Friday, December 23, 2016



သူများအသက်တခါလွှတ်၊ ကိုယ့်အသက် ဆယ်ခါလွတ်






တနေ့က ကောင်းစံ အသက် ၂၁ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့ရှင်က ဒကာခံလို့ တရုံးလုံး ရွှေဘထမင်းဆိုင်လို့ အများခေါ်ကြတဲ့ လှမြန်မာထမင်းဆိုင်မှာ ထမင်းသွားစားကြပါတယ်။ ဟင်းပွဲတွေစောင့်ရင်း၊ ဆိုင်ရှေ့မှာ ဆံရှည်ကိုယ်တော်တယောက်၊ စာကလေးအရွယ် ငှက်ကလေးတွေကိုလှောင်အိမ်ထဲထည့်ပြီး ဆိုင်ကထွက်တဲ့လာတဲ့သူတွေကို ငှက်လွှတ်ဖို့ ရောင်းနေတာသတိထားမိပါတယ်။ သူ့လိုဘဲ အမျိုးသမီးတယောက်ကလည်း ဇရက်လိုငှက်တွေကို လှောင်အိမ်ထဲထည့်ပြီးရောင်းနေပါတယ်။ ဒီလူတွေ ဘယ်လိုစိတ်ကူးနဲ့များ ကောင်းကင်မှာ လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့ ငှက်ကလေးတွေ မတရားဖမ်း၊ လှောင်အိမ်ထဲထည့်ပြီးaရာင်းနေကြရတာလဲ။ ဝယ်ပြီးလွှတ်တဲ့လူတွေကကော၊ ဗေဒင်ဆရာက ငှက် ဘယ်နှစ်ကောင်လွှတ်ရမယ်လို့ ယတြာချေခိုင်းလို့ နေမှာဘဲလို့တွေးမိရင်း အကုသိုလ်ပွားနေမိပါတယ်။  
မနက်ကတည်းက ကောင်းစံက သားမွေးနေ့ အပြင်မှာသွားစားကြမယ်ဆိုလို့၊ ကော်ဖီတခွက်ဘဲသောက်ပြီး အဆာခံ၊ ရွှေဘဆိုင်မှာ ငါးပိရည်၊ တို့စရာနဲ့ အဝတီးပစ်လိုက်မယ်လို့ စိတ်ကူးယဉ်ခဲ့ပေမဲ့ လှောင်အိမ်ထဲကငှက်တွေကိုကြည့်ပြီး ထမင်းတောင်ဖြောင့်ဖြောင့် မစားနိုင်လောက်အောင် စိတ်အနှောက်အယှက်ဖြစ်မိပါတယ်။ ဝယ်လွှတ်တဲ့သူတွေကလည်း မစဉ်းစားမိကြတာဘဲလား၊ သူ့ဟာသူနေတဲ့ ငှက်တွေကို ဖမ်း၊ လှောင်အိမ်ထဲထည့်ရောင်း၊ ဗေဒင်အရ ဝယ်လွှတ်တဲ့သူတွေကလည်း ကိုယ့်လောဘနဲ့ကိုယ်ဇောနဲ့ လွှတ်၊ ဘယ်လိုလုပ်ကုသိုလ်ဖြစ်ပါ့မလဲ။ ဝမ်းရေးအတွက် သမ္မာအာဇီဝ လုပ်စားတာဘဲလို့ဆိုရင်ကော၊ လှောင်ထားတဲ့သက်ရှိသတ္တဝါတွေကို လွှတ်ပေးတာဘဲ၊ ကုသိုလ်ရတာပေါ့ လို့ကြံဖန်တွေးရင်ကော။

