မေမြို့သမင်လည်ပြန် - အတိတ်ခြေရာ (အပိုင်း ၅)
ကြိုတင်မပြောထားဘဲ
ငယ်သူငယ်ချင်းတွေကို တတ်နိုင်သလောက်စုပြီး ကျွေးမွေးပြုစုမယ့်နေ့ ရောက် ပါပြီ။
ဆရာမဒေါ်မြသောင်းတင်က ခင်မာသန်းကို ၀င်ခေါ်ခဲ့ပြီး ကျမတို့ကို ကားနဲ့လာခေါ်ပေးပါတယ်။
စီတိုး လည်းရောက်လာတော့ ကျမနဲ့ စီတိုးက Dennis တို့ကို ၀င်ခေါ်ဖို့ ထွက်ခဲ့ပါတယ်။
Dennis တို့ စုံတွဲကဆိုင်ကယ်နဲ့ လိုက်ခဲ့ပါ့မယ်တဲ့။ မပူမအေး တိမ်ကင်းစင်လှတဲ့
သာယာလှပတဲ့ ဆောင်းနေ့လေး တနေ့ပါဘဲ။ ဆိုင်ကလည်း အပြင်က Deck Terrace မှာ လူ ၂၀ စာ
အဆင်ပြေအောင် ထီးလှလှ ကလေးတွေနဲ့ ပြင်ဆင်ပေးထားပါတယ်။ ဆိုင်ရောက်တော့
မမှတ်မိတော့တဲ့ သူငယ်ချင်း တချို့ ရောက်နှင့်နေကြပါပြီ။ ကိုသန်းလှဆိုသူက
သူကမကြည်တို့အတန်းက ကျမနဲ့အတန်း မတူပေ မဲ့ ရောက်နေတယ်ကြားလို့ လာနှုတ်ဆက်တာပါတဲ့။ မကြည်ကို
ကြိုက်ခဲ့ဘူးတဲ့ သန်းလှဖြစ်မှာပါဘဲ။ အတန်းမတူလည်း ကျောင်းနေဘက်ပါဘဲ။
တွေ့ရတာဝမ်းသာမိပါတယ်။
မုတ်ဆိတ်တွေဖြူဖွေးနေပြီး
ရှေ့သွားမရှိတော့တဲ့ ကုလားကြီးတယောက်လည်းပါရဲ့။ သူကလည်း တတန်း တည်းတက်ခဲ့ကြတဲ့ မျိုးမြင့်တဲ့။
ကျမကိုကြိုက်ဘူးတဲ့ သွားခေါခေါအပုလေးမျိုးမြင့်မဟုတ်ပါ။ ကိုစီ နဲ့ စီတိုးက
သူငယ်ချင်းတွေကို အကြိုအပို့လုပ်ပေးကြပါတယ်။ ဂျိုင်းထောက်နဲ့ ထွန်းအောင်လည်း
သူ့တူက ဆိုင်ကယ်နဲ့ လာပို့ပေးပါတယ်။ ထွန်းအောင်ကိုတွေ့ရတော့ ငိုချင်စိတ်ကို
မနည်းမြိုချရင်း နှုတ်ဆက်လိုက်ပါတယ်။ နဂိုက ခြေတဘက်မရှိတဲ့ ဂျိုင်းထောက် ၂ ဘက်နဲ့
ပိန်ညှော်လေးက အခု ဆံဖြူ သွားကြွေ၊ ဂျိုင်းထောက် တချောင်းနဲ့ အဖိုးကြီးလေးဖြစ်နေပြီ။
အိမ်ထောင်၊ သားသမီးမရှိဘဲ တကိုယ်တည်းနေတဲ့ ထွန်းအောင်ပါ။ သူက ၉ တန်းတုံးကနင်တို့
ထမင်းဘူးတွေကို ခိုးစားဘူးတယ်ဟ လို့ ပြောပါတယ်။ ခြေလေးချောင်း မစားတဲ့ သူက
ဝက်အူချောင်းပါတဲ့ ထမင်းဘူး ဖွင့်မိရက်သားဖြစ်လို့ မစားလိုက်ရဘူးဆိုဘဲ။ အဲဒီတုံး က
နေ့လည် ထမင်းစားဆင်းရင် ကျမတို့ မောင်နှမက အိမ်ပြန်စားခဲ့ရတာဆိုတော့ သူခိုးစားခဲ့တာ
ကျမထမင်းဘူးတော့ ဟုတ်မယ်မထင်ပါဘူး။ သူကြည့်လို့မရတာကတော့ ကျမတို့တဖွဲ့လုံး
(ခင်နှင်း၊ ခင်မ၊ ကြည်လှ၊ ချိုအေးနဲ့ မပု) ဖြစ်မှာပါဘဲ။
အဲဒီနေ့က ငယ်သူငယ်ချင်း ၁၅
ယောက်အလွန်ဆုံးဘဲ စုမိမယ်လို့ တွက်ထားခဲ့တာ၊ အားလုံး ဆရာမ အပါအ၀င် ၂၃
