Thursday, January 22, 2015



အစွန်းမရောက်တဲ့ လမ်းရှစ်သွယ်
မြန်မာလိုမွေးနေ့ဖြစ်တဲ့ ပြာသိုလပြည့်နေ့နဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာကျရောက်ခဲ့တဲ့ ကျမရဲ့ ၆၁ နှစ်မွေးနေ့အတွက် အများပြည်သူ မျက်စေ့နောက်လောက်အောင် facebook ကတဆင့် မွေးနေ့ဆုမွန်ကောင်း တောင်း မေတ္တာပို့သကြတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ၊ သားသမီးတွေ၊ တူတူမတွေ၊ မြေးလေးတွေအားလုံးကို ဖွားလုံး ကကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဗုဒ္ဓရဲ့ အဖိုးမဖြတ်နိုင်တဲ့ တရားတော်တွေထဲက လက်တွေ့ကျင့်သုံးသင့် ကျင့်သုံးအပ်တဲ့ အကျင့်တရားတွေ ကို ပြန်လည်မျှဝေပေးပါရစေ။ (ကိုယ်တိုင်လည်းအပြည့်အဝမကျင့်သုံးနိုင်သေးတာကို ဝန်ခံရင်း...)




၁၉၉၇-၉၈ ပညာသင်နှစ်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာရှိတဲ့ Rutgers တက္ကသိုလ်မှာ ကျမ Fellowship ဘွဲ့လွန်သင်တန်းတက်နေစဉ်၊ နယူးဂျာစီ မြန်မာ ဘုန်တော်ကြီးကျောင်းကို ချမ်းမြေ့ဆရာတော်ဘုရားကြွလာတာနဲ့ ဖူးမျှော်ခွင့် ရခဲ့ဘူးပါတယ်။ အဲဒီကျောင်းမှာ ချမ်းမြေ့ဆရာတော် တိုက်ကျွေးလိုက်တဲ့ တရားရေအေး က ကျမအတွက် တသက်စာရေငတ်ပြေစေ ခဲ့ရုံမက နီးစပ်ရာကို အလျဉ်းသင့် တိုင်း ပြန်လည်မျှဝေနိုင်ခဲ့ပါတယ်။  ဗုဒ္ဓဘာသာဝင်ဆိုတာ ရတနာ သုံးပါးဆည်းကပ်ရုံနဲ့ မလုံလောက်ဘဲ နေ့စဉ်လူနေမှုဘဝမှာ မဂ္ဂင် ၈ ပါးဆိုတဲ့ အလယ်အလတ် လမ်းစဉ်ကို လက်တွေ့ကျင့်သုံး Practice လုပ်မှသာ အနှစ်သာရရှိတဲ့ ယုံကြည်ကိုးကွယ်မှုဖြစ်တယ် လို့ ဆရာတော်က မိန့်ပါတယ်။

အဲဒီနှစ်ပိုင်းအတွင်း နယူးဂျာစီဘုန်းတော်ကြီးကျောင်းက  ပြက္ခဒိန်ဖြန့်ဝေရာမှာ မဂ္ဂင် ၈ ပါး အနက် ကို ကျမလို လူပြိန်းတွေနားလည်အောင် အင်္ဂလိပ်-မြန်မာ ၂ ဘာသာတွဲ ပြီး ဖေါ်ပြခဲ့ဘူးပါတယ်။ ကျမရဲ့ မိတ်ဆွေတွေ သိရှိနားလည်းပြီးသားဖြစ်မယ်လို့ ယူဆပေမဲ့ မသိသေးတဲ့ သားသမီးတွေနဲ့ မိရိုးဖလာဗုဒ္ဓဘာသာရယ်လို့ သတ်မှတ်ထားတဲ့ လူငယ် တွေအတွက် အားလုံးမဟုတ်တောင် သုံးပုံတပုံ လောက် နားလည်စေရန် ရည်ရွယ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့၏ အဓိကကျင့်စဉ် - အလယ်အလတ်လမ်းစဉ်
The basic practice of Buddhism – The Middle Way

သီလ (Morality)
၁။ သမ္မာဝါစာ (Right Speech) - မှန်စွာပြောဆိုခြင်း
သူတပါးအကျိုးစီးပွားပျက်အောင် မဟုတ်မမှန်ပြောဆိုခြင်း၊
မိတ်ဆွေအချင်းချင်း အခင်အမင်ပျက်အောင် ပြောဆိုခြင်း၊
ကြမ်းတမ်း ရိုင်းပျသောစကားကိုပြောဆိုခြင်း၊
အကျိုးမရှိ ရောက်တတ်ရာရာစကားကို ပြောဆိုခြင်းတို့မပြုဘဲ
ဟုတ်မှန်၍ နားဝင်ချိုသော သူတပါးနားခံသာသော စကားတို့ကိုပြောဆိုခြင်းသည် သမ္မာဝါစာ ဖြစ်ပါသည်။
(Right Speech: Refraining from telling lies, refraining from slandering, refraining from using harsh language and refraining from frivolous talks or useless chatting, speak true and useful things, and use pleasant words. It is the Right Speech!)

၂။ သမ္မာကမ္မ န္တ (Right Deed/Action) - မှန်စွာပြုမူခြင်း
သက်ရှိသတ္တဝါတို့၏ အသက်ကို သတ်ဖြတ်ခြင်း၊
သူတပါး၏ ပစ္စည်းဥစ္စာကို ခိုးယူခြင်း၊ လုယက်ခြင်း၊
မိမိ၏ ဇနီးမယား လင်ယောက်ျားအပေါ် သစ္စာပျက်ခြင်းတို့ကို
မပြုလုပ်ဘဲ ရှောင်ကျဉ်ခြင်းသည် သမ္မာကမ္မ န္တဖြစ်သည်။
အလှူပေးခြင်း သီလဆောက်တည်ခြင်း
တရားဘာဝနာအားထုတ်ခြင်းတို့သည်လည်း သမ္မာကမ္မ န္တဖြစ်သည်။
(Right Deed: Refraining from killing, stealing and adultery, helping people in good causes, keeping morality, giving charity, and practicing meditation: such practices are called the Right Deed!)

၃။ သမ္မာအာဇီဝ (Right Livelihood) - မှန်စွာအသက်မွေးခြင်း
သူ့အသက်သတ်ခြင်းစသော ကာယဒုစရိုက်
လိမ်ညာပြောခြင်းစသော ဝစီဒုစရိုက်တို့ကိုမပြုလုပ်ဘဲ
သန့်ရှင်းစင်ကြယ်သော အလုပ်အကိုင်ဖြင့်စီးပွားရှာ
အသက်မွေးခြင်းသည် သမ္မအာဇီဝဖြစ်သည်။
လက်နက်၊ အဆိပ်၊ လူ၊ အရက်သေစာတို့ကို ရောင်း၍
စီးပွားရှာခြင်း၊ အသားအတွက် တိရစ္ဆာန်မွေးမြူခြင်းတို့သည် မိ စ္ဆာဇီဝဖြစ်သည်။
(Right Livelihood: Right Livelihood is to make one’s living in an honest way avoiding evil deeds and speeches, and refraining from dealing in armaments, animals for slaughter, slaves, intoxicating drinks, drugs and poisons.)
 
သမာဓိ (Concentration)
၎။ သမ္မာဝါယာမ (Right Effort) – မှန်စွာအားထုတ်ခြင်း
မဖြစ်သေးသည့် မကောင်းသော အတွေးအကြံကို မဖြစ်စေရန်
ဖြစ်နေသည့် မကောင်းသော အတွေးအကြံကိုပယ်ဖျက်ရန်
မဖြစ်သေးသည့် ကောင်းသော အတွေးအကြံကို ဖြစ်စေရန်
ဖြစ်နေသည့် ကောင်းသော အတွေးအကြံကို တိုးပွားရန်
အားထုတ်ခြင်းတို့သည် သမ္မာဝါယာမ ဖြစ်ပါသည်။
(Right Effort: Preventing unwholesome thoughts which have not yet occurred, removing unwholesome thoughts which have already arisen, thinking wholesome thoughts which have not yet occurred and developing wholesome thoughts which have already arisen; these are the modes of Right Effort.) 

