Thursday, March 12, 2015

Almost a Decade of My Public Service Experience at a Glance!


ကျမရဲ့ ၁၀ နှစ်မပြည့်တပြည့် ပြည်သူ့ဝန်ထမ်း-အရာထမ်းဘဝအကြောင်း တစေ့တစောင်း

နိုင်ငံခြားရေးဝန်ကြီးဌာကနေ အငြိမ်းစားယူပြီး fb မှာ အတွေ့အကြုံလေးတွေကို ချစ်စရာ၊ လွမ်းမောတသဘွယ်ရာ၊ ဗဟုသုတတွေ အဖြစ် ဝါသနာအရရေးရင်း မကြာခဏ Posts တွေတင်ပေးနေတဲ့ ဆရာခိုင်ထွန်းကို အားကျပြီး စိတ်ထဲရှိတာလေးတွေ ရေးချင်စိတ်ပေါက်လာတာနဲ့ ဒီစာစုကိုရေးမိပါတယ်။ 


တကယ်တော့ ကျမ နိုင်ငံခြားရေးဝန်ကြီးဌာန-နခဌ မှာအလုပ်လုပ်ခဲ့တာ ၁၀ နှစ်မပြည့်ခဲ့ပါဘူး။ ၁၉၈၀ ဇန်နဝါရီလကနေ ၁၉၈၈ အောက်တိုဘာလကုန်ပိုင်းအထိဆိုတော့ ၈ နှစ်ကျော် ၉ နှစ်နီးပါးဘဲ နခဌ လုပ်သက်ရှိခဲ့တာပါ။ ကျမအခု အသက် ၆၁ နှစ် ဆိုတော့ ဘဝရဲ့ ၇ ပုံ တပုံလို့ဘဲပြောပါရစေ။ ဒါပေမဲ့ ကျမကတော့ နခဌ ဝန်ထမ်းဟောင်း တယောက်ရယ်လို့ဘဲ ဂုဏ်ယူ ခေါင်းမာစွာနဲ့ ဒီနေ့အထိ ခံယူနေဆဲပါ။


ကျမငယ်ငယ်က ရေဒီယိုနားထောင်တိုင်း ရေဒီယိုဆိုတဲ့ သေတ္တာထဲမှာ လူသေးသေးလေးတွေဝင်ပြီး စကားတွေပြောနေတယ်လို့ ထင်ခဲ့မိပါတယ်။ နောက် သိတတ်တဲ့အရွယ်မှာ လူကြီးတွေကရှင်းပြမှ အသံလှိုင်းတွေဆိုတာနားလည်ခဲ့ပြီး သောတရှင်အပေါင်း ကြက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်ဝကြပါစေရှင် ဆိုတဲ့ စကားကိုလိုက်ပြောရင်း၊ စိတ်ကူးနဲ့ announcer ဖြစ်ချင်ခဲ့တာပေါ့။ တအိမ်လုံးမျက်စေ့နောက်အောင် သတင်း Siganature Tune လာတိုင်း ခုန်ဆွ၊ ခုန်ဆွနဲ့ လိုက် က နေကျ။ နည်းနည်းကြီးလာတော့ ချစ်ဘိုမကြီး ချစ်ချင်တယ်တဲ့။ သိပ်ကြည့်ကောင်းတဲ့ သိပ်ချောတဲ့ ဗိုလ်ကြီးမမ အန်တီခင်လှသီကို အားကျပြီး စစ်ဗိုလ်မ ကြီးဖြစ်ချင်တာတဲ့။ ကျမ ၁၀ တန်းအောင် တော့ စစ်ဗိုလ်မ ဖြစ်ချင်တဲ့ ကျမက အဲဒီခေတ်က စစ်သူနာပြုဘဲ ရှိတော့ လျှောက်ကြည့်မလား စိတ်ကူးမိပါသေးတယ်။ ခင်မင်ကြတဲ့ မေမြို့ စစ်ဆေးရုံးက စစ်သူနာပြု အရာရှိမကြီးတချို့က သူတို့တောင် ဒီအလုပ်ကို လုပ်မိတာမှားတယ်တဲ့။ မလုပ်ချင်ပါနဲ့ဆိုလို့ မလျှောက်ဖြစ်ခဲ့ပါဘူး။


