ဒီနေ့
ပြာသိုလပြည့်နေ့မှာ ကျမ အသက် ၆၁ နှစ်ပြည့်ပါပြီ။ အင်္ဂါနေ့ ပြာသိုလပြည့်နေ့
မနက်၊ နေတက်၊ ရေတက်ချိန်မှာမွေးတာလို့ အမေက ဂုဏ်ယူစွာနဲ့ ပြောလေ့ရှိပါတယ်။
ကလေး ၇ ယောက်မွေးခဲ့တဲ့ အမေက ကျမတယောက်တည်းကိုဘဲ
မင်္ဂလာဒုံစစ်ဆေးရုံမှာမွေးခဲ့ ရတာ လို့ပြောဘူးပါတယ်။ ကျမက ၄ ယောက်မြောက်ကလေးပါ။ မွေးဖို့ အခက်အခဲတခုခုရှိနိုင်လို့ ဆေးရုံမှာမွေးဖို့ စီစဉ်ခဲ့တာလည်းဖြစ်ကောင်းဖြ စ်မှာပါ။ မီးနေလိုက်စောင့်ကြတဲ့ အဖွားတွေက ကျမ၀မ်းကကျွတ်ကျွတ်ခြင်းဘဲ
ဟယ်..သမီးလေးဟ။ လုံးလုံးကလေးတော့ဆိုပြီး မိလုံးလေးရယ်လို့
ခေါ်ဝေါ်သမုတ်ခဲ့ကြတာတဲ့။ လုံးမေ၊ မိလုံး၊ Lady Lone, ရွှေလုံး၊ လုံးလုံး၊ မလုံး၊
ဒေါ်လုံး၊ ကြီးလုံး၊ အန်တီလုံး၊ အံလုံး၊ မာမီလုံး၊ ဆရာလုံး၊ မေလုံး၊
တီတီလုံး၊ လုံးတုံး၊ အခု ဖွားဖွားလုံးဖြစ်တဲ့အထိ တွင်နေဆဲပါဘဲ။
အဖေ့
စစ်မှုထမ်းဘ၀မှာ အိမ်တွေပြောင်းရွှေ့ ခဲ့ရတာမကြာခဏပါဘဲ။ အိမ်ပြောင်းတိုင်း အလေးဆုံး သေတ္တာကတော့
အဖေ့စာအုပ်သေတ္တာတွေပါဘဲ။ လွန်ခဲ့တဲ့အနှစ် ၄၀ က ရန်ကုန် ဦးဝိစာရလမ်း အိမ်ကနေ သုဝဏ္ဏအိမ်ပြောင်းတော့
လေးလံလှတဲ့ အဖေ့စာအုပ်သေတ္တာထဲက စာအုပ်တွေ ထုတ် စင်ပေါ်မှာ စံနစ်တကျစီရင်း Diary လေးတအုပ်
တွေ့လို့ ခိုးဖတ်လိုက်တဲ့အခါ ကျမမွေးတဲ့နှစ်ကရေး ထားတဲ့ မှတ်တမ်းဖြစ်နေပါတယ်။ ကျမမွေးတဲ့နေ့ကို
ကြည့်လိုက်တော့ “ဒီကနေ့ မြင့် သမီးလေး မွေး” လို့ သူ့ရဲ့ ပုံနှိပ်စာလုံးလိုလှတဲ့
လက်ရေးနဲ့ ရေးထားတာတွေ့ရပါတယ်။ အမေက စိတ်ကောင်းဝင်နေ တဲ့အခါ အဖေ့ကို မောင် လို့ခေါ်တတ်ပြီး
များသောအားဖြင့်တော့ ဟေ့ အဖေ လို့ဘဲခေါ်ပါတယ်။
အဖေက မြင့် ရေ ခေါ်တာမကြားဘူးပေမဲ့ စာရေးရင်တော့ မြင့် လို့ခေါ်ပါတယ်။
မိန်းမ
ပြာသို၊ ယောက်ျားဝါဆို၊ ဆိုတဲ့ အယူရှိတာကြောင့်လည်း အမေနဲ့ အဖေက သားသမီးတွေထဲမှာ မိလုံး
