အတွေးနယ်ချဲ့မိတဲ့
ပုသိမ်ခရီး
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီက
ထောက်ပံ့တဲ့ အသေးစားပညာသင်ဆု အစီအစဉ်အရ ပုသိမ်မြို့မှာ အင်္ဂလိပ်စာသင်တန်းပေးနေတဲ့ကျောင်းကလေး
အကြောင်း သတင်းယူ မှတ်တမ်းတင် ဖို့အတွက် ပြီးခဲ့အပတ်က တရက်တာခရီး ထွက်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်ကနေ မနက် စောစော ထွက်ခဲ့ပြီး ပန်းတနော်မြို့အနီး ကားလမ်းဘေးမှာ ယာခင်းကို တံတားထိုးပြီး
ခြေတံရှည်တဲပုံစံ ဆောက်လုပ်ထားတဲ့ စားသောက်ဆိုင်လေးမှာ မနက်စာ ငါးရံ့ခြောက်ဖုတ်နဲ့ ပဲပြုတ်ထမင်းနယ်
စားခဲ့ကြပါတယ်။
ပဲပြုတ်ထမင်းနဲ့ ငါးရံ့ခြောက်က အမေရိကားက Fast food တွေနဲ့ လားလားမှမဆိုင်
အာသာပြေ အရသာရှိသလောက် ဆိုင်မှာ စားပွဲထိုးတဲ့ အရွယ်မရောက် လူလား မမြောက်သေးတဲ့ ကလေးတွေကို ကြည့်ရင်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ငါ့မြေးလေးတွေ သာဆိုရင်
ဆိုတဲ့ အတွေးနဲ့ တလမ်းလုံး တစိမ့်စိမ့်တွေးရင်း ရင်ထဲ အောင့်သက်သက် ခံစားခဲ့ရပါတယ်။
ဖွားလုံးရဲ့ သားအလတ် က မွေးတဲ့ မြေးအကြီး ဆုံး ဟိန်းက အခု ၁၀ နှစ်လေ။
မျက်နှာနုနုလေးတွေမှာ
သနပ်ခါးတွေလိမ်းထားတဲ့ အဲဒီဆိုင်က စားပွဲထိုးလေးတွေဟာ အလွန်ဆုံးရှိမှ ၉ နှစ် နဲ့ ၁၀
နှစ်ပေါ့။ အဟာရဓါတ်ချို့တဲ့လို့ သေးကွေးပြီး ကိုယ်ခန္ဓာ ညှက်နေတာလည်းဖြစ်နိုင်ပေမယ့် သူတို့လေးတွေ အလုပ်လုပ်နိုင်တဲ့ တရားဝင် အသက်မပြည့်တာကတော့သေချာပါတယ်။ မှာထားတဲ့ စားစရာတွေ လာချပေးတဲ့ကလေးကို မနေနိုင်တော့တာနဲ့ သားကကျောင်းမနေဘူးလားလို့
အဖွားပီပီ စပ်စုမိပါတယ်။ ကလေးက ၇ တန်းတက်နေတာ ဒီနှစ်ကျောင်းထွက်ပြီး အလုပ်လုပ်နေ တာတဲ့။
နောင်နှစ် ကျောင်းပြန်တက်ဖို့ စိတ်ကူးနေပါတယ်တဲ့။ ဒါနဲ့ သားက ကြီးရင် ဘာလုပ်ချင်တာလဲ။
ဘာဖြစ်ချင်တာလဲလို့ လျှာရှည်မိပြန်တော့ ကလေးက မြေသယ်မြေတူးမြေဆွတဲ့ ဘက်ဟိုး - Backhoe မောင်းချင်တာတဲ့။ သူ့အကိုက
ဘက်ဟိုးမောင်းတယ်တဲ့။ Peer pressure - အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေရဲ့
ဖိအား လို့ဘဲပြောရမလား။ သူတို့အတိုင်း အတာ အရ
ဘက်ဟိုးမောင်းသမားတွေရဲ့ ဝင်ငွေဟာ ကောင်းချင်ကောင်းနိုင်ပါတယ်။ သူ့အကိုက သူ့ထက် ဝင်ငွေကောင်းလို့
မိသားစု စားဝတ် နေရေးပြေလည်တာကိုကြည့်ပြီး အားကျ အတုယူ စိတ်ဝင်စား နေတာဖြစ်ပုံရပါတယ်။
