Saturday, January 10, 2015

သဲတပွင့်ရဲ့ အပုံတရာ




နိုင်ငံရပ်ခြားမှာ အနေကြာခဲ့တဲ့ ကျမကို ဘုရား တရားနဲ့ ကင်းကွာနေမှာဘဲလို့ ယူဆနေပုံရတဲ့ သူငယ်ချင်း တယောက်က နင်တရားလေးဘာလေးမနာဘူးလား၊ ဘယ်ဆရာတော် ရဲ့တရားတွေ နာဘူးသလဲ စတဲ့ မေးခွန်းတွေနဲ့ ကျမရဲ့ ဘာသာတရားကိုးကွယ်မှုအတိုင်းအတာကို မသိမသာ ဆန်းစစ်လိုက်ပါတယ်။ သူငယ်ချင်းက ကိုယ့်ကို အထင်သေးလို့မေးတာမဟုတ်ပါဘူး။ အသက် ၆၀ ကျော်မှာ ဖလန်းဖလန်းထနေတဲ့ ကျမကို တည်ငြိမ်အေးဆေးစွာနဲ့ တရားဘာဝနာပွားများ အားထုတ်ချင် စိတ်ပေါက် လာအောင် စေတနာ နဲ့ မေးတာဖြစ်ဖို့များပါတယ်။ ဒါပေမဲ့ ကျမကတော့ ဝသီအတိုင်း ငါက နေ့တိုင်းတရားတွေနာနေတာ မဟုတ်ပေမဲ့ ဘုရားဟောခဲ့တဲ့ တရားသဘောကို နားလည်ပါတယ်ဟဲ့ လို့ ထုံးစံအတိုင်း ပြန်စွာမိပါတယ်။ 



ကျမဟာ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်တတ်သလို အဲဒီစိတ်ကူးလေးတွေကလည်း အချိန်ကာလ တခုမှာ ကျမအတွက် လက်တွေ့ဖြစ်လာတတ်ပါတယ်။ ဒါဟာ ကံ ကံရဲ့ အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာ တယောက်ရဲ့ အားထုတ်မှုဆိုရင်မမှားပါဘူး။ ဘယ်သူမဆို ကံ၊ ဉာဏ်၊ ဝီရိယ ရှိမှ ဖြစ်ချင်တာတွေ အထမြောက်မှာပါ။ ကံ ဆိုတဲ့ အလုပ်တွေကို အခုဘ၀မှာ ကြိုးစားလုပ်ခဲ့လို့ရယ်၊ သံသရာမှာ ကျင်လည်ရင်း ဘ၀အဆက်ဆက်က ပြုခဲ့တဲ့ အလုပ် ကုသိုလ်ကံ ကြောင့်ရယ် ဒီဘ၀မှာ ဖြစ်ချင်တဲ့ စိတ်ကူးဆန္ဒတွေကို တစုံတခုသောအတိုင်းအတာအထိ အကောင် အထည်ဖေါ်နိုင်တာလို့ ယူဆမိပါတယ်။



အဖေ့ရဲ့ အမေ ရခိုင်အဖွား (ဒေါ်စံဝင်းဖြူ ခေါ်ဒေါ်ဖြူတုတ်) နဲ့ မွေးကတည်းက အတူအိပ်ပြီး ကြီးပြင်း လာကြတဲ့ ကျမတို့မောင်နှမတတွေ ဟာ နေ့စဉ် အဖွားနဲ့ အတူ ဆွမ်းတော်၊ သောက်တော်ရေ၊ ဆီမီးကပ် တာအစ ညဘက်၊ ၀တ်တက်၊ မေတ္တာပို့ အမျှဝေ၊ ကြေးစည်ထုတဲ့အထိ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတာပါ။ (ကြေးစည်ကိုတော့ အလုအယက်ထုခဲ့ကြပါတယ်)။ မိဘ ၂ ဘက်စလုံးက နတ်၊ ရိုးရာ၊ ဘိုးတော် နဲ့ ဗေဒင်ယတြာစတာတွေကို လုံးဝအယုံအကြည်မရှိပါဘူး။ ပုတ်ခတ်တာမျိုးလည်း မလုပ်ပါဘူး။ တခြားဘာသာဝင်တွေဖြစ်တဲ့ ခရိယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ဘာသာခြားမိတ်ဆွေတွေနဲ့ လည်း အင်မတန်မှ ရင်းနှီးချစ်ခင်ခဲ့ကြပါတယ်။