နိုင်ငံခြားရေးရုံးမရောက်မီ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးကို အရင်ရေးပြချင်ပါတယ်။


၁၉၇၄ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာ သား ၂ ယောက်ထိန်းနေခဲ့ရာကနေ ၁၉၇၈ ခုနှစ် ဝန်းကျင်မှာ အလုပ် လုပ်ချင်စိတ်ပေါက်လာတာနဲ့ ငယ်ငယ်ကစိတ်ကူးယဉ်ခဲ့တဲ့ အလုပ်တွေကို လုပ်ရင်ကောင်းမလားလို့ စဉ်းစားမိပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် မြန်မာ့အသံက announcer ခေါ်ပါတယ်။ အသံကပြသနာမရှိပေမဲ့ လက်ရေးတို တတ်ရမယ်ဆိုတော့ သင်တန်းတက်ရမယ့်ကိန်းပေါ့။ သားငယ်လေးက ရင်ခွင်ပိုက်အရွယ် ဆိုတော့ သူ့ကိုထားပြီး သင်တန်းတက်ဖို့ကြိုးစားပါတယ်။ ကမ်းနားလမ်းက ဘီအိုစီကောလိပ် ဆိုတဲ့ လက်နှိပ်စက်၊ လက်ရေးတိုသင်တန်းကျောင်းကို သွားစုံစမ်းကြည့်ပါတယ်။ ဘာရယ်မဟုတ် အဲဒီနေရာမျိုးတခါမှမရောက်ဘူတဲ့ ကျမအတွက် အသက်ရှူလို့တောင် မရတာနဲ့ မတက်ဖြစ်တော့ဘဲ မြန်မာ့အသံကအလုပ်ကို လက်လျှော့လိုက်ပါတယ်။ အဲဒီတုန်းက မြန်မာ့အသံကို အုပ်ချုပ်တဲ့ ဝန်ကြီးဌာနရဲ့ ဝန်ကြီးက အန်ကယ်မြမောင်ပါ။ သူနဲ့ က သားအဖလိုရင်းနှီးတာပါ။ ဒါပေမဲ့ ကိုယ့်မှာ သတ်မှတ်ထားတဲ့ အရည်အချင်းမပြည့်ဘဲနဲ့ အန်ကယ်မြမောင်ကိုအပူမကပ်ခဲ့ပါဘူး။


၁၉၇၈-၇၉ ခုနှစ်အတွင်း တခြားဘာအလုပ်ရှာရင်ကောင်းမလဲဆိုပြီး သတင်းစာထဲမှာပါတဲ့ ရာထူးဝန်လို့ အလွယ် ခေါ်ကြတဲ့ PSC ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး အဖွဲ့ရဲ့ ခေါ်တဲ့ အလုပ်တွေကိုလျှောက်ခဲ့ မိပါတယ်။ အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အတွက် စစ်ဆေးရေးမှူး နဲ့ နိုင်ငံခြားရေးကခေါ်တဲ့ သံအရာရှိ/လက်ထောက် အရာရှိ ရာထူးတွေ အတွက်ပါ။ ကြီးကျယ်တယ်၊ အဝှာကျယ်တယ်လို့ပြောရင်လည်း ခံပါ့မယ်။ စာရေးစာချီ မလုပ်ချင်၊ အရာရှိဘဲလုပ်ချင်တာဆိုတော့ အဲဒီအချိန်တုန်းက ဘွဲ့ရပြီးတဲ့သူတွေ အစိုးရဌာနတွေကို အရာရှိ အဖြစ်နဲ့ ဝင်လို့ရတဲ့ တခုတည်းသော ဝင်ပေါက်က PSC ပါဘဲ။ ရထားတဲ့ ဘွဲ့ရဲ့ ဘာသာရပ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် တက္ကသိုလ်တခုခုက သာမန်ဘွဲ့ရရင် PSC ကခေါ်တဲ့ အလုပ်ကို လျှောက်လို့ရတာလေ။ ပညာအရည်းအချင်းက ဘွဲ့ရဖြစ်ရမယ်ပေါ့။ ကျမက သတ္တဗေဒ (ကပ်ပါးဗေဒအထူး) နဲ့ သိပ္ပံဘွဲ့လေ။ ခေါ်တဲ့အလုပ်တွေနဲ့ လားလားမှမဆိုင်ပေမဲ့ ဘွဲ့ရတယ်ဆိုတဲ့ ပညာအရည်အချင်းသတ်မှတ်ချက်နဲ့ ပြည့်တယ်ပေါ့။ ဒီတော့ PSC စာမေးပွဲအတွက် မဆလ-မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ သဘောတရား ရေးရာတွေ၊ နိုင်ငံတကာရေးရာ အထွေထွေဗဟုသုတတွေကို အပင်ပန်းခံ လေ့လာခဲ့ရပါတယ်။ ပါတီရဲ့ သဘောတရားရေးရာဖြစ်တဲ့ လူနဲ့ပတ်ဝန်းကျင်တို့ရဲ့ အညမညသဘောတရားဆိုတာကို အရည်ကျိုသောက်ခဲ့ရတဲ့ အဖြစ်ပေါ့ရှင်။ နေ့လည်ဘက် သား ၂ ယောက်ကိုထိန်းနေရတော့ စာမကျက်နိုင်လို့ မနက် ၂ နာရီထပြီး စာကျက်ခဲ့ရတဲ့ အဖြစ်ပါ။ 


