Saturday, March 14, 2015

ကျမရဲ့ ၁၀ နှစ်မပြည့်တပြည့် ပြည်သူ့ဝန်ထမ်း-အရာထမ်းဘဝအကြောင်း တစေ့တစောင်း (အပိုင်း ၂)



Geneva ရောက် ချစ်ခင်ရတဲ့ ညီမလေး တိတီက PSC လူတွေ့မှာ ဘုရားစာတွေမေးတယ်လို့ သူ့မေမေအန်တီအေးကပြောတာ ကြားဘူးတယ်တဲ့။ မှန်လိုက်လေ ညီမရေ။ ဦးစိုးရဆိုတဲ့ PSC အဖွဲ့ဝင်လူကြီးက လူတွေ့မေးရင် ဘုရားစာတွေမေးလေ့ရှိတယ်လေ။ ကျမကိုလည်း ဘုရားစာတွေ အမေးခံရတာပါဘဲ။ ဗြဟ္မစိုရ်တရားကအစ ဘုရားစာတွေ မေးတတ်တယ်ဆိုတာကြိုသိထားတော့ မေးတာတွေအားလုံးဖြေနိုင်ခဲ့ပါတယ်။ ဗဟုသုတနဲ့ နိုင်ငံတကာသတင်းတွေလည်း ဖြေနိုင်ခဲ့ပါတယ်။ တခုဘဲ ကိုယ့်နေခဲ့တဲ့ကျောင်းတွေ အကြောင်း English လိုပြောခိုင်းတော့ ပြောနေကျမဟုတ်တော့ ခွေးအကြီးလှည်းနင်း ထစ်ထစ်ငေါ့ငေါ့ ပြောခဲ့မိပါတယ်။ ကလောမြို့ မှာနေတုံးက American Missionary တွေဖွင့်ထားတဲ့ Kingswood School မှာ မူလတန်း KG တန်းတွေ တက်ခဲ့ဘူးတဲ့ကျေးဇူးကြောင့် မတောက်တခေါက်တော့ ပြောနိုင်ခဲ့တာထင်ပါရဲ့။ စကားစပ်လို့ ကျမသင်ယူခဲ့ရတဲ့ မူလတန်းပညာရေးအကြောင်း ပြောပြချင်ပါတယ်။ 

အနယ်နယ် အရပ်ရပ်ပြောင်းခဲ့ရတဲ့ မိသားစုမှာကြီးပြင်းခဲ့ရတဲ့ ကျမဟာ သမိုင်းဘူတာရုံလမ်းက ဘုန်းတော်ကြီးကျောင်းမှာလည်း စာသင်ခဲ့ရဘူးပါတယ်။ မကွေးမြို့က အလွတ်သင် ဦးဆုမြိုင်ကျောင်းကိုလည်း အသက်မပြည့်သေးဘဲ အပျော်တက်ခဲ့ဘူးပါတယ်။ ဗထူးတပ်မြို့ တပ်ထဲကမူလတန်းကျောင်းလေးမှာလည်းနှပ်ချေးတွဲလောင်း ပေတူးနေတဲ့ ရဲဘော်ကလေးတွေနဲ့အတူ နေခဲ့ဘူးပါတယ်။ ကလောမြို့စွန် သင်းချိုင်းကုန်းနားက မြို့ဂုဏ်ရည် ဆိုတဲ့ မူလတန်းကျောင်းမှာလည်း တက်ခဲ့ဘူးပါတယ်။ Kingswood ဆိုတဲ့ အမေရိကန် Missionary School ကို ဝင်ခွင့်ရဖို့စောင့်ရင်း အဲဒီ စုတ်ပြတ်နေတဲ့ တဲသာသာ မြို့ဂုဏ်ရည်ကျောင်းမှာ ခဏတက်ဖူးခဲ့တာပါ။ Kingswood ကျောင်းကနှစ်စဉ်ထုတ်တဲ့ Kingswood Star ဆိုတဲ့ ဓါတ်ပုံစာအုပ်ထဲမှာ ၂ နှစ်ဆက်တိုက် ကျမငယ်ငယ်က ပုံလေးတွေပါပါတယ်။ မှတ်မိသလောက် Girls Guide ကင်းထောက်အဖွဲ့မှာ ကျမက ငယ်သေးတော့ Blue Bird လေးဘဝနဲ့ Necktie အဖြူလေးနဲ့ ငှက်အပြာလေးပျံနေတဲ့ ဖေါင်းကြွကြယ်သီးတပ် ယူနီဖေါင်းအပြာလေးကို ဂုဏ်ယူစွာဝတ်ခဲ့ရတာ မှတ်မိနေပါတယ်။ 

