Tuesday, August 6, 2019

DSA Never Surrender!


1968-72 အဖေ့လက်ထက် ဒေါ်စိန်အေးသားများသို့..

အခုတလော DSA ၆၅ နှစ်ပြည့်ဆိုပြီး တင်နေတဲ့ Post တွေ တွေ့နေရတာရယ်။ မောင်ကလေး ငပေ-ပေသီးတယောက်လည်း တလောက ၁၉ အုပ်စုနဲ့ သစ်ပင်တွေစိုက်ပြီး၊ DSA သွားလည်နေတာတွေ့လို့ “DSA Never Surrender” ဆိုတဲ့ Motto လေးကို သတိရမိလို့ပါ။ အခုခေတ်တော့မသိဘူး၊ အရင်တုန်းက ဗိုလ်လောင်းတွေက “DSA Never Surrender” ဆိုတဲ့ Seal စာသားပါတဲ့လက်စွပ်တွေကို Intake အလိုက်  ပုံစံအမျိုးမျိုးလုပ်ပြီး အမှတ်တရဝတ်ကြတာ သတိထားမိတယ်။ အဖေကျောင်းအုပ်ကြီးတာဝန်ကျတဲ့ကာလမှာ ကျောင်းဆင်းပွဲဆိုရင် မနက်ပိုင်း Parade နဲ့ ဆုပေးပွဲ၊ ညဘက် Dinner၊ နောက် ပြဇတ်၊ အဆို အကတွေနဲ့ ဖျော်ဖြေကြတာတွေကို အခုချိန်ထိ သတိရနေဆဲပါ။ အခုလည်း DSA ကျောင်းဆင်းပွဲတွေကို အရင်တုန်းကထက် ဆယ်ဆ မက ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနား ကျင်းပကြမှာကတော့ သေချာပါတယ်။

(၁၉ အုပ်စုနဲ့ ခရီးသွားနေတဲ့ ပေသီးကို  မေမြို့စစ်တက္ကသိုလ်ရောက်ရင် အဖေ့ပုံလေးရိုက်ခဲ့ပေးပါလို့ လှမ်းပြောလို့ရိုက်လာတာတဲ့၊ Against the light ဖြစ်နေတာသည်းခံကြပါနော်။)

အဖေက စစ်သားပေမဲ့ အနုပညာဝါသနာပါတယ်။ မိသားစုဆုံတဲ့ ရာသီဥတုကောင်းတဲ့ ညတွေဆိုရင် သီချင်းတွေ သံပြိုင်ဆိုကြ၊ ကကြပေါ့။ တခါတလေ DSA Officer Mess မှာ  အန်ကယ်ကျော်ဝင်း -ဒေါက်တာကျော်ဝင်း(UK သံအမတ်ကြီးဟောင်း) က တီး၊ မလုံးတို့က Key မကိုက်တဲ့အသံတွေနဲ့ မြမန်းဂီရိဆိုကြ၊ ကကြ ပျော်စရာကြီးပါဘဲ။ အဖေက မိလုံးကိုဆို ကျောင်းဆင်းပွဲဖြစ်ဖြစ်၊ သင်္ကြန်ဖြစ်ဖြစ် က ခိုင်းတာ။ မောင်လေးတွေကတော့အားပေးတယ်..ပုံပမာအက ဆိုပြီး ယိမ်း က တော့  မိလုံးနဲ့ ပုံမလာယိမ်းတဲ့..မလေးလက်ခတ်သံ သီချင်းနဲ့ က     တော့..မိလုံးအီးပေါက်သံတဲ့..အဲ့လို..အားပေးတာ။ ကိုဝေလင်းအောင်ရဲ့ 14 Intake ဗိုလ်လောင်းဘဝမှာ အဖေကကျောင်းအုပ်ကြီး၊ မကြည်နဲ့ မလုံး သမီးပျို ၂ ယောက်နဲ့ ဆိုတော့၊ စဉ်းစားသာကြည့်ကြပေါ့.. သူ့ထက် ကြီးကြီးငယ်ငယ် ဗိုလ်လောင်းတွေက.. အကို့ကို အကို..အကိုနဲ့ ခေါ်ကြတာ။ အဖေ့ကိုတော့ ဒိသာပါမောက္ခကြီးလို့ မကြားတကြားခေါ်ကြ၊ ကထိန် ဒိုးပတ်ပြိုင်ပွဲတွေရဲ့ သံချပ်တွေမှာလည်း “သမီးရှိတဲ့ ဖေဖေတွေ..ဒက်ဒီခေါ်ပါရစေ..” ဆိုပြီးဗြောင် လောင်ကြတာ။ ဗိုလ်လောင်းတွေက တနှစ်လုံးအောင့်ထားတဲ့ Frustrations မကြေနပ်သံတွေကအစ..ဆရာ၊ ဆရာမတွေ အလယ်ထား၊ အချင်းချင်းနောက်ကြတာတွေအဆုံး သံချပ်နဲ့ ရင်ဖွင့်ကြတဲ့သဘောပါဘဲ။ အဲဒီခေတ်က လူကြိုက်များတဲ့ သီချင်းတွေကိုလည်း စာသားတွေပြောင်းပြီးဆိုကြတာ။ တချို့ကို အခုထိမှတ်မိနေဆဲပါ။