အိမ်နီးနားချင်း လုံးကြီးပေါက်လှအပျိုကြီး ပါတီဌာနချုပ်က စာပြု-အရာရှိမကြီး ဒေါ်ခင်ထွေးထွေးဝေက ပါတီ သဘောတရားရေးရာတွေကို နားဝင်အောင် ရှင်းပြပေးလို့ စာကျက်ရတာမခက်တော့ဘဲ ကိုယ်နားလည်သလို စကားပြေနဲ့ ဖြေနိုင်ခဲ့ပါတယ်။ ပါတီသဘောတရားတွေကို တီးမိခေါက်မိဖြစ် လာတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ သဘောတရားဆိုတာဟာ တကယ်တော့ ဗုဒ္ဓတရားတချို့နဲ့ ကွန်မြူနစ်မကျတကျ၊ ဆိုရှယ်လစ်အတွေးအခေါ်တွေ ကို ရောသမမွှေထားပါလားလို့ သုံးသပ်မိပါရဲ့။ (ကျမအမြင်သက်သက်ပါ) ဘာဘဲပြောပြော ရေးဖြေစာမေးပွဲ အောင်ဖို့က အဓိကလေ။ အပြတ်လေ့လာပြီး မှတ်သားခဲ့ရပါတယ်။ နိုင်ငံတကာရေးရာကတော့ စိတ်ဝင်စားပြီး သားမို့ သိပ်အခက်အခဲမရှိခဲ့ပါဘူး။ ကံဉာဏ်ဝီရိယ အကျိုးတွေကြောင့် ရေးဖြေစာမေးပွဲကို အမှတ်များများနဲ့ အောင်ခဲ့ပါတယ်။ 

လူမှုဖူလုံရေးစစ်ဆေးရေးမှူးရာထူးကအရင်ခေါ်တာပါ။

ရေးဖြေအောင်ပြီး လူတွေ့ဖြေတဲ့အခါ အနန္တောအနန္တငါးပါးကျေးဇူးကြောင့် အရွေးခံခဲ့ရပါတယ်။ ရတနာသုံးပါး၊ မိဘနဲ့ ဆရာ ထဲမှာ မိဘကျေးဇူးကအဓိကဖြစ်ခဲ့တယ်လို့ ဘဲပြောပါရစေ။ ကျမ PSC စာမေးပွဲဖြေတဲ့အချိန်မှာ အဖေဟာ ဘာရာထူးမှမရှိတော့တဲ့ အငြိမ်းစားတယောက်ပါ။ အမေနဲ့ အဖေက မိလုံးတော့ ရေးဖြေအောင် ထားတယ်၊ ကြည့်လိုက်ပါလို့ ဘယ်သူ့အိမ်ကိုမှသွားပြီး မပြောပေးခဲ့ပါဘူး။ ရိုးသားတဲ့ ကျမရဲ့ အဖေနဲ့အမေကို လူအများက လေးစားချစ်ခင်ကြပြီး ကူညီချင်ကြလို့သာ လူကြီးတွေက ကျမကိုရွေးခဲ့တာလည်းဖြစ်နိုင်ပါတယ်။ 


