ကျမသိတဲ့ ဝါဝါဝင်းရွှေ
ခင်မင်လေးစားရတဲ့ကိုနေအုပ်
(နေအုပ်-စိန်ပေါလ်) က ရုပ်ရှင်မင်းသမီးကြီးဝါဝါဝင်းရွှေရဲ့ ခင်ပွန်း ရုပ်ရှင်မင်းသားသန်းထွဋ်ရဲ့
၇၄ နှစ်ပြည့်မွေးနေ့ ဓါတ်ပုံ Facebook post တင်ထားတာတွေ့တော့ ကျမသိတဲ့ ဝါဝါဝင်းရွှေအကြောင်းလေး။
ရေးချင်တဲ့စိတ်ပေါက်လာပါတယ်။
ကျမတို့ခေတ်က နံမည်ကြီး ရုပ်ရှင်မင်းသမီးတွေထဲမှာ
အကယ်ဒမီသုံးထပ်ကွမ်းဝါဝါဝင်းရွှေကို အကြိုက်ဆုံးပေါ့။ အမေက ရုပ်ရှင်ဆိုတာ စိတ်ချမ်းသာချင်လို့၊
ပျော်ချင်လို့ကြည့်ကြတာ၊ နင့် ဝါဝါဝင်းရွှေက တချိန်လုံး လွမ်းဆွေးပြီး၊ ငိုနေတာဘဲတဲ့။
တချို့ကဆို နင့်ဝါဝါဝင်းရွှေက ခင်သန်းနုလို ကိုယ်လုံးလည်းမလှဘူး၊ ပိန်ကပ်ကပ်နဲ့ ဖင်တုတပ်တယ်တဲ့။
အမေက ဟာသကားတွေကြိုက်တယ်။ ဖိုးပါကြီးအစ၊ ဒေါ်စိန်ခင်၊ ရွှေလုံး၊ သန်းနွဲ့၊ မြင့်ဖေ၊ ချစ်မောင်၊
သာဂေါင်နဲ့ သာဆန်းအဆုံး အမေ့ အသဲစွဲတွေပေါ့။ အမကြီးကတော့ ဘာရယ်မဟုတ် ရုပ်ရှင်မင်းသား၊
မင်းသမီးတွေဆိုတာ Entertainer ဖျော်ဖြေရေးသမားတွေဘဲတဲ့။ ဟန်ဆောင်ကောင်းတဲ့သူတွေ၊ သူကတော့
ဘယ်သူ့ကိုမှ Crazy မဖြစ်ဘူးတဲ့။ အမလတ်ကတော့ ခင်သန်းနုကြိုက်တယ်လေ။ ဝါဝါဝင်းရွှေပါတဲ့
ရုပ်ရှင်တွေအများကြီး ကြည့်ခဲ့ဘူးတဲ့ထဲမှာ၊ ကံ၊ အကယ်ဒမီရတဲ့ ချစ်သမီး၊ ချောင်းကိုပစ်၍မြစ်ကိုရှာ၊
မိန်းကလေးရှင်ရဲ့ဆန္ဒ၊ နောက်ကုလားကား Aradhana ကို မှီငြမ်းရိုက်ထားတဲ့ သီတာရေစင်စတဲ့
ရုပ်ရှင်တွေကို ရေးတေးတေးမှတ်မိနေပါသေးတယ်။ ရှေးခေတ်က ရတနာပုံဇာတ်ကားကိုပြန်ရိုက်တဲ့ကားလည်းရှိသေးတယ်။
(နှစ်ကိုယ်ကြင်တဲ့အကိုလင်ရဲ့ ပျိုခင်နွဲ့ကြိုတဲ့လေးနာရီ၊ ထိုးပြီ၊ ထိုးပြီ ဆိုတဲ့သီချင်းပါတဲ့ရုပ်ရှင်)
၉ တန်းနှစ်တုံးက မေမြို့မှာ ဝါဝါဝင်းရွှေ ရုပ်ရှင်လာရိုက်တော့၊ ကိုယ်တိုင်သွားကြည့်ခွင့်မရတာနဲ့၊
သူငယ်ချင်းခင်နှင်းက ဝါဝါဝင်းရွှေ မကြိုက်ပေမဲ့၊ တိုးဝှေ့သွားကြည့်ပေးပြီး ဓါတ်ပုံကို
အော်တိုဂရပ် လက်မှတ်ထိုးခိုင်းပြီးယူခဲ့ပေးတာ၊ မြန်မာဆန်ဆန် လက်ရှည်ရင်ဖုံး၊ ချိတ်ထမီလေးနဲ့၊
ဘီးဆံထုံးအသေးလေးမှာ ဆံမြိတ်အရှည်ချ၊ မတ်တတ်ပဲပေးနေတဲ့ပုံလေး။ ဝါဝါဝင်းရွှေက နဖူးလှတော့
ဆံပင်ပြောင်သိမ်းတင်ရင်ကြည့်ကောင်းတယ်လေ။ ဝါဝါဝင်းရွှေရဲ့ ဘိုနံမယ်က Alice Tun
Shwe. သူ့ တူမ Dolly Win Shwe နဲ့ Shirley Win Shwe က Methodist (ဒဂုံ ၁) ကျောင်းမှာတုံးက
မလုံးနဲ့ ၆ တန်းမှာ အတန်းတူဘူးတယ်။ ရန်ကုန်ဘားလမ်းမှာရှိခဲ့ဘူးတဲ့ အရင်ခေတ်က သီရိဂေဟာပရိဘောဂတိုက်ပိုင်ရှင်၊
ဦးဝင်းရွှေရဲ့ သမီးတွေပေါ့။
မလုံးတို့ ၁၉၇၂ ခုနှစ်က မေမြို့ကနေ
ရန်ကုန်ပြောင်းကြတော့၊ အဖေ့အတွက်ပေးနေမယ့် ဦးဝိစာရလမ်း အိမ်နံပါတ် (၈၀) က အဆင်သင့်မဖြစ်သေးလို့
ဂေါ်ဒွင်လမ်း (အခုတော့မြို့မကျောင်းလမ်းခေါ်တယ်ထင်ပါရဲ့) ဘက်က ပြည်ထောင်စုရိပ်သာမှာ နေရပါတယ်။
တိုက် ၁၂ အခန်း D။ ၃ တန်းနှစ်တုံးကလည်း၊ ကလောကနေ ရန်ကုန်ပြောင်းလာတော့၊ ပြည်ထောင်စုရိပ်သာမှာဘဲနေခဲ့ဘူးတာ။
အဲဒီတုံးက 22-C မှာနေခဲ့ရတာ။ ဘေးကပ်ရက်အခန်းမှာ Marco Vauloc ဆိုတဲ့ ယူဂိုစလပ်ဘောလုံးနည်းပြ
Coach မိသားစုနေကြတယ်။ (ဘောလုံးချန်ပီယံ ဗဟာဒူးတို့ခေတ်ကပေါ့) Mr. Vaoloc ရဲ့ သမီး
Nenone နေးနုံ က တိုက်မှာရှိတဲ့ကလေးတွေအားလုံးနဲ့ ကစားဖေါ်ကစားဖက်ပေါ့။ နေးနုံက ကလေးတွေနဲ့
ကစားနေကျဆိုတော့ ဗမာစကားကို ဘိုသံဝဲဝဲနဲ့ပြောတတ်တယ်။ ညနေဘက်၊ ကြက်တောင်ရိုက်ရင်သူက
မိလုံး..နို့စို့၊ နို့စို့..လို့အော်တော့၊ ဟဲ့..နို့စို့တဲ့အရွယ်မဟုတ်ဘူးဟဲ့လို့ပြန်အော်ဘူးတယ်။
သူက မိလုံး..နောက်ဆုတ်..လို့ပြောတာပါ၊ မပီလို့လေ။ (အားတော့မှ၊ နေးနုံရဲ့ အချစ်ဇတ်လမ်းရေးပါအုံးမယ်)
ပြည်ထောင်စုရိပ်သာတိုက်တွေရဲ့
အခန်းဖွဲ့စည်းပုံကကျယ်လည်းကျယ်၊ လေဝင်လေထွက်လည်းကောင်း၊ ဝရန်တာတွေကလည်း လမ်းလျှောက်လေ့ကျင့်ခန်းလုပ်လို့ရအောင်ကို
ကျယ်ပါတယ်။ အိပ်ခန်းကနေထွက်တဲ့ ဝရန်တာကအလျားရှည်တယ်။ ဧည့်ခန်းကနေထွက်ရတဲ့ဝရန်တာကတော့
အလျားမရှည်ပေမဲ့ ကျယ်ပါတယ်။ ဝရန်တာသံပန်းမှာ အလယ်က ကဒေါင်းရုပ်၊ တချို့အိမ်တွေက ခြင်္သေ့ရုပ်။
