Wednesday, June 27, 2018


ကွေးသောလက်မဆန့်မီ...


အော်..လူတယောက်..အသိတယောက်..ရုတ်တရက်ဆုံးသွားတာကြုံတဲ့အခါတိုင်း…ငါလည်း..ဒီလိုမျိုး.အချိန်မရွေး.သေသွားနိုင်တာဘဲလို့ အမြဲတွေးမိပါတယ်။ မသေဆေးဆိုတာလည်း ရှိမှမရှိတာဘဲလေ၊ အတိတ်က စောင့်ထိန်းခဲ့တဲ့ သီလဆိုတဲ့ အကြောင်းတရားကြောင့် ကံ-အကျိုးပေးလည်းပါတာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြရင်..အော်..သီလနည်းခဲ့တာကိုး.လို့ပြောလေ့ရှိတာကြားဖူးပါတယ်။ မတော်တဆ Accident ကြောင့်သေကြရတာတွေကလည်း နေ့စဉ်နဲ့အမျှကြားနေ၊ တွေ့နေရတာပါဘဲ။ ဒါ့ကြောင့် သေခြင်းတရားဆိုတာ လူရယ်လို့..သတ္တဝါရယ်လို့ဖြစ်လာရင်..တနေ့မဟုတ်တနေ့သေကြရမှာပါဘဲ။

လွန်ခဲ့တဲ့ ၈ နှစ်လောက်စပြီး ရန်ကုန်ကို တာဝန်နဲ့လာခဲ့ရတဲ့ အကြိမ်မနည်းတော့ပါဘူး။ ၃ လ တကြိမ်အလှည့်ကျ၊ ၂ နှစ် အချိန်ပြည့်တကြိမ် စသဖြင့်ပေါ့လေ။ ဒီရုံးခန်းကိုစရောက်ကတည်းက မျက်နှာချင်းဆိုင်ရုံးက လူတွေက မျက်နှာထားတွေက ခပ်တည်တည်တွေပါဘဲ။ ရုံးနီးချင်းရယ်လို့ ဖေါ်ဖေါ်ရွေရွေမရှိကြပါဘူး။ လုံခြုံရေးအစောင့်ကအစ ကိုယ်ကပြုံးပြတာတောင် မမြင်ချင်ဟန်ဆောင်နေတဲ့အဖြစ်။ ဘာဖြစ်လို့များပါလိမ့်လို့ပေါ့။ စစ်အစိုးရ အဆက်ဆက် လေလှိုင်းထဲကလူသတ်သမား၊ ရန်တိုက်ပေးတဲ့ သတင်းဌာန စတဲ့ သတင်းစာတွေရဲ့ ဝါဒဖြန့် Brain washed ကြော်ငြာတွေက သူတို့ရင်ထဲအခုထိရှိနေဆဲထင်ပါရဲ့၊ အဲဒီရုံးခန်းကတကယ်တော့ အငြိမ်းစား ဗိုလ်ချုပ်တယောက် ဦးစီးတဲ့ သမဝါယမအသင်းရုံးခန်းတဲ့။ အခန်းကလည်း အဲဒီဗိုလ်ချုပ်ပိုင်တာဘဲဖြစ်ဖို့များပါတယ်။