ကျမကတော့ ဘာရယ်မဟုတ် ဗေဒင်တွေ၊ အကြားအမြင်တွေလည်းမေး၊ ယတြာတွေလည်းချေ၊ အဓိဌာန်ဝင် ပုတီးတွေစိတ်ခဲ့တာပေါ့။ ရတနာဒီပံဖယောင်းတိုင်း လည်းထွန်း၊ အဲဒါတွေမလုပ်လိုက်လို့ မရတာပေါ့လို့ မဖြစ်ရအောင် လုပ်ခဲ့မိတာပါဘဲ။ လူတွေ့အင်တာဗျူးမှာ ပန်းရောင်ဝတ်ဆိုလည်းဝတ်ပေါ့။ ယတြာအနေနဲ့ ဖိနပ်မှာ အုန်းလက်ကပ်ဆိုလည်း ကပ်ခဲ့တာပါဘဲ။ ဘယ်သူ့ကိုမှ ဒုက္ခပေးတာမှမဟုတ်တာဘဲလေ။ ရင်ဘတ်ထဲမှာ သပြေညွန့်ထည့်ဆိုလည်း ထည့်။ မှတ်မိသလောက်လေးကို ဝန်ခံလိုက်တာပါ။


မှတ်မှတ်ရရ၊ လူမှုဖူလုံရေးစစ်ဆေးရေးမှူးရာထူး လူတွေ့ဖြေတဲ့နေ့က ခြောက်ထပ်ရုံးမှာရှိတဲ့ PSC ရုံးက VIP အတွက်သီးသန့် ဓါတ်လှေကားအပေါက်နားမှာ လူတွေ့မဖြေခင်ထိုင်စောင့်နေတုန်း အဲဒီခေတ်က PSC ဥက္ကဋ္ဌ ဦးသန်းစိန် ဓါတ်လှေကားထဲကထွက်လာတာတွေ့လိုက်ပါတယ်။ အန်ကယ်သန်းစိန်က ဟယ်..မိလုံး ပါလား၊ ဘာလာလုပ်တာလဲလို့မေးပါတယ်။ အမေနဲ့အဖေနေကောင်းလား၊ ဘာရာထူးအတွက်ဖြေမှာလဲစသဖြင့် စကားစမြည်ပြောပါတော့တယ်။ အန်ကယ်က ညည်းကသွက်တာဘဲ။ ဖြေနိုင်မှာပါ။ စိတ်အေးအေးထား၊ လို့ဘဲ အားပေးပါတယ်။ ဒါပေမဲ့ အနားမှာရှိနေကြတဲ့လူတွေအားလုံးကတော့ ဒီမိန်းကလေး ကတော့ သေချာ ပေါက်အရွေးခံရမှာပါဘဲလို့ တွေးမိနေကြမှာအမှန်ပါဘဲ။ 

PSC ဥက္ကဋ္ဌကြီးက ငယ်နံမည်တပ်ခေါ်ရ လောက် အောင်ရင်းနှီးနေတာကိုး။ ၁၉၅၈-၅၉ ဝန်းကျင်မှာ အဖေက ဗထူးတပ်မြို့က ဗိုလ်သင်တန်းကျောင်းမှာ ဒု-ကျောင်းအုပ်၊ အန်ကယ်သန်းစိန်ကကျောင်းအုပ်ကြီးဆိုတော့ ကျမကို ကလေးအရွယ်ကတည်းက ချစ်ခင်ပြီး အရွယ်ရောက်အိမ်ထောင်ကျတဲ့အထိ သံယောဇဉ်ရှိနေတာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနဲ့တင်မဟုတ်ပါဘူး။ ကျန် PSC အဖွဲ့ဝင်လူကြီးတွေအများစုကလည်း အိမ်နီးချင်းတွေနဲ့ ငယ်ငယ်က မိသားစုချင်း ခင်မင်ရင်းနှီးခဲ့တဲ့သူတွေဖြစ်နေတာပါဘဲ။ ချဉ်းကပ်ပြီး ပြောစရာမလိုဘဲ ရွေးပေးရမယ့်လူအဖြစ်နဲ့ ကျမကိုရွေးခဲ့တာဖြစ်ကောင်းဖြစ် မှာပါ။ ဘယ်လူကြီးကိုမှ ဘာတစိုးတစေ့မှ လာဘ်ပေးခဲ့ရတာမျိုး မရှိပါဘူး။ ကျေးဇူးတင်တဲ့ အနေနဲ့ ကန်တော့ခဲ့ရတာလည်းမရှိသလို ဘာလက်ဆောင်မှ မပေးခဲ့ရပါဘူး။ ကျမကို ရွေးပေးခဲ့ လို့လည်း PSC ကလူကြီးတွေ ဘာတခုမှ အကျိုးခံစားခဲ့ရတာမဟုတ်ပါဘူး။ သူတို့တာဝန် သူတို့ ထမ်းခဲ့ကြတာ ဘဲ ဖြစ်ပါတယ်။ အန်ကယ်သန်းစိန်ကလည်း မိလုံး ဒီနေ့ အင်တာဗျူးလာဖြေတာ ရွေးလိုက်ကြပါလို့ PSC ကလူကြီးတွေကို ပြောမယ့်လူမျိုး မဟုတ်ပါဘူး။ 


