Friday, June 6, 2025

အနှစ် ၈၀ ကျော်က အထက်တန်းကျောင်း အောင်လက်မှတ်တွေ...

ပင်စင်ယူတဲ့အခါ စာတွေရေးမယ်လို့ အားခဲထားပေမဲ့ မြင်နေကြားနေရတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးသတင်းတွေကြောင့် အာရုံစိုက်လို့မရ။ အခုတလော သူများတင်ထားတဲ့ Posts တွေ သဘောထားတိုက်ဆိုင်ရင် မဖတ်ရသေးတဲ့ မိတ်ဆွေတွေအတွက် Share နေတာလောက်ပဲ လုပ်နိုင်တာများပါတယ်။

ဒီနေ့တော့ သတင်းတွေ အသာထားပြီး နံနံရေးမပါ အဖေထားခဲ့တဲ့ စာရွက်စာတမ်းတွေထဲက အဖေ့ ၁၀ တန်းစာမေးပွဲအောင်လက်မှတ်၊ အမေဒေါ်စိုးမြင့်ရဲ့ အမဒေါ်ကြည်မြင့်ရဲ့ တက္ကသိုလ်ကျောင်းထွက်လက်မှတ်ဓါတ်ပုံလေးတွေ မြေးမြစ် လူငယ်တွေမြင်ဘူးအောင် တင်ပေးလိုက်ပါတယ်။



အပေါ် ဝဲဘက်ပုံက အဖေ့ရဲ့ ၁၀ တန်းအောင်လက်မှတ်။ အင်းစိန်အစိုးရအထက်တန်းကျောင်းရဲ့ ၁၉၄၁ ခုနှစ် မတ်လမှာကျင်းပတဲ့ Anglo-Vernacular High School Examination မှာ သင်္ချာဂုဏ်ထူးထွက် အောင်လက်မှတ်၊ ဒုတိယကမ္ဘာစစ်အတွင်း မူရင်းပျောက်ဆုံးပျောက်ဆုံးကြောင်း ၁၉၄၁ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပြန်လျှောက်ခဲ့တာ၊ စစ်ပြီးခေတ် ၁၉၅၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကျမှ မိတ္တူထုတ်ပေးခဲ့တာဖြစ်ပါတယ်။



အပါ် ယာဘက်ပုံက အမေ့ အမ အလတ် ‌‌ဒေါ်ကြည်မြင့်ရဲ့ ရန်ကုန်တက္ကသိုလ်မှာ ၁၉၄၁ ခုနှစ် ဇွန်လကကျင်းပတဲ့ Intermediate Examination အောင်လက်မှတ်ဖြစ်ပါတယ်။ English, Burmese Composition, ပထဝီ၊ ပါဠိနဲ့ စိတ်ကြိုက်မြန်မာစာ သင်ယူခဲ့တာလို့ဖေါ်ပြထားပြီး ၁၉၄၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။
အပေါ် ဝဲစွန်နဲ့ ဒုတိယပုံက မြန်မာနိုင်ငံ ပညာရေးဌာနက ၁၉၃၇ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့ကထုတ်ပေးတဲ့ ကြီးကြီးဒေါ်ကြည်မြင့်ရဲ့ Anglo Vernacular School ကျောင်းထွက်လက်မှတ်၊ အကျယ်ချဲ့ကြည့်လို့ရပါတယ်။