တယောက်ကတော့ ထူးခြားထွန်းပေါက် လိမ့်မယ်လို့မျှော်လင့်ခဲ့ပုံရပါတယ်။ ထူးခြားသလား တော့မမေးနဲ့
စကားနားမထောင်လို့၊ အဆော့လွန်၊ အလည်လွန်လို့ အမေကရိုက်ရင် အကြောမာ၊ အနာခံပြီး ရိုက်ချင်သလောက်ရိုက်
တုတ်ကျိုးပစေ မငိုဘဲ ပေကပ်ခဲ့တာကျမပါဘဲ။ နယ်မှာအနေများတဲ့ ကျမတို့ မိသားစုဟာ အမေနဲ့
အဖေ ရန်ကုန်သွားရင် အဖွားနဲ့ ရဲဘော်တွေရဲ့ စောင့်ရှောက်ထိန်းသိမ်း မှုကို ခံယူရပါတယ်။
အမေတို့ မရှိရင် ကျမနဲ့ ပေသီး သောင်းကျန်းလွန်းလို့ ရဲဘော်တွေက ဗိုလ်မှူး ကတော် ခရီးသွားရင်
မိလုံးနဲ့ ပေသီးကိုခေါ်သွားပါ။ ကျန်တဲ့ကလေးတွေ နိုင်အောင်ထိန်းနိုင်ပါ တယ်တဲ့။ နည်းနည်းအရွယ်ရောက်လာကြတော့
ပေသီးနဲ့ ကျမ ကားဂိုဒေါင်ထဲက ကားကို ခြံပြင်ရောက် အောင် တွန်းထုတ်ပြီး လမ်းမမှာ ခိုးမောင်းခဲ့ကြတဲ့အထိ
ကဲခဲ့ကြတာပါ။
နမော်နမဲ့
နိုင်လွန်းတဲ့ကျမကို အမေကလက်မြှောက်ထားပုံရပါတယ်။ ပန်းကန်ကွဲသံကြားတာနဲ့ မိလုံး မှ
ဟုတ်ရဲ့လားလို့ လှမ်းအော်လိုက်တာပါဘဲ။ ဟုတ်လည်းဟုတ်တာပါဘဲ။ စာလည်း မကျိုးစား ကျောင်းက
Report card ရလို့ အဆင့်ကောင်းရင် ကားပေါ်ကဆင်းကတည်းက Report card ကိုထောင်ပြီး ကိုင်၊
ခုန်ပေါက်၊ ပြေးဆင်လာတာ၊ အဆင့်ကျနေရင် တိတ်တိတ်ကလေးနဲ့ အဖေ့ စာကြည့်စားပွဲက အဖေ့လက်မှတ်ရာဘာတံဆိပ်တုံးကို
Parker မှင်ပုလင်းထဲက မှင်သုတ်ပြီး ထုထည့် လိုက်တာ။ အမေ့ပိုက်ဆံအိပ်ထဲက အကြွေတွေ၊ အဖေ့ဘောင်းဘီအိပ်ထဲက
ကျပ်တန်တွေ ခိုးပြီး မုန့်ဝယ်စားတာလည်း ခဏခဏ။
မောင်နှမ
၇ ယောက်မှာ စတုထ္ထမြောက်အလယ်လူု့ဖြစ်တာမို့ အကြီး ၄ ယောက်ဆိုလည်းပါ၊ အငယ် ၄ ယောက်ဆိုလည်းပါ၊
အကြီး ၃ ယောက်၊ အငယ် ၃ ယောက်ဆိုရင်တော့ ကျန်ခဲ့တတ်တဲ့ ကျမက ဂရုစိုက်ခံချင်လွန်မှုနဲ့