စစ်ဆေးရေးမှူးရာထူးနဲ့ လူမှုဖူလုံရေးရုံးအလုပ်ဝင်တော့ သင်တန်းပြီးတာနဲ့ တာဝန်ခွဲဝေပေးပါတယ်။ ကျမက ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းမှာနေတော့ ဒဂုံနဲ့ ဗဟန်း ၂ မြို့နယ် တာဝန်ယူရပါတယ်။ Posting နေရာကောင်းကောင်းရအောင် ဘယ်လူကြီးကိုမှလည်း ကပ်ခဲ့ရတာမဟုတ်ပါဘူး။ အဲဒီတုန်းက လူမှုဖူလုံရေး Social Security ဆိုတဲ့အဓိပ္ပါယ်ကို အလုပ်သဘောအရသာနားလည်ခဲ့တာဖြစ်ပါတယ်။ ထဲထဲဝင်ဝင် သိပ်မသိလှဘဲ သင်ပေးလိုက်တဲ့ စစ်ဆေးရမယ့်နည်းနဲ့ ဌာနဆိုင်ရာအလုပ်ရုံ၊ စက်ရုံတွေ၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာ အလုပ်သမား ဘယ်နှစ်ယောက်၊ လူမှုဖူလုံရေးထည့်ဝင်ကြေး မှန်မှန် ပေးရဲ့လားစစ်ဆေးဖို့နဲ့ အနာဂတ်မှာ စမ်းသပ်မယ့် သက်ကြီးပင်စင်အကြောင်း ပညာပေးရတဲ့ တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။


(အမေရိကားရောက်တော့ Social Security ဆိုတဲ့ လူမှုဖူလုံရေးဆိုတာ နိုင်ငံသားတိုင်းသာမက၊ နိုင်ငံမှာတရားဝင်အမြဲတန်းနေထိုင်ခွင့်ရှိသူတိုင်း ခံစားခွင့်ရှိတဲ့ အစီအစဉ်တရပ်ဆိုတာ သိခဲ့ရပြီးတဲ့နောက် မြန်မာပြည်က လူမှုဖူလုံရေးအစီအစဉ်ကိုအားမလိုအားမရဖြစ်မိပါတယ်။ အမေရိကားရဲ့ အစီအစဉ်က လစဉ်လုပ်ခရဲ့ ၆% ဝန်းကျင်ကို လစာထဲကနေတခါတည်း လူမှုဖူလုံထည့်ဝင်ကြေုးဖြတ်လိုက်သလို၊ အလုပ်ရှင်ကလည်းအချိုးကျမဖြစ်မနေထည့်ကြရတာပါ။ ဒီတော့ အသက် ၆၅ နှစ်ကျော်တဲ့အခါ ဒါမှမဟုတ်အသက်မပြည့်ခင်၊ နာမကျန်းဖြစ်လို့၊ အလုပ်မလုပ်နိုင်တော့ရင် လူမှုဖူလုံရေးကပြန်ထောက်ပံ့တဲ့ငွေနဲ့ အထိုက်အလျောက် သေတဲ့အထိ မပူမပင်၊ မတောင့်မတ၊ မကြောင့်မကျ နေနိုင်ကြတာပေါ့။)