ဗထူး OTS အရာရှိသင်တန်းကျောင်းမှာ အဖေ ဒုကျောင်းအုပ်တာဝန်ကျတုန်းက လေ့ကျင့်ရေးရုပ်ရှင်တွေကို ရုပ်ရှင်မင်းသားဗိုလ်ဘကိုနဲ့ တွဲပြီး ထုတ်လုပ်ဖူးတယ်။ တပ်ထဲကရဲဘော်တွေအတွက် စစ်သားတွေနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်ရုပ်ရှင်ဇတ်ကားတွေကို မြန်မာသံ Dubbed လုပ်တာ၊ စာတမ်းထိုးတာတွေလည်း လုပ်ပေးခဲ့တာမှတ်မိပါတယ်။ Guns of Navarone နဲ့ The Thin Red Line စစ်ကားလောက်ဘဲ မှတ်မိတော့တယ်။ အဖေ လေ့ကျင်းရေးညွှန်ကြားရေးမှူး DMT ဖြစ်တော့ တံတားလေး စိတ္တဇဆေးရုံရှေ့မှာလေ့ကျင့်ရေးရုပ်ရှင်-တိုက်မီးခိုးရောင်လေးရှိတယ်လေ။  (အခုတော့ မရှိတော့ဘူးလားမသိ) အဲဒီမှာ သောကြာနေ့ညဆို အင်္ဂလိပ်ရုပ်ရှင်တွေပြပါတယ်။ အထူးသဖြင့်..စစ်ကားတွေပြတာပေါ့။ အဖေက အဲဒီရုပ်ရှင်တွေထဲကနေ သင့်တော်တာရွေးပြီး ဘာသာပြန်ပြတယ် ထင်ပါရဲ့။

မလုံးတို့ DSA မှာနေတုန်းက စာရေးဆရာတောင်တွင်းကအောင်သင်း က မြန်မာစာဌာနမှာ ကထိကပေါ့။ ဦးမြိုင်သန့်က ဌာနမှူးထင်ပါရဲ့။ ဆရာအောင်သင်းနဲ့ ကျောင်းဆင်းပွဲအတွက် ပြဇတ်တိုက်ကြ၊ သင်္ကြန်အတွက် အကတိုက်ကြ၊ အဆိုအတီးတိုက်ကြနဲ့  သိပ်ပျော်စရာကောင်းပါတယ်။ အဲဒီတုန်းက မအေးနွဲ့သိန်း (ကိုခင်မောင်မြင့်-လေဇနီး)နဲ့ လည်း အတူတူကခဲ့ဘူးတယ်။ Chemistry ဌာနက ဆရာဦးချိုချိုနဲ့ ဇနီးဒေါ်လှလှညွန့်၊ ၊ အန်ကယ်လှရှိန်၊ အန်တီဒေါ်ရီရီမေတို့ ဇနီးမောင်နှံ၊ ဆုံးသွားတဲ့ နေဝင်းမောင်ရဲ့ မိဘတွေ၊ အန်ကယ်ဦးသန်းဆွေ၊ အန်တီမခင်ကြည်တို့ မိသားတစုလုံး၊ အန်ကယ်တင်ခ တို့လည်းပါတယ်၊ အန်တီဒေါ်ရီရီမေက မိန်းကလေးလိုဝတ် သရုပ်ဆောင်မယ့် ဗိုလ်လောင်းကို တင်တုပါဝတ်ခိုင်းတာ မှတ်မိနေပါသေးတယ်။ ပြဇတ်ထဲမှာ လက်တိုလက်တောင်း ခိုင်းတဲ့ကောင်လေးရဲ့ နံမည်က အောင်ထူး၊ ဒုကျောင်းအုပ်ကြီးနံမည်က ဒုဗိုလ်မှူးကြီးအောင်ထွန်း၊ ဇတ်တိုက်တော့ အောင်ထွန်းလို့ မှားမခေါ်မိစေနဲ့ဆိုပြီး သတိပေးကြတာလည်း မှတ်မိတယ်။ သင်္ကြန်သီချင်းတွေဆို မြန်မာ့အသံက မလွှင့်ရသေးခင် DSA သင်္ကြန်အတွက် သီးသန့်ပေးသုံးခဲ့ဘူးပါတယ်။ မှတ်ဉာဏ်ကလည်း ကျောင်းစာတွေသာ ဘာတလုံးမှမသိတော့တာ။ အဲဒီသီချင်းတွေကို အခုအချိန်ထိ အစအဆုံးဆိုနိုင်သေးတယ်။ သီချင်းတော်တော်များများ ဆရာအောင်သင်း ကိုယ်တိုင်စပ်ပေးတတ်ပါတယ်။ ကျောင်းဆင်းပွဲတခုအတွက် ပြဇတ်မှာသုံးဖို့ ဆရာအောင်သင်းက သီချင်းတပုဒ်ရေးပေးပါတယ်။ အဖေက အဲဒီသီချင်းကို သိပ်သဘောကျတယ်လေ။ DSA Never Surrender - စစ်တက္ကသိုလ်ဘယ်တော့မှလက်နက်မချ ဆိုတဲ့ သီချင်းပါ။ မှတ်မိသလောက်ကတော့..