ပိုဆိုးခဲ့တာဖြစ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ်လည်း ဆန်းစစ်မိပါရဲ့။
ကျမဘယ်လောက်ဆိုးဆိုး
အမေက ကျမမွေးနေ့ ပြာသိုလပြည့်နေ့တိုင်း တပ်ထဲက ကလေးတွေကို ဘဲသား သို့မဟုတ် ကြက်သားဆန်ပြုတ်တိုက်ပါတယ်။
မွေးနေ့လက်ဆောင်မပေးရလို့ အမေက အမိန့်ထုတ်ထား လို့ ဘယ်သူကမှ ဘာမှမပေးရဲကြပါဘူး။ ဖိတ်တာကလည်း
လူကြီးမပါ၊ ကလေးတွေကိုဘဲရွေးဖိတ်တာလေ။ ဆောင်းတွင်းရဲ့ ညနေခင်းအချိန်မှာ မိုးဗြဲဒယ်နဲ့
တည်ထားတဲ့ ဆန်ပြုတ်က ကျွေးမလောက်ပါဘဲ။ ဘယ်ကျွေးလို့လောက်ပါ့မလဲ။ ဒီလို လသာတဲ့ ညမှာ
ကလေးဗိုလ် အကို ကိုဝေလင်းအောင်ခေါင်းဆောင်တဲ့ ကျမတို့မောင်နှမ ၆ ယောက်နဲ့ တပ်ထဲက ကလေးတွေပေါင်းပြီး
ကစားနည်းမျိုးစုံ ချွေးရွှဲအောင်ကစား ကြ၊ ဗိုက်ဆာရင် တကြော့ပြန်စားကြနဲ့ မိုးဗြဲဒယ်က
ခံနိုင်ပါ့မလား။ (ကစားနည်းမျိုးစုံထဲက မှတ်မိသလောက်ကတော့။ စိန်ပြေးတန်း၊ သူခိုး-ပုလိပ်၊ တိုင်ခေါက်တန်း၊
ရွှေစွန်ညို၊ ထုတ်စည်းထိုး၊ ကြက်ခွပ်တန်း၊ ဖလ်ခုန်တမ်း၊ လွန်ဆွဲနဲ့ တော်လှန်ရေးနေ့ ချီတက်သလို
သီချင်းတွေအော်ဆိုကြပေါ့)။ ရွှေစွန်ညို ကစားရင် မထွေးမလုပ်ချင်တဲ့ကျမ၊ မိလုံးက ထမင်းမစားဟင်းမစားလို့အပြောခံရရင်
မြေကြီးပေါ်တခါတည်းလှဲချပြီး တက်မတတ် ချက်မတတ်ငို တာတဲ့။ ကျောင်းမှာလည်း မကြည်က ကျမကို
သူများတွေကစရင် အငိုမခံဘူး။ ငိုရင် အသံပျောက်ပြီး တက်တတ်လို့တဲ့။ ကြည့်ညီမလေးက တက်တတ်တယ်၊
မစကြနဲ့နော်လို့ တောင်းပန်နေရတာများ တယ်တဲ့။ သူ့ညီမလေး ကျမကတော့ ကိုယ့်ကိုစရင်သာ အာဗြဲနဲ့
အော်ငိုတာ။ သူများကိုတော့ မခံချင်အောင် မထိတထိစတတ်တယ်လေ။
အမေက
မကြည်နဲ့ ကျမကို အလယ်တန်းကျောင်းသူ့ဖြစ်တဲ့အထိ ကျောင်းမသွားခင် ဆံပင်ဖြီးပေးလေ့ရှိပါတယ်။
အ၀တ်အစားဆိုလည်း တက္ကသိုလ်ရောက်တဲ့အထိ (အိမ်ထောင်ကျတဲ့အထိ) အမေနဲ့ အမကြီး ချုပ်ပေးတာတွေဘဲ