ယာစွန် ၂ ပုံကတော့ မြန်မာနိုင်ငံ ပညာရေးဌာနက ၁၉၄၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ကထုတ်ပေးတဲ့ အမေဒေါ်စိုးမြင့်ရဲ့ Anglo Vernacular School ကျောင်းထွက်လက်မှတ်၊ အမေလည်း အဖေ့လိုပဲ သင်္ချာဂုဏ်ထူးထွက်ပါတယ်။ (စကားချပ်၊ အမေနဲ့အဖေ သင်္ချာတော်သလောက် ကျမမိလုံး ညံ့ချက် ၉ ကျော်၊ ၂ အလီတောင်သိပ်မရချင်)။
ကြီးကြီးနဲ့ အမေတို့ ၂ ယောက်စလုံး ကြည့်မြင်တိုင် ဒေါ်ကြည်ကြည် မိန်းကလေး (အမျိုးသမီး) အထက်တန်းကျောင်းထွက်တွေပဲ။ အမေက Girl Scouts ဆိုတော့ ကင်းထောက်ဘိုသီချင်းတွေကို မသေခင် အသက် ၉၀ ကျော်အထိ မှတ်မိပြီးဆိုနေတုန်းတဲ့။ အမေတို့ခမျာ စစ်ဖြစ်တော့ ကောလိပ်မတက်ကြရဘဲ ကျောင်းထွက်ခဲ့ရတာတဲ့။
အမေ့ရဲ့ ဖခင်ဦးဘသော်၊ အမေ့ရဲ့ အမ ၂ ယောက်ဖြစ်တဲ့ ဒေါ်တင်မြင့်နဲ့ ဒေါ်ကြည်မြင့်တို့ကို မမှီလိုက်ပေမဲ့ အမေက သူတို့အကြောင်း လွမ်းလွမ်းဆွတ်ဆွတ် အမှတ်ရတိုင်းပြောနေကျဆိုတော့ မလုံးတို့မောင်နှမတတွေ အဖိုးနဲ့ ကြီးကြီးတွေကို ရင်းနှီးနေကြတာပေါ့၊
ဒုတိယကမ္ဘာစစ်ဖြစ်တော့ အမေတို့မိသားစု သမိုင်းဘူတာရုံလမ်းအိမ်ကနေ အမေ့မိခင်ဇာတိရွာကို စစ်ဘေးရှောင်ကြရတယ်တဲ့။ ဥက္ကံတိုက်နယ်၊ မအူကုန်းကျေးရွာမှာ စစ်ပြေးရင်း အမေ့ အမ ၂ ယောက်စလုံး အဆုတ်ရောဂါနဲ့ ကွယ်လွန်ကြရှာတယ်တဲ့။ စစ်အတွင်း တောမှာနေရင်း ရောဂါဖြစ်ကြတော့ ကုသပေးဖို့ ဆရာဝန်မရှိ၊ ဆေးမရှိနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးသွားကြတာလို့ အမေပြောပြပါတယ်။ အဖိုးဦးဘသော်က သမီး ၂ ယောက်တောမှာဆုံးတော့ သူကိုယ်တိုင် သစ်သားတွေ ရွေဘော်ထိုး အခေါင်းစပ် ရရှာတာတဲ့။ အမေပြောနေကျကတော့ မမကြည်က သိပ်လှတယ်၊ ရှမ်းနဲ့ ဗမာစပ်တဲ့အလှ၊ ကောလိပ်ကျောင်းသူဆိုတော့ ဘိုလည်းဆန်၊ ခေတ်မီသူပေါ့တဲ့။
သူ့အမ ၂ ယောက် သူ့မျက်စေ့ရှေ့မှာဘဲ တဖြည်းဖြည်း ပိန်၊ အရိုးပေါ်အရေတင်နဲ့ ဆုံးခဲ့ကြတာမို့ အမေက သူ့သားသမီး ၇ ယောက် နေမကောင်းဖြစ်ရင် သိပ်စိုးရိမ်တတ်ပြီး ကရုစိုက်လွန်လေ့ရှိလို့ အမေ့ကို မစိုးရိမ်ကျောင်းတိုက်ပို့ထားမယ်လို့ သားတွေက စ တတ်ပါတယ်။
ဘာရယ်မဟုတ် အဖေချန်ထားခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ စာရွက်စာတမ်းတွေထဲက ကောင်းနိုးရာရာလေးတွေ နှောင်းလူတွေအတွက် အမှတ်တရတင်ပေးလိုက်တာပါ။ အဖေက စာအုပ်စာတမ်း သိမ်းတဲ့နေရာမှာ စံပြ စည်းကမ်းရှိတာမို့ ၈၅ နှစ်ကျော်က စာမေးပွဲအောင်လက်မှတ်တွေ အခုထိ အကောင်းတိုင်းရှိနေဆဲ၊ အဖေနဲ့ အမေကို လွမ်းရင်း ပြုသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အစုစုကို အမျှပေးဝေပါ၏။ ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေသား....