နဲ့ စာတိုပေစတွေ ပိုးထပြီးရေးခဲ့တာမှတ်မိပါသေးတယ်။ ခင်နှင်းကအတန်းထဲမှာလည်း ၀တ္တုတွေခိုးဖတ်နေကျ၊ အိမ်မှာဖတ်ရင် အဆူခံရမှာစိုးတာရယ်၊ ညမီးရောင်ကအားနည်းတာရယ်ကြောင့် ကျောင်းမှာခိုးဖတ်တာ။ သူဖတ်တော့ ကျမလည်းဓါတ်ကူးပြီး လိုက်ဖတ်၊ အမေသိသွားလို့ပေါင်တွင်းကြော အလိမ်ခံရတာခဏခဏ။ ခင်နှင်းက မြသန်းတင့်၊ သိန်းဖေမြင့်၊ ကြည်အေး၊ ခင်ဆွေဦး၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ ယုဝတီခင်စိန်လှိုင်၊ တက္ကသိုလ်ဘုန်းနိုင် အစရှိတဲ့ နံမည်ကြီးတွေကအစ ထွက်သမျှ ၀တ္တုမကျန်အောင်ကို ဖတ်တော့တာ။

သိပ်ကြောက်ရတဲ့သင်္ချာ ဆရာဦးအေးမောင်က ဘာဖြစ်လို့လည်းမမှတ်မိပေမဲ့ မြန်မာစာလည်း ကျမတို့ကိုသင်ပေးဘူးပါတယ်။ (မြန်မာစာဆရာမ မမတင်နေမကောင်းတဲ့အခါလည်းဖြစ်နိုင်ပါတယ်)။ သူသင်တဲ့နေ့ဆိုရင် တယောက်တလှည့်စီ စကားပြေတွေ ကို အသံနေအသံထားနဲ့ ဖတ်ခိုင်းပါတယ်။ ကဗျာတွေကိုလည်း အလွတ်ရအောင်ရွတ်ခိုင်းလေ့ရှိပါတယ်။ သူ့ကိုကြောက်လို့ ကျက်ခဲ့ရတဲ့ကဗျာတွေက အခုထိခေါင်းထဲကမထွက်သေးပါဘူး။ မြကေတု ရဲ့ ကေတုမတီ တောင်ငူပြည်သို့ ဆရာရောက်ခဲ့ပါပြီ အစချီတဲ့ ဆောင်းပါးမှာပါတဲ့ မြကန်သာကဗျာလေးကို အလွတ်ရနေဆဲပါ။

“မြကန်သာ၊ တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်သာ
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဘုံဝတိန်ကနန္ဒာလော
တူစွ ဟုတ္တာ။”
(အမည်မသိစာဆို)

ဒီကဗျာတင်မကပါဘူး။ အလယ်တန်းနဲ့ အထက်တန်းမြန်မာစကားပြေနဲ့ ကဗျာ့လက်ရွေးစင် တွေထဲမှာသင်ခဲ့ရတဲ့ အားလုံးမဟုတ်ပေမဲ့ တချို့ကို အခုထိမမေ့သေးပါဘူး။ မင်းသုဝဏ်၊ ဇော်ဂျီ၊ တင်မိုး၊ မောင်စွမ်းရည် စတဲ့ ဆရာကြီးတွေရဲ့ ကဗျာတွေနဲ့ သိပ္ပံမောင်ဝရဲ့ ၀တ္တုတိုတွေဟာ မြန်မာစာပေမြတ်နိုးအောင် ကျမကို ပျိုးထောင်ပေးခဲ့တဲ့ကျောင်းစာတွေပါဘဲ။

ကျမ ၉ တန်းရောက်တဲ့နှစ်မှာ မေမြို့ ၇၅ နှစ်နှစ်ပတ်လည် စိန်ရတုပွဲနဲ့ ကြုံပါတယ်။ ကွယ်လွန်သူရုပ်ရှင်မင်းသား ၀င်းဦး မေမြို့ ကိုလာပြီးဖျော်ဖြေခဲ့ပါသေးတယ်။ အဲဒီပွဲမှာ ချိုချိုအေးနဲ့လား ကြည်ကြည်လှနဲ့လား (သေချာမမှတ်မိတော့) တွဲပြီး ကျမ မင်းသားလုပ်ပြီး မြိုင်ထ နှစ်ပါးသွားကခဲ့ပါသေးတယ်။ ကျောင်းကပွဲတွေ၊ ကထိန်ပွဲ၊ သံချပ်ပြိုင်ပွဲတွေမှာလည်း မင်းသားအဖြစ် ချိုအေး နဲ့ ကြည်လှ မင်းသမီး ၂ လက်နဲ့ မြိုင်ထ ကခဲ့တာပါဘဲ။ အဲဒီတုံးက မန္တလေးပန်တျာကျောင်းက ရောင်ထုံးနဲ့ ဆရာကြီး ဦးသန်းအောင်နဲ့ အကဆရာမတဦး ကျောင်းမှာလာသင်ပေးခဲ့ပါတယ်။ ရုပ်ကြီးစင်ပါ ကတတ်အောင်သင်ပေးခဲ့ပေမဲ့ ဇွဲကမရှိတော့ စတိလောက်သာကနိုင်ခဲ့ပါတယ်။