ဝတ်ခဲ့ရတာပါ။
မှတ်မှတ်ရရ ၁၉၅၇ ခုနှစ် အဖေ အမေရိကား၊ Georgia ပြည်နယ်၊ Fort Banning
မှာ PC Course Platoon Commander Course တက်ဖို့ မသွားခင် မိသားစုဓါတ်ပုံရိုက်ကြပါတယ်။
ခလရ ၂၁ တပ်က မကွေးမှာ၊ အဖေက ဒုတပ်ရင်းမှူး။ အမေက သမီး ၃ ယောက်ကို သူကိုယ်တိုင်
Design ဆွဲ ချုပ်ပေးထားတဲ့ ဂါဝန်လှလှလေးတွေဆင်ပါတယ်။ လူစုံ တက်စုံ ကားပေါ်လည်းရောက်ရော
မိလုံးတယောက် ဒုက္ခပေးပါလေရောတဲ့။ အမ ၂ ယောက်က ဆွဲကြိုးတွေနဲ့ သူ့မှာတော့မပါရကောင်းလို့ဆိုပြီး
အာခေါင်ချစ် တက်မတတ်ငိုပါလေရောတဲ့။ အငိုမတိတ်တဲ့ ကျမကို မကွေးဈေး ၀င်ပြီး ဦးဖိုးချမ်းရွှေရည်စိမ်
ပုလဲဆွဲကြိုးလေးဝယ်ဆင်လိုက်မှ အငိုတိတ်တော်မူတာတဲ့။
မကွေးမြို့
က မြို့မ ဓါတ်ပုံတိုက်မှာ ဓါတ်ပုံရိုက်တော့လည်း ကျမတယောက် အငြိမ်မနေဘူးတဲ့။ အဖွားကလည်း
ပုဝါခြုံပြီး ရှိုးထုတ်၊ အမကြီးက ၄ တန်းကျောင်းသူ၊ အမေကပန်းပန်ပေးထားတာ စတိုင်နဲ့ အကိုက
necktie နဲ့ ဘိုလိုဝတ်ပြီး Smart ကိုကျလို့၊ အေးဆေးတဲ့ မကြည်က ကျမနောက်ထပ် အာဗြဲနဲ့
အော်မငိုအောင် သတိထားပြီးချော့ခဲ့ရတယ်ဆိုဘဲ။ ပေသီးကိုလည်း အဖေက ဘိုကေကိုကြော့ နေအောင်ဖီး
ပေးထားပေါ့။ ကျမလိုဘဲ အဆော့သန်တဲ့ ပေသီးကိုငြိမ်အောင် သူ့အကြိုက်ဆုံး လေယာဉ်ပျံအရုပ်လေး
ဘေးမှာချပေးထား ရတယ်တဲ့။ လသားအရွယ် ကျော်ဇောက အမေ့ ပေါင်ပေါ်မှာ ချစ်စရာလေး၊ အငယ်ဆုံးမောင်ဂျုံဂျစ်က
မမွေးသေးဘူးလေ။ အဖေနိုင်ငံခြားမှာ အလွမ်းပြေကြည့်ဖို့ မိသားတစုလုံး လှလှပပ၊ သပ်သပ်ယပ်ယပ်ဖြစ်အောင်
နို့စို့ လသားအရွယ်ကလေး တဖက်နဲ့ အမေ့ခမျာ အဲဒီနေ့က အတော့်ကို ပင်ပန်းရှာမှာပါလားလို့
ပြန်တွေးမိရင်း သနားမိသလို လေးစားမိပါတယ်။
ကလေးတွေများတဲ့
အတွက် မကြည်နဲ့ ကျမက အဖွားနဲ့ အိပ်ရပါတယ်။ ကျမက အဖွားအင်္ကျီက ရွှေကြယ်သီးပြောင်ချောအလုံးလေးတွေကို