ဒီအဖွား ကြားချင်မိတာက ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်၊ အဆိုတော်-ရုပ်ရှင်
မင်းသားဖြစ်ချင်တယ် စသဖြင့်ပေါ့လေ။
ဘာဘဲပြောပြော
ကျောင်းပြန်တက်ဖို့ စိတ်ကူးနေတယ်လို့ကြားရတာကိုဘဲ ကြံဖန် ဖြေတွေး တွေးရင်း ငါလည်းဘာမှ
ထိထိရောက်ရောက်ကူညီနိုင်တာမဟုတ်၊ ဝန်ဆောင်ခ Tips အနေနဲ့ မုန့်ဘိုး လေး ၁ ထောင်လောက်
ပေးခဲ့ရုံကလွဲ လို့ ကျောင်းထားပေးနိုင်မှာလည်းမဟုတ်၊ တခြား အသက်မွေးကြောင်း အတတ်ပညာတွေကော
သင်ပေးနိုင်လို့လား စတဲ့ လား ပေါင်းများစွာနဲ့ အလုပ်မရှိအလုပ်ရှာ Busy body ဝင်လုပ်ခဲ့ပြန်ပါပကော
ရွှေလုံးရယ်လို့သာ ညည်းမိပါတော့တယ်။
ပုသိမ်ရောက်တော့
အင်္ဂလိပ်စာသင်တဲ့သင်တန်းက ညနေ ၄ နာရီမှ ဆရာမနဲ့ေ တွ့ဆုံမေးမြန်းဖို့ အဆင်သင့်ဖြစ်မယ်ဆိုတာနဲ့
ရောက်တုန်းရောက်ခိုက် ပုသိမ်ထီးလုပ်ငန်း ကို လေ့လာခွင့်ရခဲ့ပါတယ်။ ပုသိမ်ထီးလုပ်ငန်းကို
ကြိုတင်အကြောင်းမကြားထားပေမယ့် လမ်းမှာ နေရာမေးပြီး ဆိုက်ဆိုက် မြိုက်မြိုက် အရောက်သွားခဲ့ကြ ပါတယ်။
ရွှေစာထီး လုပ်ငန်းရှင် ကိုမင်းနိုင် ကို မိတ်ဆက်ပြီး ပုသိမ်းထီးလုပ်ပုံလုပ်နည်း လေ့လာရင်း
Video နဲ့ မှတ်တမ်းတင်ခွင့်တောင်းလိုက်ပါတယ်။ အခုမှတွေ့တဲ့ အဖွဲ့ဖြစ်ပေမယ့် ကိုမင်းနိုင်က
ဝမ်းသာအားရနဲ့ ကြိုဆိုရင်း အေးအေးဆေးဆေးမှပြန်ပါ၊ အားလုံးအဆင်ပြေအောင် ရှင်းပြပါမယ်တဲ့။
မိဘရဲ့
လက်ငုတ်လက်ရင်းဖြစ်တဲ့ အနှစ် ၁၀၀ ကျော် ရိုးရာပုသိမ်ထီးလုပ်ငန်းကို ဆက်လက် ထိန်းသိမ်းနေတဲ့
ကိုမင်းနိုင်ကိုလည်း ချီးကျူးမိပါတယ်။ ပုသိမ်ထီးဟာ တကယ်တော့ အနောက်တိုင်း စကားနဲ့ပြောရရင်
Organic ထီးလို့ဆိုရမှာပါ။ အခု လတ်တလော အသုံးပြုနေတဲ့ ထီးအမိုး အဝတ်စက လွဲလို့ ကျန်တဲ့
ကုန်ကြမ်းတွေအားလုံးဟာ သဘာဝ ထွက်ကုန်တွေဖြစ်နေလို့ပါဘဲ။ သစ်စည်း၊ ချုပ်ဆေး အဖြစ်အသုံးပြုတဲ့တယ်သီးရည်၊
ဝါး၊ ပလောပီနံကော်စတဲ့ သဘာဝကုန်ကြမ်းတွေကို စက်မပါ အားလုံးကို လက်နဲ့ဘဲ ထုတ်လုပ်နေတာဖြစ်လို့
ပါဘဲ။
ပုသိမ်ထီးကို
မြန်မာ့လက်မှုပညာပစ္စည်းတခုအဖြစ်နဲ့ နိုင်ငံတော်ကအစ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊
ကျေးလက်တောရွာအဆုံး အမြတ်တနိုးဂုဏ်ယူစွာ နဲ့ ပြသလေ့ ရှိကြပေ မယ့် ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးစဉ်တွေ မှာ
နေပူရင်ဆောင်းပေးတာက လွဲလို့ ဘယ်မြန်မာ အမျိုးသမီး ကမှ အပြင်မှာ မဆောင်းကြတော့ဘူးထင်ပါရဲ့။