ကလောကနေ ရန်ကုန်ပြောင်းတော့ English Methodist School ကို ဝင်ခွင့်ရဖို့ စောင့်ရပါတယ်။ Kingswood နဲ့ Methodist က သင်ရိုးညွှန်းတန်း Curriculum တူပါတယ်။ မနက် Assembly တက်ရင် ယူရတဲ့ Song Book ကလည်းအတူတူပါဘဲ။ ရန်ကုန်၊ ဒဂုံမြို့နယ်က English Methodist ကိုဝင်ဖို့စောင့်ရင်း ရေကျော် Creek လမ်းက MEC Methodist Educational Center ဆိုတဲ့ အလယ်တန်းကျောင်းမှာ တတိယတန်းတက်ခဲ့ရပါတယ်။ အဲဒီကနေ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့ကို ပြောင်းရတော့ အီတလီမယ်သီလရှင်တွေ သင်တဲ့ Sacred Heart Convent မှာ စတုတ္တတန်း တက်ခဲ့ဘူးပါတယ်။ နိဒါန်းချီနေတာအတော်ရှည်သွားပါပြီ။ အချုပ် ပြောရရင်တော့ မူလတန်းမှာ အင်္ဂလိပ်လိုသင်ခဲ့ရတဲ့စံနစ်ကို သီသီလေး မှီခဲ့တာကြောင့် ဒီကနေ့ လူရာဝင်တယ်လို့ပြောချင်တာပါ။ 

မိဘက နိုင်ငံခြားမှာနေခဲ့တာမဟုတ်- ကိုယ်လည်းမရောက်ဘူးတော့ ဘိုလိုကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ခဲ့ဘူးပေါ့။ အမေကတော့ ဘိုလို၊ ဂျပန်လိုပြောနိုင်ပါတယ်။(သွားလေသူ ခင်ပွန်းရဲ့ မိသားတစုလုံးကတော့ ဘိလပ်ပြန်တွေဆိုတော့ ဘိုလိုဘဲ အားသန်ကြပါတယ်။ စာရေးရင်တောင် အခုထိဘိုလိုဘဲရေးပါတယ်။)   Kingswood School ရဲ့ American လူ့ဖြူ ကျောင်းအုပ်ကြီးဇနီး Mrs. Shield က ကျမတို့ KG တန်းမှာ Arts & Crafts သင်ပါတယ်။ သူပြောခဲ့တဲ့လေယူလေသိမ်းကို အတုယူခဲ့လို့ အင်္ဂလိပ်အသံထွက်နဲ့ ပတ်သက်ပြီး ဒီနေ့အထိ မျက်နှာမငယ်ခဲ့ရပါဘူး။
  