နောက်ဖေး မီးဖိုချောင်ကနေ ဆင်းတဲ့လှေကားကသပ်သပ်။ သိပ်စံနစ်ကျတယ်။ တိုက်မှာရှိတဲ့အခန်း
၎ ခန်းအတွက် မြေညီထပ်မှာ ကားထားဖို့နေရာ၊ ပန်းအလှစိုက်ဖို့နေရာ၊ အိမ်အကူနေဖို့တန်းလျား၊ ခြံဝင်းကြီးကလည်းကျယ်၊ နေချင်စရာကောင်းအောင် ဆောက်ထားတဲ့တိုက်ခန်းကျယ်ကြီးတွေပါဘဲ။
နဝရတ်ရိပ်သာထက်တောင်ပိုကျယ်မယ်ထင်ပါတယ်။ အခုတော့ ပြည်ထောင်စုရိပ်သာဝင်းကြီးတခုလုံး
ဖြိုထားတာတွေ့ခဲ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ပိုကောင်းတဲ့၊ ခေတ်မှီတဲ့၊
အသုံးဝင်မယ့်၊ တိုက်တာတွေ ဆောက်မှာမို့ထင်ပါရဲ့လို့ ဖြေတွေးတွေးလိုက်ပါတယ်။ ရန်ကုန်မြို့ကြီးရဲ့
နေရာအကွက်အကွင်းအကောင်းဆုံးနေရာလေ။ ရွှေတိဂံဘုရားခြေရင်းနဲ့ တပြဘဲဝေးတာ။ စိတ်ကူးတုံးကတော့
ဝါဝါဝင်းရွှေအကြောင်းရေးမယ်ပေါ့။ ခုတော့ပြည်ထောင်စုရိပ်သာအကြောင်း ဇာချဲ့နေမိပြန်ပါပြီ။
ပြည်ထောင်စုရိပ်သာလောက် စံနစ်ကျတဲ့၊ အဆင်ပြေတဲ့တိုက်ခန်း၊ ရန်ကုန်မှာမတွေ့ခဲ့မိပါဘူး။
မသိလို့လည်းဖြစ်ပါလိမ့်မယ်။ Condo တွေတော့ရှိမှာပါ။
ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်လာမယ့်
ရုပ်ရှင်မင်းသားသန်းထွဋ်ရဲ့ ငယ်နံမည်က ကိုသန်းအောင်၊ ဟင်္သာတသား။ သူ့မိဘတွေဖြစ်တဲ့ အိမ်ကဆရာနဲ့
ဒေါ်တင်မြင့်။ အန်တီဒေါ်တင်မြင့်က သူ့ယောက်ကျား၊ တိမွေးကုဆရာဝန်ကို အိမ်ကဆရာလို့ဘဲခေါ်တော့
ရင်းနှီးတဲ့သူတွေကလည်း အိမ်ကဆရာလို့ဘဲနှုတ်ကျိုးခဲ့ကြတာ။ နံမည်ကတော့ ဦးဟန်ကြည်တဲ့၊
(မေ့နေလို့ပေသီးကိုလှမ်းမေးလိုက်တာ)။ မလုံး ၅တန်းနှစ်မှာ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ကနေ
ဟင်္သာတကိုပြောင်းကြရတယ်။ အဲဒီခေတ်က ရန်ကုန်ကနေ ဟင်္သာတကို ရထားစီးရင်၊ သာရဝေါဘူတာအထိဘဲရောက်တာပါ။
သာရဝေါဘူတာမှာ အပေါဆုံးကတော့ ငှက်ပျောခြောက်ရောင်းတဲ့အသယ်တွေပေါ့။ ဟင်္သာတ၊ သာရဝေါစတဲ့
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အပေါဆုံးက ငှက်ပျောသီးဘဲထင်ပါရဲ့။ ရောင်းမကုန်၊ စားမကုန်တော့အခြောက်လှမ်းပြီး