ပုသိမ်ထီးကို အလှထားဖို့လောက် သာအသုံးပြု ကြတာ များပြီး ပြည်တွင်းဈေးကွက် ကတော့ မှေးမှိန်စပြုနေပါပြီ။
လက်မှုပစ္စည်းတွေကို တန်ဖိုးထားကြတဲ့ အနောက်နိုင်ငံ တွေကသာ အခု ဝယ်ယူအားပေးနေကြပြီး ဝယ်လိုအားက
များနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငွေအရင်းအနှီး၊ ကုန်ကြမ်းနဲ့ အလုပ်သမားရှားပါးတဲ့ ပြဿနာကြောင့်
ထီးအလက်ရေ များများမှာတဲ့ အခါ အလျင်မှီအောင်ထုတ်လုပ်နိုင်ဖို့အခက်အခဲရှိတယ်လို့ ကိုမင်းနိုင်ကပြောပြပါတယ်။
ငွေအရင်းအနှီးအတွက်
အာစီယံဒေသတွင်း SME လို့ခေတ်စားနေတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေအတွက် ငွေချေးတဲ့
အစီအစဉ်ကလည်း မီဒီယာတွေကနေ အသံကောင်းဟစ်နေ တာက လွဲပြီး ကိုမင်းနိုင်တို့လို တနိုင်တပိုင်
လုပ်ငန်းရှင်တွေအတွက် လက်တွေ့အားထားလို့ မရသေးပါဘူးတဲ့။ ပုသိမ်ထီးအတွက် အဓိကကုန်ကြမ်းဖြစ်တဲ့
ဝါးပင်တွေကလည်း စက္ကူစက်ရုံအတွက် ပျော့ဖတ်ဖြစ်ကုန်လို့ ရှားပါးကုန်ဖြစ်နေပါပြီတဲ့။ ဝါးစိုက်ဖို့
မြေနေရာလွတ်များ ခွင့်ပြုပေးနိုင်ရင်ဖြင့် အဆင်ပြေနိုင်ကောင်းပါရဲ့လို့လည်း စိတ်ကူးယဉ်နေပါတယ်တဲ့။
အရွယ်ကောင်းလူငယ်တွေ နိုင်ငံခြားထွက်ကုန်လို့ အလုပ်သမား ကလည်းရှာမှရှားပါဘဲတဲ့။ သူရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပုသိမ်ထီးပြ ပြီး မြန်မာ့လက်မှုပညာရယ်လို့ ဂုဏ်ယူဝင့်ကြွားနေကြသူတွေဆီက အနှစ်တရာကျော် ဒီပုသိမ်ထီးလုပ်ငန်းလုပ်ကိုင်တဲ့အတွက် ရွှေဖေါင်းကြွစားလုံပါ ဂုဏ်ပြု လက်မှတ် ချီးမြင့်တာကလွဲလို့ တပြားတချပ်မှ မရခဲ့ဘူးပါဘူးလို့လည်း ကိုမင်းနိုင်ကရင်ဖွင့်ရှာပါတယ်။
ရွှေစာပုသိမ်ထီးလုပ်ငန်းရှင်
ကိုမင်းနိုင်က တနေ့လုံး ပုသိမ်ထီးလုပ်တဲ့ လုပ်ငန်းအဆင့်ဆင့်ကို Video နဲ့ မှတ်တမ်းတင်ခွင့်ပေးရုံတင်မက၊
ကော်ဖီ၊ လဘက်ရည်၊ အအေးနဲ့ နေ့လည်စာထမင်းတောင်မှ ပုသိမ်ဟင်းအမယ်စုံနဲ့ ဖွယ်ဖွယ်ရာရာ
ချက်ပြုတ်ကျွေးမွေးလိုက်ပါသေးတယ်။
ပုသိမ်ထီးအတွက်
ပန်းရေးတဲ့ ကျွမ်းကျင်တဲ့ ပန်းချီပညာရှင်မွေးထုတ်ဖို့ကလည်း မလွယ်ကူလှပါဘူး။ ပန်းချီပညာဆိုတာက
ဝါသနာကော၊ ပါရမီပါ ပါမှလေ။ ကိုမင်းနိုင်ရဲ့ ပုသိမ်ထီးလုပ်ငန်းမှာ ပန်းရေးသင် နေတဲ့
ကလေးကလည်း အသက်မပြည့်တဲ့ အလုပ်သမားလို့ဘဲပြောရမှာပါ။ သူကတော့ အဖွားက စောင့်ရှောက် ထားရတဲ့
မိဘမဲ့လေးပါတဲ့။ ကျောင်းအားတဲ့အချိန်လေး ပြေးလာပြီး ထီးပန်းချီဆွဲနေတာ အတော် ခရီးရောက်နေပါပြီ။
