ကျမသိတဲ့
ဘဘဦးအောင်ရွှေ
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က
ဘဘဦးအောင်ရွှေရဲ့ နာရေးမှာ "ကျမတို့ဟာ ဒီမိုကရေစီလမ်း ဆုံးခန်း မတိုင်အောင်
မရောက် သေးပါဘူး။ ဒီတချိန်လုံးမှာ ဘဘဦးအောင်ရွှေရဲ့ စိတ်ဓါတ်ဟာ ဒီမိုကရေစီ ရရှိရေး။
ဒီနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ အဖြစ်နဲ့ ရပ်တည်ရေး အတွက်ကို အမြဲပဲ မားမားမတ်မတ်
ရှိခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘဘဦးအောင်ရွှေကို
ဂုဏ်ပြုတဲ့ အခါ ပုဂ္ဂိုလ်တဦးအနေနဲ့ဂုဏ်ပြုတာဖြစ်ပါတယ်။ တပ်မတော်အရာရှိဟောင်းအနေနဲ့
ဂုဏ်ပြုတာဖြစ်ပါတယ်။ သံအမတ်ကြီးဟောင်းတဦးအနေနဲ့ဂုဏ်ပြုတာဖြစ်ပါတယ်။ အထူးသဖြင့်တော့
ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ရဲ့ဥက္ကဌဟောင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တဦးအနေနဲ့
ကျမဂုဏ်ပြုတာဖြစ်ပါတယ်။ အဲဒီလိုဂုဏ်ပြုတဲ့အခါမှာ တကယ့်ကိုဂုဏ်ပြုတဲ့နည်းကတော့ ရိုးရိုးလေးပါပဲ။
ကျမတို့အားလုံး စစ်မှန်တဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အတွက် ၀ိုင်းဝန်းပြီးတော့
လုပ်ကြမယ်ဆိုတဲ့ သံဓိဌာန်နဲ့ဂုဏ်ပြုတာဟာ အကောင်းဆုံး ဂုဏ်ပြုတာဖြစ်ပါတယ်လို့ ပြောရင်း
နိဂုံးချုပ်ပါတယ်။" လို့ပြောရင်း လေးလေးစားစား ဂုဏ်ပြုလိုက်ပါတယ်။
တပ်မတော်အရာရှိဟောင်းတဦးအနေနဲ့ ကျမ မှတ်မိတဲ့ဘဘဦးအောင်ရွှေက၊
၁၉၅၇ ခုနှစ်ဝန်းကျင်လောက်ကဆိုတော့ မြောက်ပိုင်းတိုင်း တိုင်မှူး ဗိုလ်မှူးကြီးဘဝဖြစ်မှာပါ။
အဲဒီတုံးခလရ (၂၁) တပ်ရင်းက မကွေးမှာအခြေစိုက်ပါတယ်။ မကွေးမတိုင်ခင်တုံးကတော့ ခလရ (၂၁)
က ကယားပြည်နယ်လွိုင်ကော်မှာရှိခဲ့ပြီး၊ မကွေးကို တပ်ရင်းလိုက်ပြောင်းခဲ့တာလို့ လူကြီးတွေပြောတာမှတ်မိနေပါတယ်။
ကျမက ၁၉၅၄ မွေးတာဆိုတော့ ၃ နှစ်ကျော်ကျော်ဘဲရှိပါသေးတယ်။ အဖေက ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူးက
ဗိုလ်မှူးမြင့်မောင်။ အန်ကယ်မြင့်မောင်က တပ်ထဲမှာ
Parade - ချီတက်ပြီး အလေးပြုခံတဲ့အခါ အလေးပြုခံစင်ကလေးပေါ်က Podium မိန့်ခွန်းပြောစင်လေးနောက်မှာ
ခုံခုပေးရတယ်။ အန်ကယ်မြင့်မောင်က အရပ်ပုတယ်လေ။ ခုံခုပေးတိုင်း တပ်မှူးက ဘုကြည့်ကြည့်လေ့ရှိတယ်ဆိုဘဲ။