ယောက်ဆုံဖြစ်ခဲ့ကြပါတယ်။ ဆရာမ၊ ခင်မာသန်း၊ ခင်ဆွေမြင့်၊ မငြိမ်း၊ ဘေဘီ၊ Dennis နဲ့
Dolly၊ ကျော်စိန်နဲ့ တင်တင်ရီ၊ ကိုသန်းလှ၊ မောင်ဦး၊ ထွန်းဦး၊ ဒေးဒေး၊
ကျော်မြင့်၊ မျိုးမြင့်၊ ဆန်းဝင်း၊ ထွန်းအောင်၊ ခင်မောင်စီ-ကိုစီ၊ စီတိုး၊
သန်းလွင်၊ အောင်သန်း၊ ၀င်းဇော်၊ ခင်နှင်းနဲ့ ကျမပေါ့။ ၄၃ နှစ်ကျော် ဆိုတဲ့ ကာလမှာ
(impromptu) ကြိုတင်စီစဉ်မထားဘဲ အခုလိုသူငယ်ချင်း ၂၂ ယောက် ပြန် ဆုံနိုင်ကြတယ်ဆိုတာ
နည်းတဲ့ရေစက်မဟုတ်ပါဘူး။ လူစုံတော့ ကျမက Dennis ကို Grace ဆုတောင်းပေးဖို့ Request
လုပ်လိုက်ပါတယ်။ Dennis က ဘော်လီဘောပြန်ပုတ်လို့ မငြိမ်းကိုထပ် Request
လုပ်လိုက်ရပြန်ပါတယ်။ အမြဲ အေးဆေးတည်ငြိမ်တဲ့ လူကြီးဆန်တဲ့ မငြိမ်းက အခုလို လူစုံတက်စုံ
ပြန်လည်ဆုံတွေ့ခွင့်ပေးတဲ့ ကိုယ်တော်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကိုချီးမွန်းရင်း
ဆုတောင်းပေးတော့ အားလုံး Amen ကြပါတယ်။ မငြိမ်းဆုတောင်းပြီးတော့ ၀င်းဇော်က
မူဆလင် ဗလီဆရာတမျှ ဘာသာရေးကိုင်းရှိုင်းလှတဲ့ မျိုးမြင့်ကိုလည်း ဆုတောင်းဖို့
အလှည့်ပေးပါတယ်။ မျိုးမြင့်ကလည်း အလ္လာအရှင်မြတ်ရဲ့ ကျေးဇူးတော်ကို ချီးမွန်းပြီး
ဆုတောင်းပေးပါတယ်။ မမျှော်လင့်ဘဲ ဘာသာပေါင်းစုံဆုတောင်းပွဲလေး
လုပ်ဖြစ်တဲ့သဘောပါဘဲ။ ဒါဟာကျမတို့တတွေ ငယ်ငယ်ကတည်းက လူမျိုးဘာသာ၊ ချမ်းသာ၊ ဆင်းရဲ မရွေး
အတူတကွ လက်တွဲ နေခဲ့ကြတဲ့ နမူနာလေးတခုပါဘဲ။ သူငယ်ချင်းတွေကြားမှာ ကုလားရယ်၊
တရုပ်ရယ်၊ ဗမာရယ်၊ တိုင်းရင်းသားတွေရယ်ဆိုပြီး ခွဲခြားဆက်ဆံ လိုစိတ် တစိုးတစိလေးမှ
မရှိခဲ့ကြပါဘူး။
နောက်တော့ ဆရာမဒေါ်မြသောင်းတင်က အခုလို
ပြန်လည်ဆုံစည်းရတာ ၀မ်းမြောက်ကြောင်း အမှတ်တရ သြ၀ါဒချွေပါတယ်။ ကဲ ကဲ စားကြတော့
စားလို့ရပြီလို့ ပြောလိုက်တော့ ကျမလည်းပြောပါ ရစေ ပြောခွင့်ပေး ပါဆိုပြီး
အတင်းဝင်လု ပြောလိုက်ရပါတယ်။ ပြောမယ့်လို့သာ အသံကောင်းဟစ်လိုက်တာ။
တကယ်ပြောရ မယ်ဆိုတော့ ၀မ်းသာလုံးဆို့ Emotional ဖြစ်ပြီး ပြောမထွက်ဖြစ်နေပါသေးတယ်။
ကျမ အထက (၁) ကထွက်ခဲ့ပြီးနောက် အနှစ် ၄၀ အတွင်း ခင်နှင်းနဲ့ ပြန်ဆုံတိုင်း
မေမြို့က သူငယ်ချင်းတွေ ကို ပြန်တွေ့ချင် လိုက်တာဟယ်လို့ စိတ်ကူးယဉ် တမ်းတမ်းတတ
ပြောနေခဲ့တဲ့ အိပ်မက်ကို ဒီနေ့ အကောင် အထည်ဖေါ်နိုင်ခဲ့လို့
ဝမ်းသာတဲ့အကြောင်းပြောရင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။ ဆရာမလည်း မျက်ရည်ကျတာ