လူမှုဖူလုံရေးမှာ စစ်ဆေးရေးမှူးလုပ်ခဲ့တဲ့ တနှစ်မပြည်တပြည့်လေးမှာ ရခဲ့တဲ့အတွေ့အကြုံတွေကလည်း မနည်းလှပါဘူး။ သားကြီးကကျောင်းတက်တဲ့ အရွယ်ဆိုတော့ ကျောင်းပို့ပြီး ၂ နှစ်အရွယ် သားငယ်လေးကို ကားပေါ်တင်ပြီး အလုပ်လုပ်ခဲ့တာလေ။ ကားကတော့အဖေ့အိမ်ကကားပေါ့။ ဒရိုင်ဘာက ဦးလှမောင်၊ အသားမည်းသလောက် စိတ်ရှည်၊ သဘောကောင်းတဲ့သူပါ။ နိုင်ငံပိုင်လုပ်ငန်းတွေကို စစ်ဆေးရတာမခက်ခဲပေမဲ့ ပုဂ္ဂလိက တနိုင်တပိုင်လုပ်ငန်းတွေကို စစ်ဆေးတဲ့နေရာမှာအခက်အခဲတွေရှိပါတယ်။ မိသားစုလုပ်ငန်းတွေရှိသလို၊ လူမှုဖူလုံရေးထည့်ဝင်ကြေးမပေးရအောင် တမင် အလုပ်သမား ၅ ယောက်မပြည့်အောင်ငှားထားရတဲ့ လုပ်ငန်းအငယ်စားတွေလည်းပါတာပေါ့။ အလုပ်ရှင်ရဲ့ အခက်အခဲတွေကို လည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ ကျမတို့ရဲ့ တာဝန်က ချမှတ်ထားတဲ့ ဥပဒေအရ အလုပ်ရှင်တွေလိုက်နာရမယ်အချက်တွေကို လုပ်မလုပ် Monitor လုပ် ရတဲ့သဘောပါ။ Check List နဲ့ မှတ်တမ်းတင်ရပါတယ်။ ရုံးချုပ်ပြန်ရောက်တဲ့အခါ သတင်းပို့ပေါ့။ တိုတောင်းလှတဲ့ လုပ်သက်မှာ ဘာတွေများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့ပါလိမ့် လို့ ပြန်ဆန်းစစ်မိတဲ့အခါ အလုပ်ရှင်တွေ အလုပ်သမားတွေအတွက် ထည့်ဝင်ကြေးပုံမှန်ပေးဖို့ မတတ်နိုင်တာကို တိုင်ခဲ့ရတဲ့အဖြစ်လား၊ အလုပ်သမားတွေ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ ငါ့ကြောင့် တကယ်ခံစားခဲ့ကြပါရဲ့လား စသဖြင့်ပေါ့။ နှစ်တွေကြာခဲ့ပေမဲ့ အခုထိ တာဝန်မကြေခဲ့ဘူးလို့ ခံစားနေမိဆဲပါ။