တကယ်တော့၊ ရောင်းသူ၊ ဝယ်သူ၊ ကြည်ဖြူကြတာဘဲ။ ငါနဲ့ ဘာဆိုင်လို့လဲ။ ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ်ပေါ့၊ မြင်ရကြားရ၊ စိတ်ကသိကအောက်ဖြစ်မိတာကိုက ကိုယ့်အတွက် အကုသိုလ်ပါဘဲ။ ထမင်းစားပြီး ဆိုင်ကထွက်တော့ ဆံရှည်ကိုယ်တော်က ငှက်တွေလာရောင်းတော့ ဆြာလုံးကမနေနိုင်ဘဲ၊ သူ့ဘာသူနေတဲ့ငှက်ကလေးတွေကို ဘာလို့ဖမ်းပြီးရောင်းနေရတာလဲလို့ ရန်လုပ်မိပါသေးတယ်။ ကားပေါ်တက်ပြီး ကားထွက်ခါနီးမှာ ဆံရှည်ကိုယ်တော်ကို လှောင်အိမ်ထဲမှာ ငှက်ဘယ်နှစ်ကောင်ရှိလဲလို့ မေးမိပါတယ်။ သူက ၂၁ ကောင်တဲ့၊ တကောင် ၅၀၀၊ တသောင်းပေးပြီး ကိုယ့်ရှေ့မှာ လှောင်အိမ်အဖုံးဖွင့်ခိုင်းပြီး အကုန်လွှတ်ပေးခိုင်းလိုက်ပါတယ်။ 


စိတ်ထဲနည်းနည်းပေါ့သွားသလိုဖြစ်မိတုံး၊ အဲဒီငှက်တွေက ဒီအနီးအနားမှာဘဲနေကြပြီး၊ အစာပြခေါ်ရင် ပြန်လာတာဘဲလို့ တယောက်ကပြောတယ်။ နောက်တယောက်ကတော့ ကမ်းနားမှာ မနက်စောစော၊ ငှက်လက္ကားဖြန့်တဲ့သူတွေရှိတယ်တဲ့။ မြန်မာနှစ်သစ်ကူးမှာ ငါးလွှတ်ကြတဲ့အစဉ်အလာကလည်း၊ အတူတူပါဘဲ။ ရေထဲက ငါးတွေဖမ်း၊ ရေထဲကို သက်စေ့ပြန်လွှတ်ကြတာ၊ ကုသိုလ်ရတယ်တဲ့လား။ 

အော်..လောကမှာ ဝမ်းရေးအတွက် ကိုယ်တတ်နိုင်တာကို မခိုးမဝှက်ဘဲ၊ လုပ်ကိုင်ရှာဖွေစားသောက်နေရတာကို၊ အလကား ဒေါသပွားနေမိတာကိုက ကိုယ့်ဒုက္ခ ကိုယ်ရှာနေမိတာပါလားလို့ သံဝေဂ ရမိပါရဲ့။ နောက်ဆုံးစဉ်းစားမိတာကတော့၊ ကောင်းစံ ၂၁ နှစ်မွေးနေ့မှာ၊ မရည်ရွယ်ဘဲ၊ ဆံရှည်ကိုယ်တော်ဆီက ငှက်ကလေး ၂၁ ကောင်ကို ဒေါသစိတ်နဲ့ ဝယ်ပြီးလွှတ်ပေးလိုက်မိတာကိုဘဲ..ကြံဖန်..တွေးလိုက်တော့၊ ကုသိုလ်တပဲတော့ ရကောင်းပါရဲ့..ငရဲကတော့ ပိဿာချိန်နဲ့တွက် အချိန်တဆယ်လောက်ပေါ့…

Thursday, November 10, 2016

စာမရေးဖြစ်တာကြာပါပြီ။ (အမလေး စာရေးဆရာမလည်းမဟုတ်ဘဲနဲ့လို့ အတင်းတုတ်ကြပါ)။ အလုပ်က မနက်အစောကြီးသွားနေရတော့ ရေးဖို့ အားမရှိတာနဲ့ မရေးဖြစ်တာပါ။ အခုတော့ ရင်ထဲမှာပြည့်နေတဲ့ နာကျင်တဲ့ခံစားမှုတွေကို စာလုံးတွေအဖြစ် ချရေးလိုက်ရရင်၊ နည်းနည်းတော့ပေါ့သွားနိုင်ကောင်းရဲ့လို့တွေးမိလို့ပါ။ ကိုယ့်ဘဝမှာ ကိုယ်ကကြိုက်ရင် ထောက်ခံရင် အားပေးရင် အဲဒီဘက်ကအမြဲလိုလိုရှုံးလေ့ရှိပါတယ်။ ထီဝေးလို့ ကံစမ်းမဲတောင်မပေါက်ဘူးပါဘူး။ အတိတ်ဘဝက ကုသိုလ်နည်းခဲ့လို့ဖြစ်မှာပါ။