အဖွားရဲ့ ကျေးဇူးကြောင့် ဘုရား အနေကဇာတင်ကအစ ပရိတ်တရားတော်၊၊ ပဌာန်းနဲ့ ဓမ္မစကြာအဆုံး ဘုရားရှိခိုးအမျိုးမျိုးကို ရွတ်ဆို တတ်ခဲ့ကြပါတယ်။ ရခိုင်အဖွားရဲ့ အသံနဲ့ ပါဠိဘုရားစာတွေကို ယဉ်ပါးခဲ့ပေမဲ့ ရတနာသုံးပါးဂုဏ်တော် ကလွဲလို့ တခြားဘုရားစာတွေရဲ့ အနက်အဓိပ္ပါယ်တွေကို သေသေချာချာ နားမလည်ခဲ့တာအမှန်ပါ။



ဗုဒ္ဓဘာသာဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာတယောက်ဖြစ်တယ်ဆိုတာဘာလဲဆိုတာ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်မိပါတယ်။ ၁၉၈၄-၈၇ အတွင်း ကျမ စင်္ကာပူမှာ တာဝန်ထမ်းဆောင်နေချိန် မှာ တောင်ပုလုဆရာတော်ဘုရားကြီး အမေရိကားခရီးစဉ် ခရီးတထောက်အဖြစ် စင်္ကာပူမှာရပ်နားချိန် အတွင်း ကြိုဆိုခွင့်၊ ဖူးခွင့်ရခဲ့ပါတယ်။ ဆရာတော်က ဗုဒ္ဓဘာသာတယောက်ဖြစ်ဖို့ ဘာလိုသလဲဆိုတာ ကို ကားပေါ်မှာဘဲ မိန့်ပါတယ်။ သရဏဂုဏ်သုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်ရင် ဗုဒ္ဓဘာသာ ဖြစ်ပါတယ်တဲ့။  သံသရာဝဋ်ဆင်းရဲက လွတ်မြောက်ရာလမ်းကို အပြောမဟုတ် တကယ်လက်တွေ့ လုပ်ကြည့်ရင် အကျိုးခံစားရပါလိမ့်မယ်လို့ အာမခံနဲ့ ဟောကြားခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရား၊ ဗုဒ္ဓမြတ်စွာ ဘုရားဟောကြားခဲ့တဲ့ နေ့စဉ်လူမှုဘ၀မှာဘဲ လိုက်နာကျင့်ကြံနိုင်တဲ့ တရားတော်တွေ၊ ဒီတရားတော် တွေကို နှစ်ပေါင်းများစွာ အဆင့်ဆင့် အာဂုံဆောင် သယ်ပိုးရင်း ဝိနည်းတော်နဲ့ အညီ သီလဆောက်တည်ပြီး သာသနာအဓွန့်ရှည် ပြန့်ပွားအောင် ဆောင်ကျဉ်ပေးနေကြတဲ့ သံဃာတော်တွေစတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရဲ့ ဂုဏ်တော် တွေကို ယုံကြည်စွာနဲ့ ကိုးကွယ်ဆည်းကပ်သူဟာ ဗုဒ္ဓဘာသာ တယောက်ဖြစ်ပါတယ်တဲ့။




နိုင်ငံခြားမှာနေတော့ ဗုဒ္ဓဘာသာလို့ပြောရင် ဘာတွေ Practice လုပ်ကြသလဲအမေးခံရတတ်ပါတယ်။ ဗုဒ္ဓဘာသာတယောက်အနေနဲ့ ရတနာသုံးပါး ကိုးကွယ်တယ်၊ ၅ ပါးသီလစောင့်ထိန်းတယ် လို့ ပြောရုံ နဲ့ တော့ မလုံလောက်ပါဘူး။ ရတနာသုံးပါးဆိုတာဘာလဲ၊ ဘာဖြစ်လို့ ရတနာသုံးပါးကို ယုံကြည်တာလဲ၊ ကိုးကွယ်ဆည်းကပ် တာလဲ။ သူတို့ဆီမှာ ဖြစ်ချင်တာတွေ ဆုတောင်းကြတာလားစ တဲ့မေးခွန်းတွေ မေး တတ်ကြပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ဖြစ်ချင်တာတွေကို ထိုင်ရှိခိုးပြီး ဆုတောင်းလို့ မရနိုင်ဘဲ ဘုရားဟောခဲ့တဲ့ တရားတော်နဲ့ အညီ ကိုယ်တိုင်ကျင့်ကြံမှသာ ကိုယ့်အတွက်ရော၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက်ပါ အကျိုးရှိမှာဖြစ်တယ်လို့ရှင်းပြရပါတယ်။ ကျမ မှတ်သားမိ တာလေးတွေထဲက မင်္ဂလသုတ် ပရိတ်တရားတော်ဟာ နေ့စဉ်လူနေမှုဘဝမှာ လိုက်နာဖို့ အသင့်တော်ဆုံးလို့ ယူဆပါတယ်။