ကျမ ၅ တန်းနှစ်ကစပြီး မူလတန်းမှာ အင်္ဂလိပ်စာ မသင်ရတော့တဲ့စံနစ်ကို ဦးနေဝင်းက မိတ်ဆက်ပေးလိုက်တာကြောင့်၊ တနိုင်ငံလုံး အင်္ဂလိပ် စာတတ်တဲ့ မျိုးဆက် အနှစ် ၅၀ ကျော် ခါးပြတ်ခဲ့ရတာပါဘဲ။ ဝန်ထမ်းဘဝ အစကို ရေးရင်း မူလတန်းကျောင်းမှာ အင်္ဂလိပ်စာသင်ခဲ့ရတာဟာ တဘဝစာ ဖူလုံတယ်လို့ ပြောပြချင်တာပါ။ ဦးနေဝင်းက ဘယ်လိုမျိုးများရွှေဉာဏ်တော်စူးရောက်ပြီး အင်္ဂလိပ်စာကို မူလတန်းမှာမသင်ရတဲ့ဆိုတဲ့ အမိန့်ထုတ်ခဲ့တာပါလိမ့်လို့ လူပြိန်းတွေးတွေးမိပါတယ်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တွေကို မကြိုက်လို့ အမျိုးသားရေးစိတ်ဓါတ်နဲ့ လုပ်ခဲ့တာလားတော့မပြောတတ်ပါဘူး။ အဲဒီတုန်းက သူ့နားမှာ အကြံပေးတွေကောမရှိခဲ့ဘူးလား။ (သူ့သမီးကိုယ်တိုင်နိုင်ငံခြားပညာသင်သွားဖို့ အင်္ဂလိပ်စာ မအောင်တော့မှ သူမှားမှန်းသိတာလို့ နားစွန်နားဖျားကြားလိုက်မိသလိုပါဘဲ) ဘာသာခြားစကားဆိုတာ မူကြို၊ မူလတန်းကလေးအရွယ်ကသင်မှ အသံထွက်မှန်တာပါ။ ကြီးမှသင်ရင် ပြင်လို့မရတော့ပါဘူး။ အဖွားကလည်း ပြောဘူးတယ်၊ ကွမ်းမစားနဲ့တဲ့ လျှာထူရင် ဘိုလိုမပီတော့ဘူးတဲ့။ ၅ တန်းကနေ ၁၀ တန်း၊ တက္ကသိုလ်ဘွဲ့ရတဲ့အထိ ကျမ အင်္ဂလိပ်လို ပြောဖြစ်ခဲ့တာမှမဟုတ်တာဘဲလေ။ ရုပ်ရှင်ကြည့်တာ၊ အင်္ဂလိပ်သတင်းစာ ခေါင်းကြီးလောက်ဖတ်တာ၊ အဖေ့ရဲ့ Times နဲ့ Newsweek Magazine တွေ လှန်လှောဖတ်တာကလွဲလို့ အင်္ဂလိပ်စာကို သေသေချာချာ မလေ့လာခဲ့မိပါဘူး။

ကဲပါ၊ အင်္ဂလိပ်စာတတ်တတ်မတတ်တတ်၊ ကျမတယောက် ဝန်ကြီးဗိုလ်ချုပ်မြင့်မောင်လက်ထက် ၁၉၈၀ ပြည့်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို လက်ထောက်အရာရှိ/ သံအရာရှိအဖြစ်နဲ့ အလုပ်ဝင်ဖို့ သတင်းပို့ခဲ့ရပါတယ်။ ကမ္ဘာကြီးက ကျဉ်းလှပါတယ်။ ဝန်ကြီး အန်ကယ်မြင့်မောင်က မကွေး ခလရ ၂၁ မှာ တပ်ရင်းမှူး၊ အဖေက ဒု-တပ်ရင်းမှူးဆိုတော့ မိလုံးကို နှပ်ချေးတွဲလောင်းဘဝက သမီးလိုရင်းနှီးခဲ့တာဖြစ်ပါတယ်။ အခု ပြည်သူ့လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက အဲဒီအချိန်က ဝန်ကြီး ဦးမြင့်မောင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ်။ အဲဒီတုန်းက အုပ်ချုပ်ရေးနဲ့ ဝန်ထမ်းရေးရာဌာနက ဒု-ညွှန်မှူးဦးမြင့်စိုး (အခု Austrlia မှာပါ။ ၈၈ အရေးအခင်းကြောင့် ခိုလှုံခွင့်တောင်းခံခဲ့ရသူ) ဆီမှာ သတင်းပို့ရတာပါ။  


ကျမတို့ သံအရာရှိ
အားလုံး ၂၅ ယောက်အရွေးခံရတဲ့အနက် ဖေါင်ကြီးသင်တန်းမှာဆရာလုပ်နေတဲ့ ကိုလှမြင့်နဲ့ ကိုစိုးလှိုင်၊ Bonn မြို့ မြန်မာသံရုံးမှာ သံရုံစာရေးအဖြစ်တာဝန်ကျနေတဲ့ ကိုမြင့်စိုး (Victor) ကလွဲလို့ သတင်းပို့ပြီး ၃ ရက်အတွင်း ဖေါင်ကြီးက ပြည်သူ့ဝန်ထမ်းတက္ကသိုလ် အရာရှိသင်တန်း ဇေယျအပတ်စဉ် ၄၅ တက်ဖို့ ထွက်ခဲ့ရပါတယ်။ သားငယ်လေးက ၂ နှစ်ခွဲအရွယ်ပေါ့။ အမအကြီးဆုံး ဆရာဝန်မကြီးက ဇေယျ ၁၁ မှာ စံပြဆုရခဲ့ဘူးတာဆိုတော့၊ မိလုံးတို့ကလည်း တက်ကြွခဲ့တာပေါ့။ 