ဆုတောင်းမပြည့်တာလား၊ ကံခေတာလား၊ ကံဆိုတာကလည်း ကိုယ်လုပ်တဲ့အလုပ်၊ အတိတ်ကံဘဲဖြစ်မှာပါလို့တွေးပြီးဖြေပါတယ်။ ဒါပေမဲ့ ဒီတချီတော့ ဖြေလည်းရယ်…မပြေနိုင်ဖြစ်ရပါတယ်။ ကိုယ်တယောက်တည်းအတွက်ပါဘူး။ ကမ္ဘာနဲ့ချီတဲ့ ဦးဆောင်မှုဖြစ်လို့ပါ။ TV ဆိုရင် သတင်းဘဲကြည့်တာမို့ ပတ်ဝန်းကျင်က သတင်းရူးအဒေါ်ကြီးလို့တောင်ခေါ်နေကြတာ။ အခု..TV လည်းမကြည့်နိုင်၊ ကားပေါ်ရောက်တာနဲ့ ရေဒီယိုပါပိတ်နေရတဲ့အဖြစ်။ ရုပ်ကော၊ အသံပါ မကြည့်နိုင်၊ မကြားနိုင်လောက်အောင် တရားမဲ့နေတဲ့အဖြစ်ပါ။ နိုင်ငံတကာအလယ်မှာ ပွဲလယ်မတင့်နိုင်တော့ဘဲ မျက်နှာငယ်ရတော့မယ့်အဖြစ်ပါဘဲ။ လူကြီးတွေပြောပြောနေတဲ့ ကမ္ဘာကြီး ဆုတ်ကပ်ကိုများဆိုက်နေလေရော့သလား။ ခပ်ကြမ်းကြမ်း ရိုင်းရိုင်း စိုင်းစိုင်း လူတွေခေါင်းဆောင်တက်လုပ်ကြတဲ့ခေတ်လို့ပြောရမလားဘဲ။