အမှတ်မထင်တွေ့ လိုက်ရပါတယ်။ နောက်တခေါက်မေမြို့ကို ပြန်လာဖြစ်ပါအုံးမလား၊
ဒီနေ့တွေ့ရတဲ့ သူငယ်ချင်းတွေကောရှိပါအုံးတော့မလားစတဲ့ မရေရာတဲ့ အနာဂတ်အတွက်
မေးခွန်းတွေကို ခဏအသာဘေးဖယ်ပြီး တဒင်္ဂပစ္စုပ္ပန်ကိုဘဲ ပျော်ပျော်ကြီးရှု လိုက်ပါတယ်။
ဝင်းဇော်က သူ့အလှည့် မိန့်ခွန်းချွေတာ နေရာကအလှမ်းဝေးနေတော့ သဲ့သဲ့ဘဲ ကြားလိုက်ရတာ
ကံကောင်းလှပါတယ်။ သူ့အကြောင်းက သိပြီးသားတွေဆိုတော့ ထပ်မကြားချင်တော့ပါဘူး။
ကျမဘေးမှာထိုင်တဲ့ ထွန်းအောင်က
သွားတွေမရှိတော့သူစားနိုင်မယ့် ဟင်းအမယ်ကိုရွေးပြီး ထည့်ပေး မိပါတယ်။
ထွန်းအောင်ကသူ့ကို မမေ့ဘဲ အခုလို ဖိတ်ကျွေးတဲ့ အတွက်၊ကျေးဇူးတင် ကြောင်းပြောတော့
ကျမကလည်း နင့်ကိုမေ့ပါ့မလားဟဲ့။ ဂျိုင်းထောက်နဲ့ ကျောင်းတက်တာ
နင်တယောက်ဘဲ ရှိခဲ့တာလေ။ နောက်ပြီး ၉ တန်းမှာ ဆရာမစာသင်နေတုံး အတန်းထဲမှာ
ကလေးတယောက်ချောင်းဆိုး သံကြားလိုက်ရတာနဲ့ ရှာကြည့်တော့ ထွန်းအောင်ခေါ်လာတဲ့
ကလေးဖြစ်နေပါလေရော။ ဂျိုင်းထောက်နဲ့ ထွန်းအောင်က သူ့တူလား၊ တူမလားမမှတ်မိ၊ ကလေးလေး
တယောက်ကို အိမ်မှာ ထိန်းမယ့်သူမရှိ လို့ ကျောင်းကိုခေါ်လာရတာတဲ့။ အဲဒီနေ့က ဆရာမဒေါ်တင်မာလို့ထင်ပါတယ်။
ဆရာမအနေနဲ့ ဘာပြောရမှန်း မသိ ဆူလည်းမဆူရက်တဲ့အဖြစ်ကို ပြန်ပြောင်းပြောပြမိပါတယ်။
အဲ့ဒီအဖြစ်ကို ဒီနေ့ထိ မမေ့နိုင်တဲ့ ကျမကို ထွန်းအောင်က အံ့အားသင့် သွားပုံရပါတယ်။
ဂျိုင်းထောက်နဲ့လူတွေ၊ ဒုက္ခိတတွေမြင် တိုင်း ထွန်းအောင်တယောက် ဘာများဖြစ် နေပြီလဲလို့
တွေးနေမိတဲ့ကျမဟာ ထွန်းအောင်ကို တကယ်တွေ့ လိုက်ရတဲ့ ပီတိက ပြောမပြ တတ်အောင်ပါဘဲ။
ထမင်းစားပြီးတော့ စန်းဝင်းနဲ့ ပေါင်းပြီး သူသုံးဖို့ ငွေလည်း အထိုက် အလျောက်
ပေးလိုက်နိုင်ပါတယ်။
ထမင်းစားပွဲမှာ သူငယ်ချင်းတွေ
ငယ်ကျိုးငယ်နာတွေဖေါ် စလို့နောက်လို့မမောနိုင်ကြပါဘူး။ ၀င်းဇော်ကြီးက ကျော်မြင့်ကို
ထုံးစံအတိုင်းအနိုင်ကျင့်ပြီး မင်းသူ့ကို ကြိုက်ခဲ့တာမဟုတ်လား၊
မှန်မှန်ပြောစမ်း ဆိုပြီး အတင်းဝန်ခံခိုင်းပါတော့တယ်။ ကျော်မြင့်က
ကျမကိုအားနာနေပုံရပါတယ်။ သူအနှစ် ၂၀ ကျော်မြင်းလှည်းမောင်းရင်း သူ့သားသမီးအတွက်
ရုန်းကန်ခဲ့ရ တာတွေ ကိုပြောပြ ပါတယ်။ သူ့ကလေးတွေကို
စာကြိုးစားကြစေချင်တဲ့အကြောင်းပြောရင်း ကျမတို့ငယ်ငယ်က မြန်မာစာကျက်ခဲ့ကြတဲ့