(ဒေါ်မြင့်မြင့်စိန်-နခဌ။ ဒေါ်မေမေသန်း-ကစလ အင်ဂျင်နီယာ နဲ့ အတူ)

အဖေကိုယ်တိုင်က စစ်တပ်တခုလုံးရဲ့ လေ့ကျင့်ရေးညွှန်ကြားရေးမှူးအဆင့်အထိ စစ်သင်တန်းကျောင်းတွေကို အုပ်ချုပ်ခဲ့သူဆိုတော့ သူများတွေအတွက် ဖေါင်ကြီးဟာ ပင်ပန်းတယ်၊ စည်းကမ်း တင်းကြပ်တယ်ဆိုပေမဲ့ ကျမအတွက်ကတော့ ပုံမှန်ပါဘဲ။ အဲဒီခေတ်က ဖေါင်ကြီးမှာ စစ်ရေးလေ့ကျင့်တဲ့ သင်တန်းက အာဠာဝက ဆိုတဲ့ နည်းပြကြီးရှိပါတယ်။ သူ့နံမည်အရင်းကို မသိကြဘဲ ဆူပူအော်ဟစ်ကြိမ်းမောင်းလွန်းလို့ အာဠာဝကရယ်လို့ သင်တန်းသားတွေက ကင်ပွန်းတပ်ခဲ့ကြတာပါ။ 


ကျမကတော့ စစ်သင်တန်းကျောင်းတွေမှာ ကြီးလာတာဆိုတော့ ဘာအခက်အခဲမှမရှိပါဘူး။ စာတွေကလည်း ပါတီသဘောတရားတွေ အရည်ကျိုသောက်ထားပြီးသားဆိုတော့ မခက်ပါဘူး။ ဖေါင်ကြီးတက်ခဲ့ရတဲ့ ၄ လ ကာလအတွင်းမှာ ငယ်သူငယ်ချင်းတချို့နဲ့ ပြန်ဆုံခွင့်ရခဲ့သလို မိတ်ဆွေအသစ်တွေလည်းတိုးခဲ့ပါတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ တက္ကသိုလ်ဆရာမတွေ၊ ဥပဒေနဲ့ တရားရေးဝန်ထမ်းတွေ၊ အလုပ်သမားအရာရှိတွေနဲ့ အနုပညာဦးစီးဌာနက အရာထမ်းတွေ အစရှိတဲ့ ညီအမတွေနဲ့ ခင်မင်သိကျွမ်းခဲ့ရတာ အမြတ်ပါဘဲ။ ဒီခောတ်စကားနဲ့ပြောရရင်တော့ Networking အတွက် အထောက်အကူဖြစ်ခဲ့တာပါ။ ကျမတို့ တပ်ခွဲ (၁) က ဖေါင်ကြီးရဲ့ နံမည်ကျော် အိမ်သတိရကန်နဲ့ ကပ်ရက်အဆောင်မှာပါ။ ကျမက ကံမကောင်းတဲ့ ကသအမှတ် ၁၃။ ကျမကုတင်ရဲ့ ဘေးတဘက် တချက်မှာ ကသ ၁၂ နဲ့ ၁၄ ဆရာဝန် ၂ ယောက်ပေါ့။ ကချင်တိုင်းရင်းသားဆရာဝန်ရဲ့ ဇနီး ချင်းတိုင်းရင်းသူ ဒေါက်တာ Cecilia နဲ့ ဒေါက်တာနုနုသာ (ရန်ကုန်ဆေးရုံအုပ်ကြီးအငြိမ်းစား-ဝန်ကြီးဦးစိုးသာညီမ၊ ဦးအောင်မင်းရဲ့ မရီး)။ ကျမက တကယ်တော့ အဖေပြောတဲ့ အဝှာကျရာပျော်တဲ့လောက်ပါဘဲ။ ဖေါင်ကြီးမှာလည်း ပင်ပန်းတဲ့ကြားက ရီစရာ ဟာသတွေပြောပြီး ပျော်ခဲ့တာပါ။ ကင်းစောင့်ရတာလည်းပျော်တာဘဲ။ အမှိုက်တွေနဲ့ ဆံပင်ချည်ကောက်ရတာလည်းပျော်ပျော်ဘဲ။ အမှတ်တွေလျော့လည်း လျော့ပစေ၊ လာကတည်းက ပါတဲ့အမှတ်မှမဟုတ်တာ။ 