ငှက်ပျောချောက်ရောင်းကြတာဖြစ်မှာ။ ရန်ကုန်သွားမယ့်ခရီးသည်တွေက လက်ဆောင်ပေးဖို့ ငှက်ပျောခြောက်တွေဝယ်ကြတယ်။
ကျမတို့လည်း ရခိုင်ငှက်ပျောသီးဆို မှည့်ရင်ဒီအတိုင်းလည်းကြိုက်၊ အခြောက်လှမ်းထားတာတွေလည်း
ကြိုက်လို့စားခဲ့ဘူးတာပါဘဲ။ ဒါပေမဲ့ ငှက်ပျောသီးတွေကို မြစ်ကမ်းနဖူးမှာ၊ သောင်ပြင်မှာလှမ်းထားတာ
ယင်ကောင်တွေတလောင်းလောင်းနဲ့ လှမ်းထားတာကို ပြန်လည်မြင်ယောင်မိပြန်တော့…။ သာရဝေါဘူတာကနေမှ
ဧရာဝတီမြစ်ကမ်းနားကရေတစပ်စပ်နဲ့ သောင်ပြင်ဗွက်တောကိုဖြတ်၊ (နွေဆိုရင်တော့ ဖုန်းတထောင်းထောင်းနဲ့ပေါ့)။
မော်တော်ပေါ်တက်၊ တနာရီကျော်ကြာ ဧရာဝတီမြစ်ကူးပြီးမှ၊ ဟင်္သာတကိုရောက်တာလေ။ ကိုသန်းအောင်အမေ
အန်တီဒေါ်တင်မြင့်က လှလှအေးနဲ့ လွင်လွင်အေးဆိုတဲ့ ဧရာဝတီဖြစ်ကူး မော်တော်ဘုတ် ၂ စီးထောင်ထားတယ်။
ဟင်္သာတမှာနေခဲ့တဲ့ကာလတလျှောက် ဧရာဝတီမြစ်ဖြတ်ကူးတိုင်း
အန်တီဒေါ်တင်မြင့်ရဲ့ မော်တော်ဘုတ်တွေစီးခဲ့ရတာ။ မော်တော်ပေါ်ရောက်ရင်၊ လေတဖြူးဖြူးနဲ့
ဘယ်အချိန်ဖြစ်ဖြစ်၊ ငါးပိချက်၊ တို့စရာအစုံနဲ့ ထမင်းစားကြတယ်။ ငါးဖတ်တွေ၊ ငြုတ်သီးစိမ်းတွေ၊
ကြက်သွန်ဖြူတွေနဲ့ ဖျော်ထားတဲ့ ငါးပိရေကို နံနံပင်နိုင်းချင်းအုပ်၊ အဲဒါကို ဟင်္သာတအခေါ်
ငါးပိချက်တဲ့။ မော်တော်ပေါ်ကအလုပ်သမားတွေချက်တဲ့ ထမင်းဟင်းက သိပ်အရသာရှိ၊ စားလို့မြိန်၊
အင်း…အခုကြီးလာတော့၊ သူတို့သုံးတဲ့ရေက မြစ်ထဲကရေဘဲ။ ချက်တာပြုတ်တာလည်း အဲဒီရေနဲ့ဘဲဆိုတော့ကာ…ဆက်မတွေးတာဘဲကောင်းပါတယ်လေ။
ဟင်္သာတလမ်းမတော်လမ်းမှာ အန်တီဒေါ်တင်မြင့်ကအိမ်ဆိုင်သဘော၊ ငွေအုန်းပင်လို့ခေါ်တဲ့ အထည်ဆိုင်ဖွင့်ထားတယ်။
ကိုသန်းအောင်မှာ အကိုတယောက်ဘဲရှိတယ်။ ကိုတင်အောင်တဲ့။ အမေကချောချော၊ အဖေကခန့်ခန့်၊
ကိုသန်းအောင်ကအမေတူ၊ နဖူးနဲ့ ဆံပင်ကျတာလေးကအစ၊ အမေနဲ့ ချွတ်စွပ်၊ ကိုတင်အောင်က ဘဘအိမ်ကဆရာနဲ့တူတယ်။
သူတို့မိသားတစုလုံး အရပ်တွေကမိုးထိုး၊ ဒါ့ကြောင့် အထည်ဆိုင်ကို ငွေအုန်းပင်လို့ပေးတာလားဟင်လို့