ကိုယ်နိုင်စေချင်သူကလည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ သူ့အမှားကိုသူဝန်ခံထားပြီးသားပါ။ သူ့ကိုယ်ပိုင် Server သုံးတဲ့ Email ကိစ္စတွေကလည်း လွှတ်တော်မှာဖြေရှင်း၊ FBI ကစုံစမ်းစစ်ဆေး၊ အထုအထောင်းခံထားရတာလည်း ကြေမွနေပါပြီ။ ကိုယ့်ရဲ့ အမြင်ပြောရရင်။ ဟုတ်ပါတယ်။ သူကိုယ်ပိုင် Server သုံးတာမှားတယ်။ သက်ဆိုင်ရာက ဥပဒေအရကိုင်တွယ်ပြီးပြီ။ Wikileaks က ထပ်ဖွတယ်။ FBI က နောက်ဆုံး ပြစ်မှုမမြောက်ပါဘူးလို့ ထပ်ပြောတယ်။ သူ့ Email တွေကြောင့် နိုင်ငံအပေါ် ဘာတွေအန္တရာယ်ကျရောက်ခဲ့သလဲ၊ လုံခြုံရေးပြသနာတက်ခဲ့သလား။ စဉ်းစားကြည့်တဲ့အခါ ကန့်သတ်ထားတဲ့စာတွေကို သေသေချာချာ ဂရုတစိုက်မကိုင်တွယ်ခဲ့တာကလွဲလို့ မသမာတာတခုမှမတွေ့ခဲ့ရဘူးဆိုတာ အများအသိပါဘဲ။ ဒါတွေက အစိုးရတာဝန်ထမ်းဆောင်နေတုံးဖြစ်ခဲ့တာတွေ။ အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူခဲ့စဉ်မှာ သူတာဝန်ကျေခဲ့တာတွေကို အကျယ်ချဲ့စရာမလိုတော့ပါဘူး။ သူ့အိမ်ထောင်ရေးမှာကော။ ဘယ်မိန်းမကမှ ခွင့်လွှတ်မှာမဟုတ်တဲ့ ယောက်ကျားပွေရှုတ်ခဲ့သမျှ ခွင့်လွှတ်သည်းခံနိုင်တဲ့အရည်အချင်းအရှိဆုံး၊ ယောက်ကျားကိုအချစ်တတ်ဆုံးမိန်းမတယောက်အဖြစ် မှတ်တမ်းတင်ရမှာပါ။ အမျိုးသမီးနဲ့ ကလေးငယ်တွေအရေး၊ Universal Healthcare လို့ခေါ်တဲ့ လူတိုင်းအတွက်ကျန်းမာရေးစောင့်ရှောက်မှုစံနစ်အတွက် သူကျိုးပမ်းခဲ့ လွှတ်တော်ကအတည်မပြုခဲ့လို့မအောင်မြင်ခဲ့ပေမဲ့ စံတင်လောက်အောင်ဆောင်ရွက်နိုင်ခဲ့တာကို ချီးကျူးမိပါတယ်။ ပညာတတ်၊ ထက်မြက်ကျက်သရေရှိတဲ့ အမျိုးသမီးကြီးတယောက်မို့ လေးစားတာပါ။ သူပြောတဲ့စကားတိုင်းဟာ ဖန်တရာတေနေတဲ့ နိုင်ငံရေးစကားတွေဖြစ်ပေမဲ့ စကားလုံးတိုင်းဟာ အဓိပ္ပွါယ်ရှိတယ်လို့ ယူဆပါတယ်။ သူ့ကို အာဃာတ အမုန်းတရားတွေနဲ့ မကြိုက်တဲ့လူတွေလည်း အများကြီးရှိမှာပါ။

လုတိုင်းအကြိုက်ချင်းတူဖို့ကတော့မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီဆိုကတည်းကိုက လူတိုင်းလူတိုင်း သဘောထားကွဲလွဲခွင့်ရှိပါတယ်။ We have to agree to disagree ပေါ့။ တချို့ လုပ်ဖေါ်ကိုင်ဖက်တွေကပြောကြတယ်။ လူလိမ်နဲ့ လူမိုက် ၂ ယောက်ထဲက လူမိုက်ကိုဘဲရွေးမယ်တဲ့။ သူတို့ရည်ညွှန်းတဲ့ လူလိမ်က သူတပါးအကျိုးစီးပွားပျက်အောင်ဘာတခုမှမလုပ်ခဲ့ဘုး။ လိမ်တယ်ဆိုတာလည်း မုသားမပါလင်္ကာမချော၊ ဘိုလိုတော့ White lies တွေပြောတဲ့ပြောကြရတာ သဘာဝပါ။ ကိုယ်တိုင်ကော ငါးပါးသီလလုံကြပါရဲ့လား။ 