ထမင်းမစားခင်မှာ သစ္စာဆိုရတာလည်းပျော်ပါတယ်။ ငါတို့သည် နိုင်ငံတော်က ကျွေးမွေးသော ထမင်းဟင်းလျာများကို စားသုံးရသည့်အတွက် နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည် လို့ ပျော်ပျော်ကြီး သံပြိုင်ရွတ်ခဲ့ရတာပါ။ တခါလေ ထမင်းတွေခိုးသယ်၊ ညဘက် အဆောင်မှာ အဝတ်လျှော်ဇလုံထဲ ရှိတာတွေထည့်ပြီး သုတ်စားခဲ့ကြပါသေးတယ်။ ပြည်တောင်စုနေ့နဲ့ တိုက်ဆိုင်လို့ ကပွဲမှာ ကျမက မြန်မာအမျိုးသားလုပ်ပြီး အလုပ်သမားအရာရှိသန်းသန်းနဲ့ စုံတွဲခုတ် သရုပ်ဖေါ်ခဲ့သေးတာ။

ဖေါင်ကြီးဆင်း ဖင်ကြီးစောင်းတော့ ရထားလက်မှတ်လိုရင် ဖေါင်ကြီးတက်ဖက် မီးရထားက အင်ဂျင်နီယာကိုဖုန်းဆက်၊ အလုပ်သမားကိစ္စပေါ်ရင် အလုပ်သမားအရာရှိကိုဆက်၊ ကျန်းမာရေးဆို ဆရာဝန်မကြီးတွေကို ဆက်ပေါ့။ Nerworking အလုပ်ဖြစ်ခဲ့ပါတယ်။
ဆက်ရန်ရှိပါသေးသည်…


In loving memory of my beloved Father

အဖေ့တမ်းချင်း

ကျမတင်လိုက်တဲ့ Post ကိုဖတ်ပြီး ဆက်ရေးဖို့အားပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ ရေးပြတယ်ဆိုကတည်းက ဖတ်စေချင်လို့ပါ။ ဒါ့ကြောင့် အတိုင်းမသိတဲ့ ပီတိနဲ့ ဆက်ရေးပါ့မယ်။ သိပ်ရင်းနှီးတဲ့ ငယ်သူငယ်ချင်း တယောက်ကတော့ ကျမရဲ့ Post ကိုဖတ်ပြီး ညည်းကလည်း မဆလ ခေတ်မှာ အလုပ်လုပ်ခဲ့တာကိုများ ကြွားနေရသေးတယ်တဲ့။ မဆလခေတ်မှာ လူဖြစ်ခဲ့တော့ မဆလခေတ် အစိုးရဝန်ထမ်းဖြစ်တာဆန်းသလားဟဲ့၊ အစိုးရအလုပ်မလုပ်လို့ ကျုပ်က ဘာလုပ်ရမှာလဲဆိုတော့၊ သူက ဟားပြီး မုန့်ဟင်းခါးရောင်းပေါ့တဲ့။ သူကခင်လို့ စတာပါ။ ကျမရေးတာတွေက ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေထဲက မှတ်မိသလောက် တကယ့်အဖြစ်အပျက် Real life ဘဝမှတ်တမ်း Memoir အဖြစ်နဲ့ ရေးနေတာဖြစ်ပါတယ်။ မိဘကျေးဇူးနဲ့ အစိုးရအရာထမ်းဖြစ်ခဲ့ရတာနဲ့ ဆက်စပ်လို့ အဖေ့အကြောင်းကို ပိုပြီးရေးချင်စိတ်ပေါက်လာပါတယ်။ ဒါ့ကြောင့် ကျမရဲ့ ပြည်သူ့ဝန်ထမ်းအကြောင်း တစေ့တစောင်းကနေ ချော်တောငေါ့ပြီး အဖေ့အကြောင်းရေးရပါတော့မယ်။ အိမ်ထောင်ကျတဲ့အထိ ကျမ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်က စစ်တပ်ထဲမှာ ဖြစ်လေတော့ တချို့ စစ်တပ်ကိုအမြင်မကြည်လင်သူတွေ စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ကျမ ကြီးပြင်းခဲ့တဲ့ ကာလဟာ စစ်တပ်ကို လူထုကချစ်ခဲ့တဲ့ ပျိုတိုင်း ကြိုက်တဲ့နှင်းဆီခိုင်ခေတ်ဖြစ်ပါတယ်။  လူထုက စစ်တပ်ကို အော့နှလုံးနာတဲ့ ခေတ်မဟုတ်ပါဘူး။ 