အကြောင်းပြောဖြစ်ကြပါတယ်။ တိုင်ပင်မထားဘဲ မြကန်သာကဗျာလေးကို
ပြိုင်တူရွတ်မိလိုက်ကြပါတယ်။
စုံစမ်းရှာဖွေလို့မရတဲ့ သူငယ်ချင်း၊
ဆုံးသွားတဲ့သူငယ်ချင်းတွေအကြောင်းပြောရင်း အတန်းထဲ က ဖြူဖြူချောချောလေး ထွေးမောင်
ကို မေးမိပါတယ်။ ထွေးမောင်က မုတ်ဆိတ်နဲ့ ဗလီဆရာ အဖြူရောင် အကျီင်္ဖားဖားဝတ်ပြီး
ဘာသာရေးကိုင်းရှိုင်းတဲ့ အဖိုးကြီးဖြစ်နေပြီတဲ့။ တာချီလိတ်မှာ အခြေချနေတယ်တဲ့။
ဆီးချိုနှိပ်စက်လို့ နေမကောင်းရှာဘူး ဆိုဘဲ။ နောက်တယောက်သတိရနေတာ ကတော့ အတန်းထဲမှာ
အသက်အငယ်ဆုံး၊ စာကြိုးစားတဲ့မျက်ပြူး၊ မျက်နှာဝိုင်းလေး-ဂျပုလေးစိန်ဝင်း၊ သူက
သိပ္ပံထူးချွန်ဆုရသူပေါ့။ သူက အခု နေပြည်တော်မှာ ဒုတိယဗိုလ်ချုပ်ကြီးတဲ့။
အမြှောက်တပ်မှာ အကြီးဆုံးလို့ပြောကြပါတယ်။
အောင်သန်းကစပ်စပ်စုစုနိုင်သလို
ဗေဒင်လည်းဟောတတ်တယ်လေ။ ကျမမုဆိုးမ က ယောက်ျားရ အုံးမလားလို့ မေးတော့ သူကယူရင်ရမှာပေါ့ဟဲ့တဲ့။ ခင်ဆွေမြင့်က သွားမမေး နဲ့
အောင်သန်းက အာမခံနဲ့ဟောပြီး မရရင် သူယူမယ်လို့ပြောလိမ့်မယ်တဲ့။
ထမင်းဝိုင်းကိုလာကြတဲ့ သူငယ်ချင်းတွေ အားလုံးဟာ ၆၀ ကျော် အငြိမ်းစားတွေဘဲ ဆိုတော့ အေးအေးဆေးဆေး
နောက်ဆံတင်း စရာလည်း မရှိကြတော့ တော်တော်နဲ့ လူစုမကွဲခဲ့ကြပါဘူး။ တကယ်တော့
တွေ့ရခဲလှတဲ့ ကျမကို တွေ့လို့ ပြောလို့ မ၀သေးတာလည်းဖြစ်နိုင်ပါတယ်။
ဒီနေ့ပြန်လည်ဆုံတွေ့ရတဲ့သူတွေ အားလုံး ဆင်းရဲတာ ချမ်းသာတာ မပါ၊
နိုင်ငံရေးအသွေးအရောင်မပါ၊ ဘာရာထူးမှမပါ၊ ငယ်သူငယ်ချင်းတွေအဖြစ်နဲ့သာ လွန်ခဲ့တဲ့
အနှစ် ၄၀ ကျော်ကအတိုင်း ခင်ခင် မင်မင်ရင်းရင်းနှီးနှီး နင်နဲ့ ငါနဲ့
ပြောခွင့်ရခဲ့တာဖြစ်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ သူတို့လည်း ပီတိဖြစ်ကြ
လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
တိုက်ဆိုင်တယ်လို့ဘဲပြောရမလားပါဘဲ။
ကျမအကိုကြီးကိုဝေလင်းအောင်တို့ DSA 14 batch က အငြိမ်းစား အဖိုးကြီးတွေကလည်း
သူငယ်ချင်း ၁၅ ယောက်လောက်စုပြီး မေမြို့အလွမ်းပြေ Golf ရိုက်ခရီးထွက်တာနဲ့
တိုက်ဆိုင်နေပါတယ်။ ကျမသူငယ်ချင်းတွေနေ့လည်စာစားပြီး လူစုကွဲသွားတော့
အကိုတို့အဖွဲ့ကို အဲဒီ Club Terrace လေညှင်းသာမှာဘဲ နေ့လည်စာကျွေးပြီး
ကုသိုလ်ယူလိုက် ပါတယ်။ သူတို့ထဲမှာ ထောင်ထွက်တွေလည်းပါရဲ့။ ကျမက အားလုံးကို
မမှတ်မိပေမဲ့ သူတို့ကတော့ နံမည်ကြီး ကျမကို ကောင်းကောင်းသိကြပါတယ်။ သူတို့ထဲမှာ