မိုက်ကန်းပြီး စော်ကား၊ နိုင်ငံသားတိုင်းပေးဆောင်ရတဲ့ ဝင်ငွေခွန်ကို ၁၀ နှစ်မဆောင်ဘဲနေတဲ့ လောဘဇောတိုက်နေတဲ့ လုပ်ငန်းရှင်၊ သူက ဥပဒေကိုလက်တလုံးခြားလုပ်ပြီး ဝင်ငွေမဆောင်တာကို Smart ဖြစ်သတဲ့။ အမေရိကန်သမိုင်းမှာ ဥပဒေအရမဟုတ်ပေမဲ့၊ အစဉ်အလာအရ သမ္မတလောင်းတိုင်းက ဝင်ငွေခွန်ဆောင်တဲ့စာရွက်စာတမ်းတွေကို လူထုကိုချပြကြပါတယ်။ ဒါမှလည်း ငါတို့ရွေးမယ့် သမ္မတက အဂတိတရားကင်းတယ်။ သမာသမတ်ဖြစ်တယ်၊ နဂိုကတည်းက ဘယ်လောက်ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာတွေကို အသိပေးရတာထုံးစံပါ။ သူကတော့ရှာမှရှား ခပ်တည်တည်ဘဲ အခုအရွေးခံရတဲ့အထိ မပြသေးပါဘူး။ ဒါဟာ သူ့ရဲ့ မရိုးသားမှုလို့ဘဲယူဆမိပါတယ်။ သူဟာပြောသလောက်မချမ်းသာတာလည်းဖြစ်နိုင်တာပေါ့။ ကြွေးထူ၊ ဒေဝါလီခံထားပြီး သူ့ကိုယ်သူသန်းကြွယ်သူဌေးပါလို့ ပြောရဲတဲ့သူ။ အကြွေးနဲ့ဆောက်ထားတဲ့ ဟိုတယ်တွေကို သူ့နံမည်တပ်ပြပြီး ဟန်လုပ်နေတဲ့လူ။ ကမ္ဘာမှာ Bill Gates တို့၊ Warren Buffet တို့လို သူ့ထက်အဆပေါင်းများစွာချမ်းသာတဲ့သူဌေးကြီးတွေရှိပါတယ်။ သူတို့နံမည်တပ်ပြီး လုပ်ငန်းတွေမလုပ်ကြပါဘူး။ သူကတော့ တလုံးဆောက်တလုံးနံမည်တပ်ပြီး ကြွားတော့တာ။ တကယ်ပိုင်မပိုင်မသိနိုင်ဘူးလေ။ သူ့ Golf Club တွေ ပုံစံထုတ် ဆောက်ပေးတဲ့ ဗိသုကာကို ဆောက်ပြီးမှ မကြိုက်လို့ အခကြေးငွေမပေးတဲ့လူ။ သူနဲ့ ဆက်စပ်တဲ့ ကန်ထရိုက်တာတွေ ပိုက်ဆံမရလို့ တရားစွဲထားတာတွေလည်းမနည်းဘူး။ မိန်းမကိစ္စကတော့မပြောတော့ပါဘူး။ New York မြို့တော်ဝန်ဟောင်း သန်းကြွယ်သူဌေးကြီး Bloomberg နဲ့ သမ္မတအိုဘားမား ပြောသလို သူဟာ Con Artist စစ်စစ်တယောက်ပါဘဲ။ ဟန်ကိုယ့်ဘို့ အယောင်ဆောင်တဲ့နေရာ၊ လိမ်တဲ့နေရာမှာ ဆရာကြီးပါဘဲ။ အမေရိကန်ပြည်ထောင်စုဟာ ကြိုက်ချင်ကြိုက်မကြိုက်ချင်နေ။ ကမ္ဘာ့ပုလိပ်လုပ်နေရတာပါ။ ဒီလိုလူက သမ္မတလုပ်မှာဆိုတော့ မတွေးဝံ့တော့ပါဘူး။ Globalization အရ၊ ကမ္ဘာ့ဒုက္ခ၊ သုခတွေကိုမျှဝေခံစားကြရပါတယ်။ ဥပမာ၊ ဆီးရီးယားဒုက္ခသည်အရေးဆိုပါတော့၊ တနေ့တခြားတိုးလာတဲ့ ဒီဒုက္ခသည်တွေကို လူ့အခွင့်အရေးလေးစားတန်ဖိုးထားတဲ့၊ ချမ်းသာတဲ့နိုင်ငံကြီးတွေက ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်တွေအရ၊ ခွဲဝေပြီး လက်ခံပေးကြရတာပါ။ အုတ်အရောရောနဲ့ အကြမ်းဖက်သမားတွေမပါလာအောင်တော့ အဆင့်ဆင့် စိစစ်တာတွေလုပ်ကြရပါတယ်။ ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်အပါအဝင် တတိယနိုင်ငံတွေမှ အခြေချနေထိုင်ခွင့်ရကြသူတွေ နှစ်တွေနဲ့ချီ ဖြတ်သန်းဘူးတဲ့ ခါးသီးဖွယ်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ပါ။ သူက ဒီကလူအများစုအကြိုက် ဒီလိုမျိုး ဒုက္ခသည်တွေကို တာဝန်တွေမယူချင်ဘူး၊ နေတိုးအဖွဲ့ကိုလည်း အသုံးမကျဘူး၊ ဥတုရာသီအပြောင်းအလဲဆိုတာလည်း အလကားလုပ်ကြံပြောနေကြတာ၊ မက်ဆီကိုကလူတွေမဝင်နိုင်အောင် တံတိုင်းခတ်မယ်၊ ဒီလို ပေါက်ကရပြောပြီး မဲဆွယ်ခဲ့တဲ့လူပါ။ အမုန်းတရားမပြန့်ပွားအောင် ရှေ့ဆောင်လမ်းပြလုပ်ရမယ့်သူက တမင်ရန်တိုက်ပေးနေတာဆိုတော့လည်း နာတေပျစီ။