ကျောင်းကထိန်ပွဲမှာပြိုင်ပွဲဝင်မယ့် ၉ တန်း စီ သံချပ်အဖွဲ့ကို စာရေးဆရာ တောင်တွင်းကအောင်သင်း - ကွယ်လွန်သူ ဆရာဦးအောင်သင်းက ခွန်းထောက်တွေ၊ သံချပ်တွေရေးပေးခဲ့ပါတယ်။ အဲဒီ ခွန်းထောက်နဲ့ သံချပ်တပိုင်းတစ ကို ခုထိအလွတ်ရနေပါသေးတယ်။ ခွန်းထောက်ဆိုတဲ့သူငယ်ချင်းက အတန်းထဲမှာ အသက်အကြီးဆုံး နံမည်မေ့နေပါတယ်။  ကြတ္တိကာ… ကြတ္တိကာ……ကြယ်ပြိုင်ရွှန်း…..ထွန်း….ထွန်းတဲ့ ထက်ခွင်… ။ တန်ဆောင်ပြည့်ဝန်း ကြတ္တိကာ၊ နက္ခတ်တာရာ လည်း စုံတဲ့ဆောင်းဦး။ xxxxxx ဆွမ်းဆန်ထဲမှာ ကြွက်ချေးပမာ..ရောလို့နေတာ..သူတို့၊ သူတို့။ စတဲ့ သံပြိုင်သံချပ်တွေကို တခါတလေ ကျမတယောက်တည်း ဆိုနေမိတတ်ပါတယ်။ စင်ပေါ်တက်တဲ့ သံချပ်အဖွဲ့မှာ ကိုစီ (ခင်မောင်စီ)၊ ၀င်းမြင့်၊ ၀င်းဇော်တို့ပါသလို အောင်သန်း က ဦးရွှေရိုး ကပါတယ်။ တခြားလူတွေမမှတ်တော့ပါဘူး။ ဆရာဦးအုန်းချိုရဲ့ ကြီးကြပ်မှုနဲ့ ၀င်းဇော်နဲ့ ၀င်းမြင့်တို့ဦးဆောင်တဲ့ ၀တ်စုံပြာဝတ်အဖွဲ့က တရုပ်ယိမ်းထွက် ခဲ့တဲ့ကြတာကိုတော့ အဲဒီတုံးက ကျမမောင်လေး အငယ်ဆုံး ၄ တန်းကျောင်းသား ဂျုံဂျစ်က အခုချိန်ထိ သဘောကျလို့ မဆုံးပါဘူး။

ဆရာဦးအောင်သင်းရဲ့ ကျေးဇူးနဲ့ ကျမတို့သံချပ်အဖွဲ့ ပထမ ရတော့ တတန်းလုံးပျော်လိုက်ကြတာ ၀က်ဝက်ကွဲပါဘဲ။ ကျမက မင်းသမီး ၂ လက်နဲ့ က၊ ခင်နှင်းက မြိုင်ထ သီချင်းဆိုရပါတယ်။ အဲဒီတုံးက ကက်ဆက်တွေဘာတွေမရှိသေးတော့ သူငယ်ချင်းတွေရဲ့ အိုးစည်၊ ဒိုးပတ်ဝိုင်း၊ သံစုံတီးဝိုင်းနဲ့ ဆိုတဲ့သူကဆိုပေါ့။ ကျမကတော့ ၀ါးလက်ခုတ် တောင်ဖြောင့်ဖြောင့်မတီး တတ်ပါဘူး။ ချိုအေးနဲ့ ကြည်လှကလည်း လိုက်ဖက်ညီတဲ့ အကကောင်းတဲ့ သူငယ်ချင်းတွေပါဘဲ။ အမေက မကြည်နဲ့ကျမကို မန္တလေးပိုးချိတ်လုံချည် ပန်းရောင်ဆင်တူဝယ်ပေးထားပါတယ်။ ကျမက မင်းသားလို က တော့ တထည်ကို ထမီလိုဝတ်၊ မကြည်လုံချည်ကို မင်းသားတောင်ရှည်ပုဆိုးရဲ့ ခါးပုံစလို ဗိုက်မှာထိုးညှပ်ပြီးဝတ်ခဲ့တာ။ ပြိုင်ပွဲမှာ ပထမ ဒိုင်အဖွဲ့က အမှတ်ပေါင်းမှားလို့ ကျမတို့က ဒုတိယဖြစ်နေရာက ပြန်စစ်တော့မှ ပထမလို့ကြေညာလိုက်တဲ့အခါ ခါးပုံစလုပ်ထားတဲ့ လုံချည်ကို ဆွဲထုတ်ပြီး လေထဲကိုမြှောက်ပစ်လိုက်တာ။ ဘယ်သူ့ခေါင်းပေါ်ကျသွားသလဲ မမှတ်မိတော့ပါဘူး။ ညနေစောင်း နေကလည်းထိုး လုံချည်ကလည်းပါးတော့ စင်ပေါ်မှာ ကတ်ကျေးဖြစ်နေတာပေါ့တဲ့ (ပေါင် ၂ ချောင်း အထင်းသားပေါ်နေတာကိုပြောတာပါ) ခင်နှင်းပြောပြတာပါ။ အပျော်လွန်နေတော့မရှက်ပါဘူး။