၅။ သမ္မာသတိ (Right Mindfulness) – မှန်စွာသတိရှိခြင်း
ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိဉာဏ်ဖြစ်စေသော
သဘောတရားအစု ငါးခုတို့ဖြင့် ဖွဲ့စည်းထားသည့်
မိမိခန္ဓာကိုယ်ကို လောဘ၊ ဒေါသ၊ မောဟ စသော
ကိလေသာတရားတို့ မပူးသတ်ရအောင်
သတိကပ်၍ ရှုမှတ်ခြင်းသည် သမ္မာသတိဖြစ်သည်။
(Right Mindfulness: Dwelling on contemplating the material quality of the body, feeling, perception, mental objects and consciousness to remove covetousness and grief, and to develop insight knowledge is called the Right Mindfulness.)

၆။ သမ္မာသမာဓိ (Right Concentration) - မှန်စွာစူးစိုက်ခြင်း
တရားဘာဝနာအားထုတ်သည့်အခါ ရရှိလာမည့်
ပဌမအဆင့်ဖြစ်သောဈာန်၊ ဒုတိယအဆင့်ဖြစ်သောဈာန်၊
တတိယအဆင့်ဖြစ်သောဈာန်၊ စတုတ္ထအဆင့်ဖြစ်သောဈာန်တို့နှင့်
အတူဖြစ်သည့် စူးစိုက်တည်တံ့မှုသည် သမာဓိဖြစ်သည်။
(Right Concentration: By practicing meditation, experiencing the first, second, third and fourth state of Janic is called the Right Concentration.)

 ပညာ (Wisdom)
 ၇။ သမ္မာသင်္ကပ္ပ (Right Thought) မှန်စွာကြံစည်ခြင်း
ကာမဂုဏ် အာရုံခံစားမှုအတွက် ကြံစည်တွေးတောခြင်း၊
သူတပါး ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တွေးတောခြင်း၊
သူတပါးကိုနှိပ်စက်ရန် ကြံစည်တွေးတောခြင်းတို့မပြုဘဲ
အလှူပေးခြင်း သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းစသည့်
ကောင်းမှုပြုရန် ကြံစည်တွေးတောခြင်းသည် သမ္မာသင်္ကပ္ပဖြစ်ပါသည်။
(Right Thought: Thoughts on freedom from sensuous desires, thoughts on freedom from desire for destroying, thoughts of wishing well to others, thoughts on non-cruelty, on giving protection with compassion and all thoughts of good deeds such as keeping morality, giving charity and practicing meditation; the modes of thoughts are known as Right Thought.)

၈။ သမ္မာဒိဋ္ဌိ (Right Understanding)- မှန်စွာသိနားလည်ခြင်း
ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲဖြစ်ကြောင်းအမှန်တရား၊
ဆင်းရဲငြိမ်းမှုအမှန်တရား၊ ဆင်းရဲငြိမ်းရာသို့ရောက်ကြောင်း
အကျင့်အမှန်တရားဟု ဆိုအပ်သော သစ္စာလေးပါးကို မိမိဉာဏ်ဖြင့် နားလည်သဘောပေါက်ခြင်းသည်
သမ္မာဒိဋ္ဌိဖြစ်ပါသည်။
(Right Understanding: Knowing the truth of suffering, knowing the truth of the cause of suffering, knowing the truth of cessation of suffering and knowing the truth of the way leading to the cessation of suffering; such knowledge is called the Right Understanding. In short, knowing the four truths as they really are is the path of Right Understanding.)


Four ways of victory (အောင်ခြင်း လေးဖြာ)
Conquer anger by loving-kindness.
Conquer evil with good.
Conquer the stingy by giving.
Conquer the liar by truth.
၁။ မလိုမုန်းထား ဒေါမာန်ပွားသူကို အမျက်မထား မေတ္တာပွားခြင်းဖြင့် အောင်နိုင်ရာ၏။
၂။ မတော်မမှန် အလိမ်ဉာဏ်များသူကို ဖြောင့်မတ်မှန်ကန် ဆက်ဆံခြင်းဖြင့် အောင်နိုင်ရာ၏။
၃။ နှမြောဝန်တို မစွန့်ကြဲလိုသူကို ပေးကမ်းလှူဒါန်းခြင်းဖြင့်အောင်နိုင်ရာ၏။
၎။ လိမ်ညာပြောဆို ထိုပုဂ္ဂိုလ်ကို အမှန်ပြောခြင်း ဆက်ဆံခြင်းဖြင့်အောင်နိုင်ရာ၏။



No comments:

Post a Comment