အောင်စစ်သည်ဆုရလို့ ဒိသာပါမောက္ခကြီးကတော် ဆီကနေ အထက်တန်းကျောင်းသူကျမကို စ
နောက်ပြီး တောင်းခဲ့ဘူးတဲ့ ကိုတင်ဝင်း တောင်ပါလိုက်သေး။ အကိုတို့အဖွဲ့
နေ့လည်စာစားပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းကုန်းကို အလွမ်းပြေသွားကြည်ဖို့
ထွက်သွား ကြပါတယ်။
ဇတ်လမ်းကမဆုံးသေးပါဘူး။ ကျမတို့
နေ့လည်စာစားနေတုံး စီတိုးနဲ့ ခင်နှင်း တို့ ဖုန်းတလုံး
အလုပ်ရှုတ်နေ တာသတိထားမိပါတယ်။ သူတို့ ခင်မကြီးနဲ့ အဆက်အသွယ်ရပြီတဲ့။
ရန်ကုန်မှာနေတဲ့ ခင်မက မန္တလေး ကို ရောက်နေတာနဲ့ တိုက်ဆိုင်နေတော့ သူငယ်ချင်းတွေ
စုမိနေတယ်ကြားပြီး မေမြို့ကို ချက်ချင်းလိုက် လာပါတယ်။ မေမြို့နဲ့ မန္တလေးက
တနာရီခရီးဘဲလေ။ သူထမင်းစားပွဲကို မမှီပေမဲ့ သူငယ်ချင်းတချို့ နဲ့တော့
တွေ့ဖြစ်သွားပါတယ်။ ခင်မ လာတော့ ကြည်လှနဲ့ ကျောက်ပန်းတောင်းမှာတွေ့တုံး
ရိုက်ခဲ့တဲ့ ပုံတွေပြပြီး ကြွားလိုက်ပါတယ်။ ကြည်လှကိုလည်း ဖုန်းဆက်ပြီး Get
together မှာ ကျောင်းအုပ် ဆရာမကြီးဒေါ်တင်တင်လှ (နောက်ကွယ်မှာ
ဒေါ်တင်တင်ဂွလို့ခေါ်ကြပါတယ်) အကြောင်းကို သတိတရပြောရင်း ကြည်လှ ပုံကို အားလုံးကို
ပြဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ အားလုံးက တသံတည်း နဲ့ ကြည်လှက
ဆရာမကြီးကိုမမှီဘူးတဲ့။ (စိတ်မဆိုးနဲ့နော်၊ သူတို့ပြောတာ)။ ခင်မ လာတော့
လူပိုစုံ သလိုဖြစ်ပြီး ညစာ Hot Pot စားဖြစ်ကြပါတယ်။ ၉ တန်းစီ အတန်းဖေါ် ခင်မ၊
ခင်နှင်း၊ ၀င်းဇော် နဲ့ ကိုစီ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။
ခင်မက ကျမတို့နဲ့ အတူတညအိပ်ပါတယ်။
ကျောင်းတုံးကအကြောင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေ အကြောင်း
မမောနိုင်မပန်းနိုင် ပြောဖြစ်ခဲ့ကြပါတယ်။ နောက်နေ့မနက် စီတိုး ရောက်လာ လို့ ခင်မကို
မငြိမ်းနဲ့ ဘေဘီတို့ဆီ ခေါ်သွားပြီး Surprise လုပ်ကြပါတယ်။ ကျောင်း ရုံးစာရေးကြီး
ကိုဆန်နီ က ခင်မကို အဖေနံမည်ကအစ မှတ်မိတုံးပါဘဲ။ မငြိမ်းက ကျောင်းမှာစာသွား သင်နေလို့
ခင်မနဲ့ လွဲသွားပါတယ်။ ဆရာမ ဒေါ်မြသောင်းတင်ကိုလည်း ၀င်ကန်တော့ကြပါတယ်။ ဆရာမက
ကျမတို့ကို ဘုံကျောင်းမှာ မနက်စာကျွေးပါတယ်။
မနက်စာစားပြီး ဂျိုင်းထောက် ထွန်းအောင်ကို
ဝင်းဇော်ပေးခဲ့တဲ့မုန့်ဖိုးပေးဖို့ စန်းဝင်းကရှေ့က ဆိုင်ကယ်နဲ့ လမ်းပြပေးလို့