စပ်စုခဲ့ဘူးပါတယ်။
ကိုတင်အောင်နဲ့ ကိုသန်းအောင်တို့ ရန်ကုန်တက္ကသိုလ်တက်တော့၊ ကမာရွတ်က
ဦးထွန်းလင်းခြံလမ်းမှာ အိမ်ငှားနေကြတယ်။ ကျမ ၆ တန်းတက်တော့ ရန်ကုန်ပြောင်းရပြန်ပါတယ်။
ကိုသန်းအောင်တို့ညီအကိုလည်း ရန်ကုန်တက္ကသိုလ်တက်နေကြရတာဆိုတော့ မိသားစုမိတ်ဆွေတွေ အဆက်အသွယ်မပြတ်ကြပါဘူး။
မောင်နှမအရင်းမရှိ၊ အမငတ်နေတဲ့ တကောင်ကြွက်အမေကလည်း အန်တီဒေါ်တင်မြင့်ကို သူ့ရဲ့ စစ်အတွင်းကဆုံးသွားတဲ့အမနဲ့
နံမည်တူမို့ ချစ်ချစ်ခင်ခင်ရှိလှတယ်။ မသိတဲ့လူတွေက အမျိုးအရင်းတွေလို့တောင်ထင်ကြတယ်လေ။
၇ တန်းနှစ် ရန်ကုန်ကနေ လားရှိုးပြောင်းရတော့လည်း၊
အန်တီဒေါ်တင်မြင့်ကလာရှိုးအထိတောင်လာလည်ပါသေးတယ်။ လားရှိုးကနေမေမြို့ပြောင်းတော့လည်း လာလည်ကြပါတယ်။
ရန်ကုန်တက္ကသိုလ်တက်ရင်း ရုပ်ရှင်မင်းသားသန်းထွဋ်ဖြစ်လာတဲ့ ကိုသန်းအောင်က အဲဒီတုံးက
ရုပ်ရှင်မင်းသမီးတင်တင်နွဲ့ကို ကြိုက်ပြီး ကြိတ်ပိုးပိုးနေတာပေါ့။ တင်တင်နွဲ့နဲ့ ရုပ်ရှင်ရိုက်ဖို့
မေမြို့လာတော့ အိမ်ကိုတောင်ခေါ်လာပြီး မိတ်ဆက်ပေးဘူးတယ်။ တင်တင်နွဲ့က အေးဆေးတယ်။ တည်ငြိမ်တယ်၊
နူးညံ့သိမ်မွေ့တယ်။ အဲဒီတုံးက အိမ်ထောင်မကျသေးဘူး။ နောက်တော့ တရားသူကြီးတယောက်နဲ့ အိမ်ထောင်ကျသွားတယ်လို့
ကြားမိပါတယ်။ ကိုသန်းအောင်ကတော့ ရုပ်ရှင်လောကမှာ အောင်မြင်လှတယ်မဟုတ်ပေမဲ့ ရုပ်ရှင်မင်းသားသန်းထွဋ်ရယ်လို့တော့
လူသိများပါတယ်။ သူပါတဲ့ ရုပ်ရှင်တွေမမှတ်မိတော့ပေမဲ့ ဇတ်ကားတကားမှာတော့ စစ်ဗိုလ်အဖြစ်သရုပ်ဆောင်တာ
မှတ်မိသလိုပါဘဲ။ သူတို့ညီအကို ၂ ယောက်စလုံး တယောက်တမျိုးစီ ချောကြပါတယ်။ မျက်နှာတွေကလည်းချို၊
အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်း။ မွန်ရည်ကြတယ်။
ဝါဝါဝင်းရွှေနဲ့ ကိုသန်းအောင်
ဘယ်လိုဆုံခဲ့ကြသလဲဆိုတာကို သေချာမသိပေမယ့်၊ ဝါဝါဝင်းရွှေရဲ့ အမေလား၊ အဖေလား ဆုံးတုံးက
ဝိုင်းကူဖေးမရင်း ကြိုက်သွားကြတယ်လို့ဘဲ၊ အကြမ်းဖျဉ်းသိပါတယ်။ ကျမတို့ကလေးဘဝမှာ ရေပန်းစားခဲ့တဲ့