ကျမဆိုတဲ့ မလုံးကလည်း မျက်နှာကို ဘယ်အခြေအနေဖြစ်ဖြစ်ပြုံးနေတဲ့ သဘာဝရှိလေတော့ လုံခြုံရေး အစောင့် ၂ ယောက်က ကျမအပြုံးနဲ့ တိုက်ခိုက်မှုဒဏ်ကို ကြာရှည်တောင့်မခံနိုင်တော့ဘဲ နှုတ်ဆက်၊ မေးထူးခေါ်ပြောကနေ ခင်ခင်မင်မင်ဖြစ်လာကြပါတယ်။ တခုခု စုပြီးလုပ်စားတဲ့အခါတွေမှာလည်း သူတို့ကိုပါကျွေးပေါ့။  သူတို့ရုံးက ဝန်ထမ်းတွေကတော့ ကျမတို့နဲ့ ဓါတ်လှေကားမှာဆုံရင်တောင် အခုထိမျက်နှာလွှဲနေကြဆဲပါဘဲ။ ဒါပေမဲ့ ဝန်ထမ်းတွေအများကြီးထဲက အမျိုးသမီးတယောက်ကတော့ ကျမကိုတွေ့တိုင်း ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ရှာတယ်။ အသက် ၅၀ ဝန်းကျင်အရွယ်၊ သင့်တင့်တဲ့ အရပ်အမောင်းနဲ့ ကိုယ်လုံးကိုယ်ပေါက်ကြည့်ကောင်းတဲ့၊ ရွက်ကြမ်းရေကျိုထက်သာတဲ့အလှပိုင်ရှင်တယောက်ပါ။ မဖြူမညို စိုပြေတဲ့ အသားအရေပိုင်ရှင်ဟာ မနက်တိုင်း သပ်ရပ်လှပစွာ သနပ်ခါးပါးကွက်ကို ယဉ်ယဉ်လေး လိမ်းထားပြီး ပန်းအမြဲပန်လေ့ရှိတာသတိထားမိပါတယ်။  သူ့ကိုကြည့်လိုက်တာနဲ့ စိတ်ထဲမှာ သနပ်ခါးနဲ့ ပန်းရနံ့ သင်းပြန့်ပြန့်ရသလို ခံစားမိတယ်။ သူတို့ရုံးရဲ့ အမျိုးသမီးတွေယူနီဖေါင်းက အပေါ်ကပန်းရောင်၊ ထမီကခရမ်းပြာဆိုတော့ တခြားလူတွေ ဝတ်တာထက် သူနဲ့ ပိုလိုက်ဖက်ပြီး ကျက်သရေရှိတာနဲ့ ကျမက တွေ့တိုင်း စ ပါတယ်။ အန်တီလည်း အဲဒီယူနီဖေါင်းဝတ်ချင်တယ်လို့။ သူက အန်တီကြိုက်ရင် အစဝယ်ပေး ချုပ်ပေးမယ်တဲ့။ သူက အဲဒီရုံးမှာ ဘာအလုပ်လုပ်တာလဲ မစစပ်စုဘူးပေမဲ့ တွေ့လိုက်တိုင်း မုန့်ဟင်းခါးသွားဝယ်လိုက်၊ မုန့်နဲ့ လဘက်ရည်ပြေးဝယ်လိုက်၊ တက်လိုက်ဆင်းလိုက် ခဏခဏ လုပ်နေတာမြင်တော့ အော်..သူ့ကြည့်ရတာ ရုံးအကူများဖြစ်နေမလား၊ သန့်ရှင်းရေး ဝန်ထမ်းလည်းဖြစ်နိုင်တာဘဲလေလို့တော့တွေးမိပါတယ်။

ရန်ကုန်ကိုတာဝန်နဲ့ လာတဲ့အခါတိုင်း ရုံးနားနီးချင်း လုံခြုံရေးအစောင့် ၂ ယောက်နဲ့ အဲဒီခင်ဖို့ကောင်းတဲ့အမျိုးသမီးအတွက် လက်ဆောင်ပစ္စည်းအတိုအထွာလေးတွေကို ကျမပေးနေကျပါဘဲ။ အရင်က ကျမတို့ရုံးမှာ လုံခြုံရေးအစောင့်မရှိခင်က အဲဒီရုံးက လုံခြုံရေးလူကြီး ၂ ယောက်က ကျမတို့ကို စောင့်ရှောက်ပေးခဲ့တာပါ။ ကျမကို ပြည်ပအသံလွှင့်ဌာနကမို့ အရင်ကအမြင်မကြည်လင်ခဲ့ပေမဲ့ ကျမလည်း စစ်တပ်ထဲမှာ ပဲစားကြီးလာတာကိုသိသွားတော့ ပြောရဲဆိုရဲ ဖြစ်လာကြပါတယ်။ ဒီတခေါက် ကျမ ရန်ကုန်ပြန်ရောက်တော့ အဲဒီအမျိုးသမီးကို မတွေ့ရသေးခင် လုံခြုံရေး ၂ ယောက်ကို လက်ဆောင်အရင်ပေးမိပါတယ်။ အဲ..နောက်တနေ့ သူနဲ့လည်းတွေ့ရော..အန်တီနော်..အဘတွေကိုတော့ လက်ဆောင်ပေးပြီး ကျမကျတော့မပေးဘူးလို့ ရန်ထောင်ပါတော့တယ်။ အဲဒါနဲ့ သူ့အတွက် နှုတ်ခမ်းနီတတောင့်ပေးလိုက်တော့ ကျေနပ်တဲ့အပြုံးနဲ့ အန်တီက ကျမအတွက် သတိရမယ်ဆိုတာ သိပြီးသားပါတဲ့။ သူက အန်တီ ဒီတခေါက်အကြားကြီးနေမှ ပြန်လာတယ်နော်၊ ဟော..ခဏလေးနဲ့ ပြန်တော့မယ်..ကျမကတော့လွမ်းနေမှာဘဲ။ ရိုက်ကူးရေးရှိလို့ ကျမရှိုးထုတ်ထားပြီး ဓါတ်လှေကားမှာဆုံတိုင်း..အန်တီက ဘာဝတ်ဝတ်လှတယ်နော်..ကျမအောက်ဆင်းမလို့ အန်တီဘာစားချင်လဲပြော..ဝယ်ခဲ့ပေးမယ်၊ အန်တီ တယောက်တည်း လား..ခိုင်းစရာရှိရင်ခေါ်နော်..အားမနာနဲ့..စသဖြင့်..တွေ့တိုင်း ဟန်ဆောင်တာမဟုတ်ဘဲ ရွှန်းရွှန်းဝေအောင်ပြောတတ်တဲ့ အမျိုးသမီးပေါ့။