လုမှုဖူလုံရေးမှာ အလုပ်ဝင်နေတဲ့အချိန်မှာ နိုင်ငံခြားရေး သံအရာရှိရာထူးအတွက် လူတွေ့ခေါ်ပါတယ်။ ကျမနဲ့အတူ စစ်ဆေးရေးမှူးလုပ်နေတဲ့ ကိုဝင်းသိမ်းလည်း သံအရာရှိလူတွေ့ဖြေမယ့်စာရင်းထဲပါတယ်လေ။ ကျမတို့ ၂ ယောက် တိုင်ပင်မထားဘဲ သမ္ဗုဒ္ဓေကို အပတ်ပေါင်းများစွာစိတ်ပြီး အဓိဌာန်ဝင်ခဲ့ကြတာ မှတ်မိပါသေးတယ်။ သံအရာရှိလူတွေ့ဖြေမယ်ဆိုတော့ ကျမယောက္ခမကြီး Daddy ဦးသိန်းမောင်က သူ့မိတ်ဆွေ PSC လူကြီးတွေအိမ်ကို သွားပြောပေးပါတယ်။ သူ့ချွေးမ မလုံးတော်ကြောင်း၊ Social dealing ပေါင်းသင်း ဆက်ဆံရေးကောင်းကြောင်း၊ သွက်လက်ချက်ချာ ထက်မြက်ကြောင်း၊ သံတမန်တဦးဖြစ်ထိုက် ကြောင်း ဟိမဝန္တာချီးမွှန်းခန်းဖွင့်ပါတော့တယ်။ သူကိုယ်တိုင်က အင်္ဂလန်မှာ ၁၉၅၀ နှောင်းပိုင်းမှာ စစ်သံမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး တရုတ်-မြန်မာ အရေးအခင်းပြီးစကာလမှာ တရုတ်ပြည်ကို သံအမတ်ကြီး အဖြစ်နဲ့ ၄ နှစ်ကြာ Kick out လုပ်ခံခဲ့ရ၊ နောက်ဆုံးထိုင်းနိုင်ငံမှာ သံအမတ်ကြီးတာဝန်ယူခဲ့ပြီး ၁၉၇၀ ပြည့် နှောင်းပိုင်းမှာ ပင်စင်ယူခဲ့တာဖြစ်ပါတယ်။ (အဲဒီခေတ်က ဦးနေဝင်းသဘောမကျတဲ့သူ၊ စိတ်ကွက်သူတွေကို သံအမတ်ကြီးအဖြစ်နဲ့ နိုင်ငံခြားပို့လေ့ရှိပါတယ်။ တခါတလေ ရာထူးကသာအဆင့်မြင့်တာ၊ ဘာလုပ်ပိုင်ခွင့် အာဏာမှမရှိတဲ့နေရာကိုပြောင်းပေးလေ့ရှိတဲ့ Kick-up ဆိုတဲ့ အစဉ်အလာရှိပါတယ်။ စစ်တပ်က အရာရှိကြီး တွေ NDC လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးကောလိပ်ကို အပို့ခံရပြီဆိုရင် ချောင်ထိုးခံရတာတဲ့။) ယောက္ခမကြီး Daddy က တော်ရုံကိစ္စဘယ်သူ့ကိုမှ အပူကပ်လေ့မရှိဘဲ စည်းကမ်းစံနစ်ကြီးသူ၊ သိက္ခာရှိရှိမာန နဲ့ နေသူဖြစ်ပေမယ့် ကျမကို သံတမန်ကောင်းတယောက်ဖြစ်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သူ့မိတ်ဆွေ PSC လူကြီးတွေကို မေတ္တာရပ်ခံခဲ့ တာဖြစ်ပါတယ်။ ယောက္ခမကြီး ဟာ မြန်မာ့တပ်မတော်မှာ စည်းကမ်းကြီးလွန်းလို့ မူလီကြီးရယ်လို့ နံမည်ကြီးပြီး ဝန်ကြီးချုပ် ဦးမောင်မောင်ခနဲ့ သမ္မတဦးစန်းယုတို့က သူ့တပည့်ရင်းတွေဖြစ်ခဲ့ကြဘူးပါတယ် တဲ့။ ယောက္ခမကြီး Senior ကျတယ်ဆိုတာကို သိအောင်ရေးပြတာသာဖြစ်ပါတယ်။

ဘာဘဲပြောပြော အဖေကော၊ ယောက္ခမပါ ပင်စင်စားကြီးတွေဖြစ်မှ ကျမ နခဌမှာ သံအရာရှိအဖြစ်နဲ့ အလုပ်ဝင်ခဲ့တာဖြစ်ပါတယ်။ လူကြီးသမီးမို့ လူတွေ့မှာ အရွေးခံခဲ့ရတယ်ဆိုရင်လည်း ဂုဏ်ယူစွာနဲ့ လက်ခံပါတယ်။ ရိုးဂုဏ်နဲ့ သိက္ခာရှိတဲ့၊ လူအများချစ်ခင်လေးစား တဲ့ နှစ်ဘက်မိဘတွေရဲ့ သမီးမို့ အရွေးခံခဲ့ရတာလို့ဘဲခံယူပါရစေ။


အလုပ်အားတဲ့အခါ ဆက်ရေးပါ့မယ်။





No comments:

Post a Comment