"တံခွန်တိုင်…ကုက္ကားနဲ့ ရွာထိပ်နားမဏ္ဍပ်မှာ၊ ဗျောဆရာကိုသာအေး တီးလို့သာယာ၊ ကာလသားညံစာစာ၊ ဟန်ပါပါဆိုလိုက်သေး၊ ကိုရင်ညိုမောင်သာဆန်းမှာ နန်းကနဲ့ ကွေး..ဆိုတဲ့ ကဗျာလေးကို သီချင်းလုပ်ဆိုတဲ့ မူလတန်းနဲ့ ကျောင်သူကျောင်းသားတွေရဲ့ ရှင်ပြုပွဲသရုပ်ပြတဲ့ အခင်းအကျင်းကိုလည်းကြိုက်ခဲ့ မိပါရဲ့။

ကထိန်မှာ လှူ  ဖွယ်တွေကို အတန်းလိုက်အပြိုင်အဆိုင် အလှဆင်ကြ၊ (အဲဒီတုံးက တံမြက်စည်း ၂ ချောင်းကို အလယ်က ယှက်တဲ့ စတိုင်လေ)၊ ၀ိုင်းဝန်းချက်ပြုတ် စားသောက်ကြ၊ အမေကရှုတ်လို့ဆိုပြီး မခေါ်လို့ မရောက်ဘူးတဲ့ မေမြို့ဈေးကို အဲဒီနေ့ကမှ သူငယ်ချင်းမငြိမ်းဦးဆောင်တဲ့အဖွဲ့နဲ့ ဈေးဝယ်ထွက်ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ လူမျိုးဘာသာမရွေး စားနိုင်အောင် သတ်သတ်လွတ် ခေါက်ဆွဲကြော် လုပ်စားကြတာ။ စားဖူးသမျှထဲမှာ အရသာအရှိဆုံးခေါက်ဆွဲကြော်ပါဘဲ။

ကျောင်းက စကားရည်လုပွဲ၊ ကျဘမ်းစကားပြောပွဲနဲ့ အသင်းလိုက် ဗဟုသုတ ဉာဏ်စမ်းပွဲတွေကိုလည်း တိုက်ဆိုင်မှုရှိတဲ့ အခါတိုင်းသတိရနေဆဲပါ။ မိန်းမနဲ့ ယောက်ကျားဘယ်သူက ပိုပြီး အရေးပါသလဲဆိုတဲ့ ခေါင်းစဉ်မျိုးမှာ အမိမြန်မာပြည်လို့ဘဲရှိတာ၊ အဖမြန်မာပြည်လို့ မခေါ်ကြပါဘူးဆိုတဲ့ စကားတခွန်းကို သဘောအကျဆုံးဖြစ်ခဲ့ရပါတယ်။