စီတိုးကားနဲ့ ထွန်းအောင်ဆီချီတက်ခဲ့ကြပါတယ်။ ထွန်းအောင်က မမျှော်လင့်လဲ ကျမတို့
တသိုက်ကိုတွေ့တော့ အံ့အားသင့်သွားပါတယ်။ မနေ့ကတွေ့ထားပြီးသား ဖြစ်ပေမဲ့
သူ့အိမ်ကိုတော့ ကျမတို့လာလည်ကြမှာမဟုတ်ဘူးလို့ ထင်ထားခဲ့ပုံရပါတယ်။
သူ့ကိုတွေ့တွေ့ချင်းဆိုသလိုဘဲ ကဲ၊ ဘာချက်ထားလဲသူငယ်ချင်း၊ ငါတို့ထမင်းလာစားတာဟဲ့၊
ကျွေးမှာလားဆိုတော့၊ သူက နင်မနေ့က ပေးထားတဲ့ပိုက်ဆံတွေရှိတယ်လေ။
ဝယ်ကျွေးပါ့မယ်တဲ့။ သွားတချောင်းမှမရှိတော့တဲ့ ထွန်းအောင်ကို ၀ိုင်းပြီး စ
နောက်ခဲ့ကြသလို ခင်မနဲ့ ခင်နှင်းကလည်း မုန့်ဘိုးတွေထပ်ပေးခဲ့ ပါသေးတယ်။
ကျမ မပြန်ခင်တနေ့ ညနေစောင်းမှာ ကိုစီ၊
အောင်သန်း၊ သန်းလွင်တို့ဇနီးမောင်နှံ လက်ဆောင်တွေနဲ့ လာနှုတ်ဆက်ကြပါတယ်။
မေမြို့ထွက်အမှတ်တရ မက်မန်းသီး၊ Strawberry jam, တို့ဟူးခြောက်၊ ကော်ဖီမှုန့်၊
ခေါပုတ် စတဲ့ စားစရာတွေပေါ့။ အဖွားကြီးတွေဖြစ်လာတဲ့ ကျမတို့အတွက် ခင်မာသန်းက
ဆေးမြစ်စုံ လိမ်းဆေးတွေလည်းပေးလိုက်ပါသေးတယ်။ ခင်နှင်းက ကျမရဲ့ သေတ္တာထဲ
အားလုံးဆန့်အောင် စံနစ်တကျထည့်ပေးပါတယ်။ ကိုယ့်ဖာသာဘယ်တော့မှ
ပစ္စည်းထုတ်ပိုးလေ့မရှိတဲ့ ကျမအကြောင်း ခင်နှင်းက သိတာကြာပေါ့။ အဲဒီနေ့ညက စန်းဝင်းက
ထမင်းကျွေးဖို့ ကြိုးစားပေမယ့် ဆရာမက ကန်တော်ကြီးစောင်းက Feel မှာ ကျွေးရင်း
သူ့ရဲ့ ထူးချွန်ထက်မြက်ပြီး အောင်မြင်နေတဲ့ တပည့်တယောက်နဲ့ မိတ်ဆက်ပေးပါတယ်။
ဆရာမတပည့်က လူငယ် ကိုယ့်သားအရွယ်ပေမဲ့ ပရဟိတအကျိုး သယ်ပိုး ပညာပေးနေတဲ့
ပညာရှင်တယောက်မို့ လေးစားမိပါတယ်။ တကယ်တော့ ကျမအနေနဲ့ Feel မှာစားရတာ ထက် စန်းဝင်းက
အိမ်မှာထမင်းလာစားပါလို့ခေါ်တာကိုဘဲ တမ်းတနေမိတာပါ။ စန်းဝင်းတယောက်
ဘာတွေများချက်ထားမှာပါလိမ့်ပေါ့။ သူများချက်ထားတာကို ခူးကျွေးဖို့က
ပိုဖြစ်နိုင်ပါတယ်။
ပြန်မယ့်နေ့မနက်မှာတော့
အောင်သန်းလာပေးထားတဲ့ခေါပုတ်ကို ရန်ကုန်ရောက်အောင် မစောင့်နိုင် တော့လို့
ကျော်စားလိုက်ကြပါတယ်။ နောင်ချိုခေါပုတ် လတ်လတ်ဆတ်ဆတ် ကောင်းမှကောင်း။
အစားအသောက်ဆင်ခြင်နေတဲ့ကြားက ပုဂံမှာကော၊ မေမြို့မှာပါ ညတိုင်း ကျမ ပန်းကမ္ဘာထဲက
ပန်းမမဖြစ်ခဲ့ရပါတယ်။ ခေါပုတ်တွေစားထားတဲ့ ခင်နှင်းနဲ့ ကျမကို ဆရာမနဲ့ စန်းဝင်းက
Breakfast ကျွေးဖို့လာခေါ်ပြန်ပါတယ်။ မငြိမ်းကလည်း စက်ဘီးလေးနဲ့ ပေါက်ချလာပါတယ်။