ပြီးခဲ့တဲ့ ၃ ပတ်လောက်က ကျမရုံးက လဲ့ဝင်းနဲ့ လုံခြုံရေး ခင်ဇော်လတ်က မနက်စောစော ပြူးတူးပြဲတဲနဲ့ အန်တီ ဟိုဘက်ရုံးက အန်တီနဲ့ ခင်တဲ့ အမျိုးသမီးလေ..ညကဆုံးလို့တဲ့။ ဘုရား.ဘုရား..အဲဒီတရုံးလုံးမှာ သူနဲ့ အစောင့် ၂ ယောက်ကိုဘဲ သိတဲ့ကျမ ဘာပြောရမှန်းတောင်မသိတဲ့အဖြစ်။ သူ့ကိုသာ ခင်နေတာ တခါမှ နံမည်လည်းမမေးမိဘူး။ အိမ်ထောင်ရှိလား၊ သားသမီးရှိလားလည်း မစပ်စုမိ။ ဟဲ့မေးကြပါဦး..ဘယ်နေ့ အသုဘချမှာလဲ။ လိုက်ပို့ကြရအောင်။ အသုဘက ရွာထုံးစံ ၃ ရက်ထားပြီးမှချမှာတဲ့။ ရေဝေးနဲ့ ထိန်ပင် မှာမချဘူးတဲ့။ သူ့ရွာက သုဿန်မှာ မြေမြှုတ်မှာတဲ့။

အသုဘချတဲ့နေ့က လဲ့ဝင်းတယောက်ဘဲ ရုံးကိုယ်စားလိုက်ပို့ဖြစ်ပါတယ်။ သူတို့ရုံးကလည်း ပစ္စည်းတင်တဲ့ ကားအသေးလေးနဲ့ ဆိုတော့ လဲ့ဝင်းပါမှ လူ ၅ ယောက်ဘဲ လိုက်ပို့ကြတာတဲ့။ အသုဘကူငွေကို လဲ့ဝင်းနဲ့ လူကြုံပါးပေါ့။ လိုက်ပို့ချင်ပေမဲ့ သေတဲ့လူဘဲသိတဲ့ အသုဘဆိုတော့လည်း စိတ်လျှော့လိုက်ပါတယ်။
သူဆုံးမယ့်ည..ရုံးအပြန် ဓါတ်လှေကားထဲမှာ ရုံးက မေခ နဲ့ဆုံတော့..သူက တက်လိုက်ဆင်းလိုက်လုပ်ရတာ မောတယ်လို့ ညည်းတယ်တဲ့။ မေခကလည်း မောရင်..ဆေးပေးမယ်လို့ ပြောမိသေးတယ်တဲ့။ ခင်ဇော်လတ်ကတော့ အဲ့အမကြီး နေသိပ်မကောင်းလို့ ဆေးခန်းသွားပြတာတွေ့လိုက်တယ်တဲ့။

လဲ့ဝင်းရဲ့ အသုဘပို့အပြန် သတင်းစာရှင်လင်းပွဲကြားရတဲ့ ပရိဿတ်ခမျာ..ဟင်..ဟယ်..ဖြစ်ကြပြီး..စုတ်တသတ်သတ်ဖြစ်ကြရတယ်။ လဲ့ဝင်းသိတာက အဲဒီအမျိုးသမီးက လှိုင်သာယာဘက်သွားတဲ့လမ်း မီးခွက်ဈေးနားက စနေမရပ်ကွက်ကနေ ဘတ်စကားစီးပြီး ရုံးတက်တယ်ပေါ့။ ဒါပေမဲ့ အသုဘက သူ့အရပ်ကနေ ချတာမဟုတ်ဘဲ တွံတေးကနေ အတော်ဝေးတဲ့ ကားလမ်းတောင်သိပ်မပေါက်တဲ့ ခလောက်ချိုက်ဆိုတဲ့ရွာကနေချတာတဲ့။ လဲ့ဝင်းတို့သွားတဲ့ကားရွှံ့နစ်လို့ တော်တော်ဒုက္ခရောက်ခဲ့တယ်ဆိုဘဲ။ ဘာဖြစ်လို့သူ့ရွာက မချဘဲ သူများရွာကချတာလဲဆိုတော့..အဲဒီမှာ..ဇတ်လမ်းက စတော့တာ..