အမေ့နို့စို့သလို စို့ပြီးအိပ်ရင်း ကိုက်ထားတဲ့ သွားရာတွေနဲ့ပြည့်လို့တဲ့။ ပန်းတိမ်မှာပြန်ပြင်ရတာမကြာခဏပါဘဲတဲ့။
မှတ်မိသလောက် အဲ့ဒီရွှေကြယ်သီးတစုံကို မကြည်မင်္ဂလာဆောင်တော့ အဖွားကလက်ဖွဲ့တယ်လေ။ ကျမက
သမီး ၃ ယောက်မှာအငယ်ဆုံးဆိုတော့ ဆင်တူချုပ်ပေးထားတဲ့ ဂါဝန်တွေကို အဆင့်ဆင့် မုန်းအောင်ဝတ်ရပါတယ်။
အမတွေဆီက ကျလာတဲ့ မ၀တ်ချင်တော့တဲ့ ဂါဝန်တွေ၊ စကတ်တွေကို အလကားနေရင်း သွားနဲ့ ကိုက်ပစ်နေတာတဲ့။
တက္ကသိုလ်က
ဘွဲ့မရခင်မှာဘဲ ကျမအိမ်ထောင်ကျပါတယ်။ ၂ ဘက်မိဘသဘောတူသူ၊ ငယ်ကတည်းက ကျမကဲလွန်းလို့ ကျမကိုကြည့်လို့မရတဲ့လူနဲ့မှ
ဖူးစာဆုံပါတယ်။ ဘာဘဲပြောပြော ကျမအိမ်ထောင်ကျ သွားတဲ့အတွက် ကျမကို စိတ်မချလို့ လိုက်စောင့်နေရတဲ့
ဒုက္ခတွေ၊ အိမ်ရှေ့မှာလူပျိုလာလှည့်ကြတဲ့ အန္တရာယ်တွေက ကင်းသွားလို့ ပေသီးခေါင်းဆောင်တဲ့
မောင် ၃ ယောက် စန်ဒလီ မစောင့်ရတော့ဘူးဆိုပြီး ထ ကခဲ့ကြတာမှတ်မိပါသေးတယ်။
ဒီနေ့
၆၁ နှစ်ပြည့်တဲ့နေ့မှာ ကွယ်လွန်သူအဖွားဒေါ်ဖြူတုတ်၊ ကျေးဇူးရှင် မွေးမိခင် အပုလေး ခေါ် ဒေါ်စိုးမြင့်နဲ့
ဖခင် အဖေ ဦးထွန်းအောင်ကျော် တို့ အတွက် မြေး လုံးမေကြီး၊ သမီးလေးမလုံးရဲ့ ဘ၀တလျှောက် လုံး
ပြုခဲ့တဲ့ ကုသိုလ်အစုရဲ့ အဖို့ဘာဂ အစုစုကို အမျှဝေရင်း ရောက်ရာဘုံဘ၀က သာဓုခေါ်ဆိုနိုင် ကြပါစေလို့မေတ္တာပို့ရင်း
ရိုသေစွာရှိခိုးဦးခိုက်လိုက်ရပါကြောင်း…
(အားလပ်တဲ့အခါ၊
တိုက်ဆိုင်မှုရှိတဲ့အခါ ဆက်ရေးပါဦးမည်။ အမေနဲ့ အဖေအကြောင်း၊ ကျမချစ်တဲ့ အဖွား၊ မောင်နှမတွေအကြောင်းရေးရရင်တော့
ဝတ္တုရှည် လုံးချင်း ၃ အုပ်စာလောက်တော့ အသာလေးထွက်မှာသေချာပါတယ်။)
တီတီ စာတွေ ချစ်စရာ သိပ်ကောင်းတယ်။ များများရေးပြီး စာအုပ်ထုတ်ဖို့ အားပေးပါ၏...
ReplyDelete