ဒီတခါဆရာမ ခေါ်သွားတဲ့ ဆိုင်က မောဓနု ရှမ်းခေါက်ဆွဲဆိုင်။ ကျမက အဲဒီနေရာရောက်တာနဲ့
ဒါ ချိုအေးတို့နေခဲ့ တဲ့အိမ်ဘဲ။ နှစ်ထပ်တိုက်အိမ်ကြီး၊ အမိုးကအပြန့် Balcony
လိုဆောက်ထားတာပါ။ ကျမတို့ ၉ တန်းတုံးက ချိုအေးရဲ့ အကျီင်္တွေငှားဝတ်ပြီး ရှိုးထုတ်
အဲဒီအမိုး Balcony မှာ ဓါတ်ပုံရိုက်ခဲ့ကြတာကို သတိရမိပါတယ်။ အဲဒီဓါတ်ပုံတွေအခုထိ
အမြတ်တနိုးသိမ်းထားဆဲပါ။ ချိုအေးတို့က ညီအမတွေများ တယ်လေ။ ချိုအေးတို့အိမ်က
ဟင်းချက်ကောင်းတော့ တခါတလေ ထမင်းလိုက်စားကြပါတယ်။ ချိုအေးအမအကြီးဆုံး မ Doris က
ကျမအမကြီးနဲ့ ဆေးကျောင်းမှာ တတန်းတည်း။ သူ့အမအလတ် တွေဖြစ်တဲ့ မလတ်နဲ့ မထွေးက
မကြည်နဲ့ တတန်းတည်းပေါ့။ မိန်းကလေးတွေအများကြီး ပျော်ပျော် ပါးပါး၊ စားကြသောက်ကြ၊
ရှိုး တွေထုတ်ကြနဲ့ လူစုမိခဲ့ကြတဲ့ ဒီအိမ်ကြီးကို ကြည့်ပြီး မလွမ်းဘဲနေ နိုင်ပါတော့မလား။
အခုတော့ Balcony ကို
အမိုးတပ်ထားတာတွေ့ရပြီး အိမ်ကလည်း အဖြူ ရောင်မဟုတ် အ၀ါရောင် သုတ်ထားပါတယ်။
မောဓနုဆိုင်က အိမ်ထဲမှာ ခင်းကျင်းတာမဟုတ်ဘဲ သစ်ခွပန်းတွေ စံနစ်တကျ စိုက်ထားတဲ့
ခြံခပ်ကျဉ်းကျဉ်းထဲမှာဘဲ ရိုးရာတဲပုံစံ သာယာအောင်ပြင်ဆင်ထားတာပါ။ ကျမက
ရှမ်းပဲပုပ်ထမင်းနယ်စားပါတယ်။ ခေါပုပ်တွေစားထားတော့ ကုန်အောင်မစားနိုင်ဘူးပေါ့။
အစား အသောက်ကအဓိကမဟုတ်တော့ဘဲ ဆိုင်နေရာက ကျမရဲ့ အာရုံကို လုံးဝ ဖမ်းစားတာ ခံလိုက်ရတာပါဘဲ။
ဆရာမကလည်း
မေမြို့လက်ဆောင်တွေပေးလိုက်ပါသေးတယ်။ ဒီခရီးမှာ ချစ်စရာကောင်းတဲ့
မငြိမ်းကိုတွေ့ရတာ ကျမစိတ်ချမ်းသာပါတယ်။ အရင်အတိုင်းအေးဆေးလှပါတယ်။ မေမြို့က
သူငယ်ချင်းဆိုရင် အရင်ဆုံးမငြိမ်းကို သတိရနေခဲ့တာအနှစ် ၄၀ ကျော်ခဲ့ပြီလေ။ Candacraig
အိမ်ဂေဟာကြီးအကြောင်းကြားတာနဲ့ မငြိမ်းကိုသတိရတော့တာပါဘဲ။
စန်းဝင်းက နင့်ကို လှဖေ
ရန်ကုန်မှာလာတွေ့လိမ့်မယ်တဲ့။ ရန်ကုန် ဘားလမ်းကရှေ့နေ ဦးလှဖေကို ကျမ တွေ့ချင်တာမဟုတ်ဘူးလေ။
မေမြို့နာရီစင်နောက်က တိုက်တန်းလျားမှာနေခဲ့တဲ့ အတန်းဖေါ် ကုလားလေးလှဖေကို တခြားသူငယ်ချင်းတွေနဲ့
အတူတူ မေမြို့မှာဘဲ တစုတဝေးတည်း တွေ့ချင်တာပါလို့ပြန်ပြောလိုက်ပါတယ်။ သူ့ကို ရန်ကုန်မှာ
တယောက်တည်းတွေ့တော့ မေမြို့မှာလို ဘယ်ပျော်စရာကောင်းပါ့မလဲနော်။ လှဖေနေတဲ့အိမ်ကိုမှတ်မိနေတဲ့အကြောင်းက
ကျမတို့ မေမြို့မြို့ထဲကိုလာတိုင်း ကားကအဲဒီရှေ့ကဖြတ်မောင်းရတော့ တခါတလေ လှဖေက