“ဝင်းဦးနဲ့ ဝါဝါ လမ်းလျှောက်လို့လာ၊ ဝါဝါကစိတ်ဆိုး၊ ဝင်းဦးထိပ်ကိုထိုး၊ ဝင်းဦးကြီးကမခံနိုင်၊
ရဲမင်းကြီးကိုတိုင်၊ ရဲမင်းကြီးကဆလံပေး၊ ဝင်းဦးဖင်လှန်ပြေး။” နောက်..”မယ်သီလရှင်သေးပေါက်ချင်၊
နန်းတော်အောက်ကိုဝင်၊ နန်းတော်အောက်က တစ္ဆေခြောက်၊ ဝင်းဦးနှုတ်ခမ်းမွှေးပေါက်။” စတဲ့သံပေါက်တွေကို
အာဖြဲအော်ခဲ့ကြတာ၊ ပျော်စရာကြီးပါ။ ဘယ်သူက စပ်လို့၊ ဘယ်လို အလွတ်ရခဲ့တာလည်းတော့ မသိပါဘူး။
အဲဒီဟာသတွေနဲ့ ကြီးလာခဲ့ ကျမက ဝါဝါဝင်းရွှေဆိုရင် ဝင်းဦးနဲ့ဘဲ သဘောတူတာ။ ဝင်းဦးကို
သူများတွေက မိန်းမ ၆ လ၊ ယောက်ကျား ၆ လ လို့လည်းပြောကြတယ်။ အခြောက်ကြီးလို့လည်းပြောကြတယ်။
ဘာဘဲပြောပြော၊ ဝါဝါဝင်းရွှေဆို ဝင်းဦးနဲ့မှ ရှေ့သွားနောက်လိုက်ညီတာလေ။
ကျမ တက္ကသိုလ်ဒုတိယနှစ်မှာ
မေမြို့ကနေ ရန်ကုန်ပြောင်းရတော့၊ အစပိုင်းမှာရေးထားတဲ့အတိုင်း ပြည်ထောင်စုရိပ်သာမှ
ခဏနေကြရပါတယ်။ ကျမနဲ့ အမလတ်မကြည်ကအတူတူ၊ တခန်းတည်းနေကြရတယ်။ ရာသီဥတုသာသာယာယာရှိလှတဲ့တနေ့
ကျောင်းကပြန်လာတော့၊ အမေက နင်တို့အခန်းထဲမဝင်ကြနဲ့နော်၊ ဧည့်သည်ရောက်လို့ နင်တို့အခန်းထဲမှာ
နားခိုင်းထားရတယ်တဲ့။ အမေကလည်း ဘယ်ကဧည့်သည်မို့လို့လဲဆိုတော့၊ ဘာမှမပြောဘူး။ မလုံးဘဲ၊
ဘယ်ရမလဲ၊ အခန်းတံခါးခေါက်လိုက်တာပေါ့။ အမေလည်းတားချိန်မရလိုက်။ တံခါးဖွင့်လိုက်တော့..လားလား..ကိုသန်းအောင်..မျက်နှာမှာလည်း..ပါးနီတွေ၊
နှုတ်ခမ်းနီတွေ..ဟိုတကွက်ဒီတကွက်နဲ့။ အမလေးတော်..သူများအခန်းကို ပိုင်စိုးပိုင်နင်း..ဘာလာလုပ်တာလဲလို့
ရန်တွေ့မလို့ပြင်နေတုံး၊ ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဝါဝါဝင်းရွှေကို တွေ့လိုက်ရတဲ့ချိန်မှာ..အသက်ရှူရပ်သွားမတတ်ပါဘဲ။
ဘုရား၊ ဘုရား..အိမ်မက်မက်နေတာလားပေါ့။ ကိုသန်းအောင်က ဝါဝါဝင်းရွှေကို ပုသိမ်ဦးပါအိမ်မှာ
ရုပ်ရှင်ရိုက် Shooting ကနေ နားနေတုံး၊ သူ့ရဲ့ လိပ်ခုံးကားလေးပေါ်တင်ပြီး ခိုးပြေးလာတာတဲ့။
နံမည်ကြီး ရုပ်ရှင်မင်းသမီးကို ဟိုတယ်တို့၊ နယ်အဝေးတို့ ခိုးပြေးဖို့ ဘယ်လွယ်ပါ့မလဲ၊