ကျမကို စာပေးသူတွေ၊ လိုက်တဲ့သူတွေအားလုံးနဲ့ အခင်အမင် မပျက်နေနိုင်ခဲ့ပါတယ်။  ၉ တန်းနှစ်မှာဘဲ မှတ်မှတ်ရရ ခင်နှင်းနဲ့ ကျမ ၂ ယောက်သား တခြားအတန်းငယ်တွေက ကောင်မလေးချောချောတွေ။ အတန်းကြီးက အမလှလှလေးတွေကို လိုက်ငမ်းကြပါတယ်။ တခါတလေ အိမ်ကခူးလာတဲ့ ပန်းတွေတောင်ပေးလိုက်သေး။ ၈ တန်းက ကျောင်းသူအသစ်လေး ခင်ဝါ၀ါ၊ ၁၀ တန်းက ယဉ်ယဉ်လေးနဲ့လှတဲ့ ဗိုလ်မှူးသမီး မမဒေစီလှ၊ ၇ တန်းက ပါးကွက်လေးနဲ့ နန်းဆန်ဆန် ပန်းပန်လေ့ရှိတဲ့ အေးအေးဝင်း၊ Convent က ပြောင်းလာတဲ့ ပုံနှိပ်တိုက်ပိုင်ရှင်သူဌေးသမီး ဖရီဒါ နဲ့ ဖရိုဇာ၊ ကြွကြွလေး ချစ်စရာကောင်းတဲ့ ခင်မမ စသဖြင့်ပေါ့။ ခုခေတ်ဆိုရင်တော့ Lesbian လို့ပြောကြမလားဘဲ။ တကယ်တော့ မိန်းကလေး အချင်းချင်းလှတာကိုဘဲ ကြည့်ချင်တာ သဘာဝကျပါ တယ်။ ယောက်ကျားလေးချောချောကို လိုက်ကြည့်ဖို့ ဒီနေ့အထိ တခါမှ မတွေးမိတာအမှန်ပါ။ အဲဒီလို ကောင်မလေးတွေကို လိုက်ကြည့်မှု၊ နေရာတကာပါလေရာဖြစ်မှုတို့ကြောင့် ၀င်းဇော်တို့က ကျမကိုအစုံရလို့ “ဘုံစု” ရယ်လို့တောင် နံမည်ပြောင်ပေးခဲ့ကြပါတယ်။

အဲဒီတုံးက မေမြို့မှာ ဆောင်တွင်းဆို လမ်းလျှောက်ပွဲတွေ၊ အားကစားပြိုင်တွေ၊ လွတ်လပ်ရေးနေ့ပြိုင်ပွဲတွေနဲ့ စည်ကားလှပါတယ်။ ချိုအေးနဲ့ ကျမက အားကစားပြိုင်ပွဲတွေမှာ ဆုဘန်းကိုင်ရလေ့ရှိပါတယ်။ ခုခေတ်လို ၀တ်ကောင်းစားလှတွေဝတ်ရတာ မဟုတ်ဘဲ ကျောင်းဝတ်စုံ အဖြူ အစိမ်းနဲ့ဘဲ ဘန်းကိုင်ကြရတာပါ။ အထကကျောင်းသားတွေတင်မဟုတ်ဘဲ စစ်တက္ကသိုလ်က ဗိုလ်လောင်းတွေပါ ယှဉ်ပြိုင်တဲ့ အားကစားပြိုင်ပွဲတွေဆိုတော့ ဗိုလ်လောင်းတွေကြားမှာလည်း ချိုအေးနဲ့ ကျမကို လူသိများပါတယ်။ ပိန်ပိန်သွယ်သွယ်ပါးချိုင့်လေး ၂ ဘက်နဲ့ ချစ်စရာကောင်းတဲ့ ချိုအေးကို အထက (၁) မှာလည်းကြိုက် တဲ့ ကောင်လေးတွေ မရေတွက်နိုင်ပါဘူး။

တချိန်က ခေတ်စားခဲ့တဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ဘယ်သူဆိုတာလဲမမှတ်မိတော့ပါဘူး။ “လေပြေလေးတဖြူးဖြူး ပြောင်းခင်းလေးတွေ၊ တငြိမ့်ငြိမ့်မြူး ဧရာဝတီမြစ်ရေ သွင်မြူး၊ လှေကလေးလှော်ကာ ကြည်နူး ခွန့်တုံ့လှယ်စကားနဲ့ မြူး  ရည်စူးဒီတန်ခူးပေါင်းကြရန် ဒို့ နှစ်ဦး မြတ်စန္တေ ထံဖူး” ဆိုတဲ့သီချင်းကို အထကကျောင်းသားတွေကဖျက်ပြီး ကျမတို့ဆံတိုဂုတ်ဝဲအဖွဲ့ ကို စောင်းမြောင်းပြီး ဆိုခဲ့ ကြတာကို မှတ်မိပါသေးတယ်။“ဆံပင်လေးတဖါးဖါး၊ ကျောင်းကြီးရှေ့မှာ လျှောက်လို့သွား..အိုက်တင်တွေပေးကာသူလျှောက်လာ..စာကလေးတစောင်ယူမလား မေးလိုက်ရင်၊ သူကြိုက်သား…ရင်ကား…တင်ကား..ပြုံးလိုက်ရင် သူအလှသား..အဲဒါကျနော့်ရည်းစား..ကျနော်ကကြိုက်တာ ဒီကောင်မလေးပါ၊ ကျနော်ကကြိုက်တာ ဟိုကောင်မလေးပါ….” တဲ့။

No comments:

Post a Comment