သူတို့တရုံးလုံးက သူ့ကို သားသမီး ၅ ယောက်နဲ့ မုဆိုးမတယောက်အဖြစ်ဘဲသိကြတာဆိုဘဲ။ အခုတော့ သူ့လက်ရှိ ယောက်ကျားရဲ့ ရွာ သုဿန်မှာ ချတာတဲ့။ ဆုံးသွားတဲ့ယောက်ကျားရဲ့ တပ်ပင်စင်ဆက်ထုတ်ချင်တာနဲ့ နောက်အိမ်ထောင်ပြုတာကို အသိမပေးဘဲထားတာတဲ့။ အခုယူတဲ့ အမျိုးသားကလည်း ယူထားတာ လ ပိုင်းဘဲရှိသေးပြီး သူမဆုံးခင် တပတ်မှာ လေဖြတ်သွားတယ်ဆိုဘဲ။ သားသမီး ၅ ယောက်မှာ ၃ ယောက်က အိမ်ထောင်ခွဲ၊ သမီး ၂ ယောက်ကတော့ အဒေါ်တွေနဲ့ နေပြီး ၁၀ တန်း တက်နေဆဲ။ ပူအိုက်စွတ်စိုလှတဲ့ရာသီဥတုနဲ့ နေပြင်းတော့ ရွာကအိမ်ရှေ့မှာ ပြင်ထားတဲ့ ၃ ရက်ကြာပြီဖြစ်တဲ့ သူ့အလောင်းက အတော်လေးရုပ်ပျက်စပြုနေပြီး အနံ့အသက်တောင်မကောင်းရှာတော့ဘူးတဲ့။ သုဿန်ဆိုတာကလည်း လယ်ကွင်းထဲမှာဘဲ မြေမြှုတ်တာတဲ့။

သူတို့ရုံးကလိုက်ပို့တဲ့ လူကြီးက သူရုံးကနေယူထားတဲ့ ချေးငွေတွေကို လျှော်ပစ်တဲ့အကြောင်းနဲ့ သွားလိုရာသွားနိုင်ပြီဆိုတဲ့ အမိန့်စာ ပေးခဲ့တယ်တဲ့။ လေဖြတ်ထားတဲ့ သူ့အမျိုသားက စကားတောင်မပြောနိုင်တော့ဘူးတဲ့။ သမီး ၂ ယောက်ကတော့ အမေယောက်ကျားယူလို့ စိတ်နာပြီး အသုဘတောင် လာမပို့ကြဘူးတဲ့။ သမီးတွေကသာ သူ့ကို စိတ်နာနေတာ၊ သူက ကျမပေးတဲ့ နှုတ်ခမ်းနီကို သမီးကိုပေးမှာလို့ ပြောဘူးတယ်လေ။ အိမ်ထောင်သည် သားတွေဘဲ အသုဘလာကြတာတွေ့ခဲ့တယ်တဲ့။

အော်..ကြားရတာနဲ့တင်..မောလိုက်တာ။ သူ့ခမျာ..အားကိုးရှာလိုက်တာ..အားမကိုးရဘဲ..တသက်လုံးပြုစုရမယ့်အဖြစ်ကနေ..ရက်တိုတိုနဲ့ ဝဋ်ကျွတ်သွားတာကိုဘဲ ကံကောင်းတယ်လို့ ပြောရမလားဘဲ..စိတ်ဖိစီးမှုတွေများပြီး..နှလုံးနဲ့ သွေးတိုးရှိတာသတိမထားဘဲ နေမိလို့..အခုလိုရုတ်တရက် heart attack ရသွားတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူဟာ ကျမနဲ့ စတွေ့ကတည်းက အပြုံးမပျက်၊ မညည်းမညူ၊ အလှမပျက်၊ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး အပျိုကြီးတယောက်လိုပါဘဲ။

ဒါနဲ့ သူ့နံမည်က…ဒေါ်တင်တင်လှ..တဲ့။ လူနဲ့ နံမည်နဲ့ လိုက်ဖက်လှပါပေတယ်..တင်တင်လှရေ..တင်တင်လှတယောက် ဒီဘဝရဲ့ အမောတွေ အဆုံးသတ်ပြီးပြီမို့ ကောင်းရာသုဂတိလားပါစေကြောင်း…အန်တီကြီးက..မေတ္တာပို့သလိုက်ပါတယ်…

1 comment:

  1. ကောင်းရာ ဘုံ ဘ၀ရောက်ပါစေ...။ Thanks to Daw Khin Soe Win. From Sayar Mya (MOFA); Tuesday 9 July 2019.

    ReplyDelete