ဝရန်တာမှာ ခါးလေးကုန်းပြီး ရပ်နေတာတွေ့ဘူးလို့ ဒါလှဖေနေတဲ့ အိမ်ဖြစ်မှာဘဲလို့
သတိထားမိတာပါ။
အဲဒီနေ့က စီတိုးကကားမောင်းပြီး
တံတားဦးလေဆိပ်ကို လိုက်ပို့ပေးပါတယ်။ စီတိုးနဲ့ စကားတွေ ပြောရင်း
လမ်းတွေလည်းမှာပေါ့။ တံတားဦးဆိုတာနဲ့ မဆီမဆိုင် ကျောင်းမှာသင်ခဲ့ရတဲ့ ကွမ်း
ကဗျာလေးကို ရွတ်လိုက်မိပါတယ်။
တံတားဦးက ကွမ်းနုဝါ
ငါးမြာကဆေး
ကွမ်းသီးတောင်ငူနဲ့
ကိုင်းထုံးဖြူ
ပြည်ရှား၊ သာဝါးလို့ထွေး
မေမြို့ခရီးစဉ်ပြီးဆုံးလို့ ကျမ
ရန်ကုန်က ချည်တိုင်မှာထုံးစံအတိုင်း လှည့်လည်ရပါတော့မည်။ (Back to the Grind
Stone)
ကျမကို မှတ်မိပြီး
ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ကူးယဉ်
အိပ်မက်ကို အထမြောက်အောင် အကောင်အထည်နိုင်ခဲ့လို့ အတိုင်းမသိတဲ့ ပီတိနဲ့ ကျမ ကျေနပ်မိပါတယ်။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ဆိုတဲ့အထဲက အနှစ် ၄၀ ကျော်
အကြံကြီးကြံနေခဲ့တဲ့ ဒီအကြံလေး အောင်တယ်လို့ဆိုရင်ကော မှားနိုင်ပါ့မလားရှင်။
(မှတ်ချက်၊ မြန်မာပြည်မှာ
တခေတ်ဆန်းနေတဲ့ ပြန်လည်ဆုံစည်းပွဲ Reunion ပွဲတွေမှာ အပျိုကြီး၊ လူပျိုကြီးတွေ၊
သားသမီးမရှိသူတွေ၊ ရာထူးကြီးကြီး မဖြစ်ခဲ့ဘဲအောက်ခြေ၀န်ထမ်းဘ၀နဲ့
အငြိမ်းစားယူခဲ့ရသူတွေကို ကိုယ်ချင်းမစာနာဘဲ သူငယ်ချင်းတွေက ကြီးပွားနေတဲ့၊
တချို့ပြည်ပရောက်နေတဲ့ သားသမီးတွေနဲ့ မြေးတွေအကြောင်း၊ အပြိုင်အဆိုင်ကြွားကြ၊
အလုပ်အကိုင်တွေအကြောင်း၊ အိမ်ခြံမြေအကြောင်းပြောကြဆိုကြတာ မကြာခဏကြားဘူးပါတယ်။
ဒါ့ကြောင့်ဒီ Reunion လေးမှာ အလိုက်သိစွာနဲ့ ကိုယ့်မိသားစုအကြောင်း
သိချင်တဲ့လူကမေးမှ သာ ပြောဖြစ်ပါတယ်။ အထက်တန်း ကျောင်းသူဘ၀ကို
ပြန်လည်ခံစားချင်တာဆိုတော့ အိမ်ထောင်တွေ၊ ကလေးတွေနဲ့ မပတ်သက်ပေဘူးပေါ့။။
ကျမဖြစ်ချင်တဲ့ Reunion ပွဲကလည်း အားလုံးအချိုးကျ ပိုက်ဆံစု ထည့်ဆိုတာမျိုးမဟုတ်ဘဲ
ကျမတတ်နိုင်တဲ့အချိန်မှာ ကျမကဘဲ အကုန်အကျခံစေတနာ နဲ့
ကျွေးချင်ပြုစုချင်တာသက်သက်ပါဘဲလေ။ ချမ်းသာလို့မဟုတ်ပါဘူး။ သေရင်လည်း
ကိုယ့်နောက်ပါမယ့် ပိုက်ဆံမဟုတ်တဲ့အတွက် သုံးရမယ့်အခွင့်အရေးရှိတုံး
အကျိုးရှိတာကိုသုံးပါတယ်။ ပျော်သလိုနေပါတယ်။ ရခဲလှတဲ့လူ့ဘ၀တိုတိုလေးမှာ
ကပ်စေးနဲနေလို့လည်း အကျိုးမရှိပါဘူး။ ကိုယ်ကပေးရတဲ့သူ၊ ပေးနိုင်တဲ့သူ၊
လှူနိုင်တဲ့သူသာဖြစ်ချင်လို့ပါဘဲ။)