ယောက္ခမဘက်က ကျောင်းဒကါအနေနဲ့ ကိုးကွယ်ဆည်းကပ်တဲ့ ညောင်ကန်အေးဆရာတော်က စင်္ကာပူ က ပြန်ရောက်ခါစ ကျမ သား ၂ ယောက် ရှင်ပြုတော့ ၃၈ ဖြာ မင်္ဂလာသုတ်တရားတော်ကို အင်္ဂလိပ်လို နားလည်းအောင်ရှင်းပြပေးပါတယ်။ အသေဝနာ စ ဗာလာနံ - လူမိုက်ကိုရှောင်၊ ပဏ္ဍိတာနဉ္စသေဝနာ လူလိမ္မာနဲ့ပေါင်း ဆိုတာကို ဘုန်းဘုန်းက Please don’t associate with bad people, do associate with wise people  လို့ရှင်းလိုက်တော့ ကလေးတွေက သူတို့နားမလည်တဲ့ ဘုရားစာတွေဟာ  လွယ်လွယ်လေးပါလားလို့ အံ့သြခဲ့ကြပါတယ်။  ပူဇာ စ ပူဇနေယျာနံ pay respect to elders who deserve to be honored စတဲ့ ရိုးရှင်းတဲ့ Definition တွေနဲ့ နားဝင်အောင်ရှင်းပြခဲ့လို့ သား ၂ ယောက်နဲ့ ပေါင်းပြီး ကျမလည်း မင်္ဂလသုတ်ကို သဘောပေါက်ခဲ့ပါတယ်။ 



ပုတုဇဉ်တွေဟာ ဘယ်သူမဆို ကြီးပွားချမ်းသာချင်ကြတာချည်းပါဘဲ။ ဒါကြောင့် မြတ်စွာဘုရားက လူ နတ် ဗြမ္မာ သတ္တဝါတွေအားလုံးအတွက် ကြီးပွားချမ်းသာကြောင်း တရားဖြစ်တဲ့ မင်္ဂလသုတ်ကို သာဝတ္တိပြည်မှာဟောကြားခဲ့တာဖြစ်ပါတယ်တဲ့။ အလွတ်ရွတ်နေတာထက် မင်္ဂလသုတ်မှာပါတဲ့ ၃၈ ဖြာသော နေ့စဉ်လူမှုဘဝမှာ ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာဖို့ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါ တယ်။ မင်္ဂလသုတ်ကို ပါဠိလိုနေ့တိုင်း ရွတ်နေပြီး ၃၈ ဖြာသောဆောင်ရန်ရှောင်ရန်တွေကို လက်တွေ့ မကျင့်သုံးရင်တော့ ဘယ်လိုမှ ကြီးပွားချမ်းသာဖို့ အကြောင်းမရှိပါဘူး။ လက်တွေ့ကျင့်ကြံတဲ့ အကြောင်းကြောင်းတွေကြောင့် ကြီးပွားချမ်းသာခြင်းဆိုတဲ့ အကျိုးတရားတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ၃၈ ဖြာထဲက အနည်းဆုံး ၁၆ ခုလောက်ကိုဘဲ လိုက်နာအုံးတော့ ကျမတို့တတွေဟာ ဗုဒ္ဓဘာသာတွေရယ်လို့ ဂုဏ်ယူနိုင်ကြမှာဖြစ်ကြောင်းပါရှင်။…..

(မင်္ဂလာဟူသည် ကြီးပွားခြင်း၏ အကြောင်း)


ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ၃ ပါး

၁။ လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း။

၂။ ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်း ရခြင်း။

၃။ ပူဇော်ထိုက်သောသူတို့ကို ပူဇော်ရခြင်း။


နေရေးထိုင်ရေးမင်္ဂလာ ၃ ပါး

၎။ သင့်လျော်သောအရပ်၌နေရခြင်း။

၅။ ရှေး၌ပြုဖူးသောကုသိုလ်အထူးရှိခြင်း။

၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းရခြင်း။


သင်ကြားရေးမင်္ဂလာ ၄ ပါး

၇။ လောကီလောကုတ် အကြားအမြင်များခြင်း။

၈။ စက်မှုလက်မှုအတတ်တို့ကို တတ်ခြင်း။

၉။ လူ့ကျင့်ဝတ်များကို နားလည်ခြင်း။

၁၀။ အပြောအဆိုချိုသာယဉ်ကျေးခြင်း။


ပြုစုရေးမင်္ဂလာ၃ ပါး

၁၁။ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။

၁၂။ သားမယားတို့ကိုတရားနှင့်အညီလုပ်ကျွေးခြင်း။

၁၃။ အနှောက်အယှက်ကင်းသောအလုပ်ကို လုပ်ကိုင်ခြင်း။



လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄ ပါး

၁၄။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။

၁၅။ သုစရိုက်တရားကို ကျင့်ခြင်း။

၁၆။ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း။

၁၇။ အပြစ်ကင်းသောအမှုတို့ကိုပြုခြင်း။


ရှောင်ကြဉ်ရေးမင်္ဂလာ ၄ ပါး

၁၈။ မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း။

၁၉။ မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့်ရှောင်ခြင်း။

၂၀။ မူးယစ်သေစာမသောက်စားခြင်း။

၂၁။ ကုသိုလ်တရားတို့၌မမေ့မလျော့ခြင်း။


စိတ်ထားရေးမင်္ဂလာ ၅ ပါး

၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း။

၂၃။ မိမိကိုယ်ကို နှိမ့်ချရခြင်း။

၂၄။ ရောင့်ရဲလွယ်ခြင်း။

၂၅။ သူတပါးကျေးဇူးကိုသိခြင်း။

၂၆။ သင့်လျော်သောအခါ ၌တရားနာခြင်း။


သည်းခံရေးမင်္ဂလာ ၄ ပါး

၂၇။ သည်းခံရခြင်း။

၂၈။ ဆုံးမလွယ်ခြင်း။

၂၉။ ရဟန်းသံဃာတို့အားဖူးမျှော်ရခြင်း။

၃၀။ သင့်လျော်သောအခါ ၌တရားဆွေးနွေးရခြင်း။


ခြိုးခြံရေးမင်္ဂလာ ၄ ပါး

၃၁။ ခြိုးခြံချွေတာခြင်း။

၃၂။ မြတ်သောအကျင့်ကိုကျင့်ခြင်း။

၃၃။ သစ္စာလေးပါးကိုသိခြင်း။

၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။


စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ ၄ ပါး

၃၅။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း။ (လောကဓံ-လောကဓမ္မ ၈ မျိုး)***

၃၆။ မစိုးရိမ်ခြင်း။

၃၇။ ကိလေသာမြူကင်းခြင်း။

၃၈။ဘေးကင်းခြင်း။

၃၈ ဖြာမင်္ဂလာတရားနှင့် ပြည့်စုံအောင် နေထိုင်ကြရအောင်....။

ဓမ္မဒါနအဖြစ်ဦးနရပတိဆရာတော် မှ ကူးယူဖော်ပြပေးပါသည်

http://htetkhaung.blogspot.com/2013/11/blog-post_29.html (ထက်ခေါင် Blog ကနေ ကူးယူမျှဝေခြင်းဖြစ်ပါတယ်)


*** လောကဓမ္မ=လောကဓံရှစ်မျိုး-

(၁) ရရှိမှု၊

(၂) မရရှိမှု၊

(၃) အသိုင်းအ၀ိုင်းရှိမှု၊

(၄) အထီးကျန်ဆန်မှု၊

(၅) ချီးမွှန်းခံရမှု၊

(၆) ပြစ်တင်၊ ကဲ့ရဲ့ခံရမှု၊

(၇) ချမ်းသာမှု၊

(၈) ဆင်းရဲမှု၊ တို့ဖြစ်ပါသည်၊၊

Copy and WIN : http://bit.ly/copy_win

http://yatanavasa.blogspot.com/2011_09_01_archive.html (yatanavasa blog မှ ကူးယူပါတယ်ဘုရား)


ဗုဒ္ဓ့မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေထဲက သဲတပွင့်ရဲ့ အပုံတရာပုံ တပုံမျှကိုသာ ကျမ နားလည်တာဖြစ်ပါတယ်။ ဖွားလုံးရဲ့ ဒီသက်ကြီးစကားတွေဟာ ပါဠိလိုပရိတ်တရားတော်တွေကို နားမလည်ကြတဲ့ ဗုဒ္ဓဘာသာဝင်လူငယ်လေးတွေကြားသိစေဖို့ ရည်ရွယ်ပါတယ်။ ဆက်ပြီး ရေးနိုင်အောင် အားထုတ်ပါအုံးမည်။

1 comment:

  1. Thanks a million for sharing your <<< သဲတပွင့်ရဲ့ အပုံတရာ >>>. I have copied and placed in my file for future reference. Posted by Sayar Mya of Ahlon.

    ReplyDelete