အဲဒီတုံးက အဖေက စစ်ရုံးမှာ G-1 စစ်ဦးစီးအရာရှိ။ စစ်တပ်က အရာရှိအိမ်ဆိုတော့ အပြင်လူတွေမသိနိုင်ဘူးပေါ့။
လျှို့ဝှက်ထားလို့ရတယ်၊ လုံခြုံတယ်လေ။ ရန်ကုန်တိုင်းတိုင်းမှူးက ဗိုလ်မှူးကြီးစိန်မြ၊
ဝါဝါဝင်းရွှေရဲ့ နံမည်ကြီး သဲသဲလှုပ် အဒေါ်အန်တီယဉ်က တိုင်းမှူးကို တူမပျောက်တိုင်နိုင်တယ်လေ။
ကိုသန်းအောင်နဲ့ မဝါက အန်တီယဉ်တို့မသိအောင် ခိုးပြေးကြတော့၊ ပြဿနာမတက်အောင်၊ လက်ဝတ်လက်စားတွေ
အားလုံးချွတ်ထားခဲ့တာတဲ့။ အဖေက အရွယ်ရောက်ပြီး၊ အပျို၊ လူပျိုလူလွတ်တွေဘဲ၊ နှစ်ဦးသဘောတူ
တရားဝင်လက်ထပ်ကြရမယ်ဆိုပြီး၊ လက်မှတ်ထိုးဖို့ ရန်ကုန်တိုင်းတရားသူကြီးနဲ့ ချက်ချင်းစီစဉ်ပေးလိုက်တယ်။
အိမ်မှာဘဲ လက်မှတ်ထိုးပြီး အကြင်လင်မယားမြောက်ပြီဆိုတော့ အင်းယားလိပ်ဟိုတယ်ကို ရွှေ့ပေးလိုက်ပါတယ်။
သူတို့ ၂ ယောက်အင်းယားလိပ်ရောက်တော့၊ ဇတ်လမ်းကရှည်သေးတာ။ မဝါကို အသဲစွဲကြိုက်တဲ့
Lesbian က သေနတ်စွဲပြီး လိုက်ရန်လုပ်ဖို့ကြိုးစားတယ်ဆိုလား၊ ကိုသန်းအောင်ကို သတ်ဖို့
လူငှားတယ်ဆိုလားဘဲ ခပ်သဲ့သဲ့ ကြားမိပါတယ်။
ကိုသန်းအောင်နဲ့ ဝါဝါဝင်းရွှေ၊
အင်းယားလိပ်ဟိုတယ်မှာ မင်္ဂလာဆောင်တော့၊ အမေနဲ့ ကျမလိုက်သွားဖြစ်ပါတယ်။ ရုပ်ရှင်လောကသားတွေ၊
တော်တော်များများ လာအားပေးကြပါတယ်။ လာတဲ့ဧည့်သည်တွေကို ပစ္စည်းမျိုးစုံမဲဖေါက်ပြီး လက်ဆောင်ပြန်ပေးတာ၊
အမေက စားပွဲတင်ပန်ကာတလုံးပေါက်တယ်။ မဝါ၊ သားကြီး ဝင်းထွဋ်ဝင်း၊ အငယ်လေး၊ ရှဥ့်ဝါလေးမွေးတဲ့အထိ
အမေက မဝါကို မုန့်ဟင်းခါးချက်ကျွေးနေတုံးဘဲ။ အမလတ် မကြည် သုဝဏအိမ်မှာ မင်္ဂလာဆောင်တော့
မဝါလည်းလာပြီး ချီးမြှင့်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ရန်ကုန်ပြန်ရောက်တုံးက
ကိုသန်းအောင်နဲ့ မဝါ Wheel Chair ကိုယ်စီနဲ့ လေဆိပ်မှာ၊ ဘန်ကောက်ဆေးစစ်သွားကြမလို့တဲ့
တွေ့လိုက်ရပါသေးတယ်။ မှတ်မိလားလို့ သွားနှုတ်ဆက်တော့ ..မလုံးရယ်ဆိုပြီး..ဝမ်းသာ၊ ဝမ်းနည်းပွေ့ဖက်ပါတော့တယ်…