တပ်ရင်းမှူးက အေးပါ..ကျုပ်အတွက် ခုံခုပေးတဲ့လူတွေ တိုင်းမှူးလာမှတွေ့မယ်လို့ ကြိမ်းသတဲ့။
တိုင်းမှူးကြီး တပ်လာစစ်တော့မှ အားလုံးက တပ်ရင်းမှူးကြိမ်းတာကို သဘောပေါက်ကြတာတဲ့။
တပ်ရင်းမှူးကို ပုတယ်လို့ပြောကြတဲ့လူတွေက တပ်ရင်းမှူးထက်ပိုပုတဲ့ တိုင်းမှူးကြီးကိုတွေ့လိုက်ကြရတော့မှ၊
ပြုံးမိကြတာဆိုဘဲ။ ဘဘကိုမလေးမစားပြောတာ မဟုတ်ပါဘူး။ ဘဘအရပ်ပုတာကို ကလေးဘဝကတည်းက ကြားဘူးနေခဲ့တာကို
ဖေါက်သည်ချတာပါ။ ဘဘနဲ့ အန်ကယ်မြင့်မောင်တို့က အိမ်မှာ အသွက်ဆုံး၊ အကဲဆုံးအဖြစ်မှတ်တမ်းတင်ခံရတဲ့
မလုံးကို ချစ်ကြပါတယ်။
၁၉၈၀ ပြည့် နှစ်ဆန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန
(နခဌ) ကို ကျမ သံအရာရှိပေါက်စအနေနဲ့ ဝင်တဲ့အချိန်မှာ ဘဘက ပင်စင်ယူတာ ၅ နှစ်လောက်ရှိပြီဆိုတော့
သံအမတ်ကြီးတဦးအနေနဲ့ ဘဘကို ကိုယ်တိုင်မဆက်ဆံခဲ့ရပါဘူး။ ဒါပေမဲ့ ကွယ်လွန်သူယောက္ခမကြီး
ဦးသိန်းမောင်ကလည်း ဘဘတို့နဲ့တခေတ်တည်း ဗြိတိန်မှာစစ်သံမှူး၊ တရုတ်၊ မွန်ဂိုလီယားနဲ့
ထိုင်းနိုင်ငံမှာ သံအမတ်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ရတော့၊ ဘာဘဲပြောပြော ဘဘရဲ့ သတင်းတွေနဲ့
အဆက်မပြတ်ခဲ့ဘူးလို့ပြောရမှာပါ။ နခဌ က ဘဘကိုသိမှီလိုက်တဲ့ လုပ်ဖေါ်ကိုင်ဖက်တွေပြန်ပြောချက်အရတော့ သဘောကောင်းတဲ့၊
ဒုက္ခမပေးတဲ့၊ နိုင်ငံ့ဂုဏ်ဆောင်၊ လူကြီးပီသသူတယောက်အဖြစ်မှတ်တမ်းတင်ကြတာကြားဘူးပါတယ်။
တချို့ သိပ်ဆိုးတဲ့ သံအမတ်ကြီးတွေ၊ ကပ်စေးနဲတဲ့သံအမတ်ကြီးတွေ၊ ကောက်ကျစ်တဲ့သူတွေ၊ ပြည့်သူ့ဘဏ္ဍာ
အလွဲသုံးတဲ့လူတွေ၊ အိမ်အကူကိုနှိပ်စက်သူတွေ အမျိုးမျိုး၊ ဝန်ထမ်းတွေအပေါ်ကိုယ်ချင်းမစာသူတွေ
စသဖြင့် ကိုယ့်သမိုင်းကိုယ်ရေးခဲ့ကြတဲ့ သံအမတ်ကြီးတွေလည်းရှိခဲ့ဘူးတယ်လို့ ကြားဘူးပါတယ်။
ကလောင်ရှင်အဝေးရောက်သံတမန်တဦးဖြစ်တဲ့ လုပ်ဖေါ်ကိုင်ဖက် ရခိုင်သားစိုက်စိုက် ဦးခင်မောင်ကြည်က
ပိုသိပါတယ်။
ဘဘဦးအောင်ရွှေ NLD ဥက္ကဌတာဝန်ယူတဲ့အချိန် (၁၉၉၁-၉၂)
နဝတ အစိုးရ အတွင်းရေးမှူး ၁ ဗိုလ်ခင်ညွန့်ရဲ့ လမ်းပြမြေပုံအရ အမျိုးသားညီလာခံကျင်းပတော့၊
အဲဒီညောင်နှစ်ပင်ညီလာခံတက်ရေး၊ မတက်ရေး ရတက်မအေးဖြစ်ခဲ့ကြပါတယ်။ အလွန်နေရာတကာလျှာရှည်တဲ့
သံပြုတ်ကျမနဲ့ ပြုတ်ဖေါ်ပြုတ်ဖက် သူငယ်ချင်းမာလာက ဘဘအိမ်အထိ သွားပြီး ငြင်းကြခုန်ကြလုပ်ခဲ့မိပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို စစ်အစိုးရစိတ်ကြိုက်၊ သူတို့သက်ဆိုးရှည်အောင် ရေးဆွဲမယ့်