နောက်ဆုံးတော့ အမေရိကန်နိုင်ငံသားအများစုက ဝါရှင်တန်က အဖန်တရာတေနေတဲ့ လက်တွေ့မကျတဲ့ နိုင်ငံရေးဝေါဟာရတွေကို ဆက်ပြီးသည်းမခံနိုင်၊ အိမ်ဖြူတော်မှာ ၈ နှစ်လောက်နေခဲ့ပြီးသား အမျိုးသမီးတယောက်ကိုလည်း အရည်အချင်းရှိတာတွေမရှိတာတွေဘေးဖယ်ထား၊ အိမ်ဖြူတော်မှာ ထပ်မနေစေချင်၊ ဒုက္ခသည်တွေနဲ့ရောပြီး အကြမ်းဘက်သမားတွေပါလာမှာကိုလည်းစိုးရိမ်၊ ဒီမိုကရက်သမ္မတယောက်ကို ထပ်ရွေးမယ်ဆိုရင် တတိယသက်တမ်းဆက်ပေးသလိုဖြစ်မှာစိုးရိမ်၊၊ အပြောင်းအလဲတခုကိုလည်း ဆန်းဆန်းပြားပြားဖြစ်စေချင်တဲ့  ဆန္ဒတွေနဲ့ ကမ္ဘာ့အလယ်ပွဲလယ်မတင့်လည်း ကိစ္စမရှိ၊ အများကြိုက်အခွန်တွေလျှော့ကောက်မယ်လို့ပြောတဲ့ Con Artist တယောက်ကို အိမ်ဖြူတော်ကိုအရောက်ပို့ပေးလိုက်ကြတော့တာပါဘဲ။  ဒို့တွေကတော့ ဒီမိုကရေစီစံတန်ဖိုးတွေကို တန်ဖိုးထား၊ ပိုက်ထွေးရမယ့် ဝတ္တရားရှိတာနဲ့အညီ (ဝက်ဖြစ်မှတော့...) အများစုရဲ့ ဆန္ဒကို အောင့်သက်သက်နဲ့ လက်ခံလိုက်ရပါကြောင်း..သူတော်ကောင်အပေါင်းတို့..ပြေးစရာလည်းမြေမရှိတာလည်းပါတာပေါ့။ အိမ်ဖိုးနဲ့ ကားဖိုးအကြွေးတွေကလည်းဆပ်နေရတုံးဆိုတော့လေ…အဲဒီတော့ သတင်းပြောတဲ့အခါ အကျင့်ရအောင်… အမေရိကန်သမ္မတ ဒေါ်နွယ်ထွန့်..ဟာ မကြာခင် နိုင်ငံတော်အခြေပြမိန့်ခွန်းကိုပြောကြားတော့မှာပါ…ချင်…(ဝါရင့် Republican ခေါင်းဆောင်တွေ သူ့ကိုအကြံကောင်း၊ ဉာဏ်ကောင်းတွေပေးနိုင်မှာပါလို့ မျှော်လင့်ရင်း...အကောင်းဘက်ကတွေးပြီးဖြေကြည့်နေမိပါတယ်။)