ဒီပန်းရေးသင်နေတဲ့ကလေးကို
ကလေးအလုပ်သမားလို့ မရှုမြင်ဘဲ အလုပ်သင်အနေနဲ့ သတ်မှတ်ပြီး စားသောက်ဆိုင်က ကလေးတွေ ကို ကျတော့ ကလေးအလုပ်သမားအဖြစ်နဲ့
ကြည့်ခဲ့တာဟာ အမြင်စောင်း ဘက်လိုက်နေတာ များဖြစ်နေပြီလား လို့ ပြန်ဆန်းစစ်မိပါ တယ်။
တကယ်တော့ အရွယ်မရောက်သေးတဲ့ကလေးတွေကို
စားပွဲထိုးလုပ်ခိုင်းနေတာ အဲဒီဆိုင် တဆိုင်တည်းမဟုတ်ပါဘူး။ ရန်ကုန်မြို့ပေါ်က စားသောက်ဆိုင်တွေမှာ လည်းရှိပါ တယ်။
အမှတ်တမဲ့ မနေတတ်တဲ့ အဖွားတယောက်က ကိုယ့်သွေးသားမြေးတွေ နဲ့ နှိုင်းပြီး မကြည့်ရက်တာ၊
မခံစားနိုင်တာဘဲဖြစ်ပါတယ်။ အရွယ်ရောက်တဲ့လူငယ်တွေက အိမ်နီးချင်းနိုင်ငံတွေထွက်ပြီး
အဲဒီနိုင်ငံ တွေက လူတွေမလုပ်ချင်တဲ့ ကျဘမ်း အလုပ်တွေ သွားလုပ်ပြီး ဝင်ငွေရှာနေကြရတော့
ပြည်တွင်းမှာ အလုပ်သမားရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရလို့ အရွယ်မရောက်သေးတဲ့ကလေးတွေကို
အသုံချနေရတာလို့လည်း သုံးသပ်မိပါရဲ့။
အလုပ်သမားဌာနအနေနဲ့ကရော
ဒီကိစ္စကို ဘယ်သူမှ မနစ်နာနိုင်တဲ့နည်းနဲ့ ဖြေရှင်းပေးဖို့ တာဝန် မရှိပေဘူးလား။ ကိုယ်ကမသိလို့
လက်လှမ်းမမှီလို့လည်း ဖြစ်ပါလိမ့်မယ်လေ။ သူတို့လည်း သိကြမှာပါ။ တည်ဆဲ အလုပ်သမားဥပဒေနဲ့
မညီရင် အရေးယူ enforce လုပ် နိုင်တဲ့နည်းလမ်းတွေ တော့ရှိမှာပါ။ ဆိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ
ပြဿနာ တက်တော့ ကလေးတွေလည်းအလုပ်ပြုတ်၊ အလုပ်ပြုတ်တော့ ဝင်ငွေမရ။ ဘယ်သူကကျွေးထားမှာ တုန်း။
နောက်ဆုံးတော့ ဆင်းရဲတွင်းသံသရာ ဝဲဂယက်က ရုန်းမထွက်နိုင်တဲ့၊ ဆင်းရဲ-ချမ်းသာကွာဟမှု
တနေ့တခြားကျယ်ပြန့်လာတဲ့ နိုင်ငံရဲ့ အခြေအနေ ကြောင့်လို့ဘဲ သုံးသပ်ပါရစေတော့။
လမ်းမှာ
မနက်စာ စားခဲ့တဲ့ဆိုင်က စားပွဲထိုးလေးတွေနဲ့ ဒီ ထီးပန်းချီရေးနေတဲ့ကလေးလေး ရဲ့ အနာဂတ်ကိုလည်း
ဘယ်လိုလုပ်ပြီးမှန်းဆလို့ရနိုင်ပါ့မလဲ။ အတိတ်က ကုသိုလ်ကံ၊ အခုဘဝရဲ့ အလုပ်ကံ၊ ပညာဉာဏ်နဲ့
ဝီရိယကြောင့် ဘူတာရုံမှာ လဘက်ရည်ရောင်းခဲ့ရတဲ့ လက်ရှိအိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ အသက်
၁၀ နှစ်အရွယ် လမ်းဘေး မှာ သူများရဲ့ ရှူးဖိနပ်တွေ တိုက်ပေးရင်း မိသားစုအတွက် ဝင်ငွေရှာပေးခဲ့တဲ့
ဘရာဇီးနိုင်ငံရဲ့ ၃၅ ယောက်မြောက် သမ္မတ Lula Da Silver တို့လို အနာဂတ်မှာ သူတို့လေးတွေ
ဖြစ်မလာဘူး လို့ကော ပြောနိုင်ပါ့မလားရှင်။