“ဗမာ့လွတ်လပ်ရေးကို ကြိုးပမ်းလို့ တည်ဆောက်ပေသည်
ကိုယ်ကျိုးစွန့်ကြ၊ သားကောင်းအာဇာနည်
ဒို့ပြေ၊ ဒို့မြေ၊ ကြွေးကျော်လို့ ကာကွယ်စွန့်စားသည်
ရာဇဝင်ကို သူတို့သွေးနဲ့ရေးလို့ ပြောင်းခဲ့သည်
တာဝန်ကိုယ်စီ၊ ငါတို့ထမ်းကာစွမ်းဆောင်ကြမည်
ဇွဲသတ္တိ ခိုင်မာသည်
(စစ်တက္ကသိုလ်..ဘယ်တော့မှ..လက်နက်မချ..) ..၃ ခါကြော့..
အဓိဌာန်ပြုမည်၊ အဓိဌာန်ပြုသည်၊
ယောက်ျားဘသား၊ မော်ကွန်းတွင်စေမည်။”

တစွန်းတစမှတ်မိတာလေးကတော့..ဖက်စစ်ဂျပန်တော်လှန်ဖို့ စစ်သားစုဆောင်းတဲ့အခန်းမှာ..ပိုပြီးပျော်ဖို့ရယ်..ဒို့ဂျီးဒေါ်ကြီးကိုပါ ငါပေးမယ်…ယူမယ်..ယူမယ်..

အဖေတို့ခေတ်က စစ်သားကြီးတွေဆိုတာ စည်းစံနစ်ကျကျ၊ သိက္ခာရှိရှိ၊ ကွယ်လွန်ချိန်အထိ အဂတိကင်းကင်းနဲ့ ဘဝကိုဖြတ်သန်းခဲ့ကြတာပါ။ တချိန်က မြန်မာ့လွတ်လပ်ရေးအတွက် အသက် သွေး၊ ချွေးတွေနဲ့ ရင်းခဲ့ကြတဲ့ တပ်မတော်သားကြီးတွေရဲ့ မျက်နှာကိုထောက်ပြီး မြန်မာ့တပ်မတော်ကြီးကို ဘယ်လိုအဖတ်ဆယ်ကြရင် ကောင်းမလဲ ဆိုတာ စဉ်းစားကြဖို့အချိန်တန်ပြီလို့ ယူဆပါတယ်။ ဆရာမကြီးလုပ်တာမဟုတ်ပါဘူး။ နိုင်ငံတကာက အပြစ်တင်ခံနေရတာကလည်း မပြေးသော်လည်း ကန်တဲ့ခြေရာကတွေ့နေရလေတော့..ဒီနေ့ သတင်းတပုဒ် ဘာသာပြန်ရပါတယ်။ မြန်မာ့တပ်မတော်ကို အများကဒီလို ဖြစ်စေချင်တဲ့ဆန္ဒရှိပါတယ်တဲ့။

 “People want a clean Tatmadaw that is not tainted by business issues. They want a professional Tatmadaw that is focus on defense and not on conflicts with other ethnic groups.  They want the unified Tatmadaw that brings together all different ethnic groups.  Moreover people want the Tatmadaw that is a Guardian of the Nation not guards to the Generals.”

တပ်မတော်နဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေကို မကြားရတော့ဘဲ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင်ရှောက်တဲ့၊ ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ တပ်မတော်ရဲ့ သတင်းတွေကို ကိုယ်တိုင်ပြောချင်၊ မြင်ချင်၊ ကြားချင်လှပါဘိတော့တယ်..စစ်တက္ကသိုလ် ဘယ်တော့မှလက်နက်မချဆိုတာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့ အဓိဌာန်ကို အခိုင်အမာပိုက်ထွေးထားဖို့လို့ ယူဆရင်း…(အသာဆဲကြပါကုန်လော့)။




No comments:

Post a Comment