ဒီအမျိုးသားညီလာခံကို NLD ကိုယ်စားလှယ်တွေ တက်ဖို့ ဘာဖြစ်လို့ဆုံးဖြတ်ရတာလဲ။ မတက်ဘဲ
သပိတ်မှောက်ပါလား၊ ဘာညာစသဖြင့်၊ နိုင်ငံရေးရာ ဂဃနဏ မသိဘဲ၊ ဘဘကို စွာတေးလန် ငြင်းခုန်ခဲ့ဘူးပါတယ်။
ဘဘက အေးဆေးပါဘဲ။ မပါဘဲ ဘေးထွက်နေရင် သူတို့ဘာလုပ်သလဲ သေချာမသိနိုင်သလို၊ ကိုယ့်ဘက်ကလည်း
ပြောခွင့်မသာ ဖြစ်မှာပေါ့တဲ့။ ဒါဟာ ဒီမိုကရေစီအခွင့်အရေးအတွက် ပြောချင်တာ၊ ဖြစ်စေချင်တာ၊
ထုတ်ဖေါ်ဖို့ အခွင့်အရေးတခုဘဲလို့ ရှင်းပြပါတယ်။ နောက်ပိုင်း အမျိုးသားညီလာခံ ဖြစ်စဉ်ကတော့
အများသိပြီးဖြစ်လို့ မရေးတော့ပါဘူး။ NLD ပါတီထဲ ကျမတို့ နခဌက သံပြုတ်တွေ ပါဝင်ဖို့သင့်မသင့်ကိုလည်း
ဘဘက အဝေးကနေဘဲ ထောက်ခံပြီး လုပ်စရာရှိတာလုပ်ပါ။ လုပ်သင့်တာလုပ်ပါ။ ပါတီထဲဝင်ပြီး ဆွဲစေ့ခံရမှ
ဘဘလည်းမကယ်နိုင်ဖြစ်မှာတဲ့။
ရန်ကုန်ရောက်တုံးကလည်း ဒုက္ခမပေးချင်တာနဲ့ သွားမကန်တော့ဖြစ်ပါဘူး။
အခု ဘဘဆုံးတော့ သတင်းတွေရေးရင်း..ကိုယ်သိတာလေးကို..အမှတ်တရ ရေးမိတာပါ။ ဒီနေ့ ဘဘ ဈာပနမှာ
ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာလေးနဲ့ဘဲ..ဘဘကို ဂုဏ်ပြုကန်တော့လိုက်ပါရစေ။
"ဘဘဟာ ကိုယ်ကျိုးအတွက်လည်းမဟုတ်ဘူး။ နာမည်ရဖို့လည်းမဟုတ်ဘူး။
တာဝန်အသိစိတ်နဲ့ အသက်ကိုးဆယ်ကျော်တဲ့အထိ ကျမတို့အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းကျမတို့အဖွဲ့ချုပ်မှာ ဒီကနေ့အထိ ဒီမိုကရေစီလမ်းပေါ်လျှောက်ခဲ့တဲ့အခါမှာ ဘဘကနေပြီးတော့
၉၀ ကျော်မှ ဘေးမှာထိုင်တာဖြစ်ပါတယ်။ ဘေးမှာထိုင်တယ်ဆိုပေမယ့် ကျမသတိပြုမိတာက ဘဘရဲ့စိတ်ဓာတ်ရော
ဘဘရဲ့ဦးနှောက်ပါ လုံးဝကျဆင်းသွားတယ်ဆိုတာမရှိပါဘူး။ နောက်ဆုံးအကြိမ် ကျမဘဘနဲ့တွေ့တဲ့အခါကျတော့လည်း
ဘဘအနေနဲ့ လူကလည်းကျမ်းမာတယ်၊ စိတ်ကလည်း ထက်ထက်မြက်မြက် ရှိပါတယ်။ ရှေ့နေတွေကိစ္စ ရှေ့အကြောင်းမေးတာမြန်းတာများ
ကျမ အံ့အားသင့်တယ်။ အားလုံးသိတယ်။ နောက်ပြီး သုံးသပ်တဲ့နေရာမှာလည်း အင်မတန်မှ နိုင်ငံရေးအမြင်
မမှေးမမှီန်ရှိတယ်ဆိုတာ ကျမ သတိပြုမိပါတယ်။ ဒီတော့ ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ
ဒီလိုခေါင်းဆောင်ကောင်းတစ်ယောက်ရခဲ့တာ အင်မတန်မှ ကံကောင်းပါတယ်။"