ကျမရဲ့ အဖေ ဟာလည်း NLD နာယကကြီး ဘဘဦးတင်ဦးက သူ့ရဲ့ ဆရာအရင်းပါလို့ အခုထိ တသသ လေးစားနေရဆဲဖြစ်တဲ့ စစ်သားကြီး တယောက်ပါ။ အဖေဆုံးတော့ ဘဘက အမေ့ကို သတင်းမေးရင်း ထိုင်ကန်တော့ ခဲ့ပါသေးတယ်။ ၈၈ အရေးအခင်းမှာ သမ္မတအခိုက်အတန့်ဖြစ်ခဲ့တဲ့၊ ဒေါက်တာမောင်မောင်အပါအဝင် ဘဘဦးတင်ဦးနဲ့ Contemporary စစ်တပ်က အရာရှိကြီးတွေ တော်တော်များများက အဖေ့ကို ဆရာရယ်လို့ လေးလေးစားစား အသိအမှတ်ပြုခဲ့ကြပါတယ်။ (စကားချပ် - ဒေါက်တာမောင်မောင်ရေးတဲ့ သားမောင်စစ်သည်သို့ စာအုပ်မှာ အဖေ့အကြောင်းရေးထားပါတယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ် တတိယပတ်ဗိုလ်သင်တန်းရဲ့ တပ်ခွဲမှူး သင်တန်းဆရာဖြစ်ခဲ့တဲ့အဖေဟာ တခြားမြန်မာသင်တန်းဆရာတွေလို ဂျပန်အတုခိုး ပါးမရိုက်ခဲ့ဘဲ အေးဆေးတည်ကြည်သိမ်မွေ့တဲ့ ဆရာရယ်လို့မှတ်တမ်းတင်ခဲ့ပါတယ်။ ဒေါက်တာမောင်မောင်ရဲ့ သားကြီး ကိုကျော်သူ-လက်ရှိ PSC ဥက္ကဋ္ဌ ဟာ အဖေ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး လက်ထက်မှာ ကျောင်းဆင်းခဲ့တာဖြစ်ပါတယ်။) 

တပ်မတော်ကို သံယောဇဉ် ရှိခဲ့တဲ့အဖေဟာ သူကွယ်လွန်တော့ ခန္ဒာကိုယ်ကို မင်္ဂလာဒုံစစ်ဆေးရုံကိုလှူပါတယ်။ စစ်ဆေးရုံက သိပ်လက်ခံချင်ပုံမရပေမယ့် မျက်နှာနာစရာတွေရှိတာကြောင့် လက်ခံခဲ့တာလို့ ဝမ်းနည်းစွာကြားခဲ့ရပါတယ်။

မြန်မာ့တပ်မတော်စတင်ဖွဲ့စည်းကတည်းက စစ်မှုတမ်းလာတဲ့အဖေဟာ သေတဲ့အထိ မြေတကွက်မပိုင်ခဲ့ပါဘူး။ သူအနှစ် ၄၀ ကျော်နေခဲ့တဲ့ သုဝဏ္ဏက အိမ်ကလည်း သားသမီး ၇ ယောက်နဲ့ အဖေ့ကို ပင်စင်ယူတဲ့ အခါနေစရာမရှိဖြစ်တော့မှာဘဲဆိုပြီး အဲဒီတုန်းက ဆောက်လုပ်ရေးဝန်ကြီး ဦးထင်ကျော်က သုဝဏ္ဏကွင်းပြင်ထဲမှာ အကွက်ရိုက်မြို့သစ်ဖေါ်တော့ ခေါင်းပွတန်ဖိုးနည်းလုံးချင်းအိမ်ယာ နမူနာတလုံးဆောက်ပေးပါတယ်။ အစိုးရနှုန်းနဲ့ အဲဒီအိမ်က ကျပ်ငွေ ၃ သောင်းကျ ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးက ဆရာ ၃ သောင်းတော့ ပေးနိုင်လိမ့် မယ်လို့ ထင်တာပေါ့။ အဖေ့မှာ ၃ သောင်းမပြောနဲ့ ၃ ထောင်တောင် ငွေပိုမရှိပါဘူး။ ကံကောင်းချင်တော့ အသက်အာမခံငွေ တသောင်းခွဲလောက်ထုတ်လို့ရတော့ အိမ်ဖိုး တဝက်တော့ပေးနိုင်ခဲ့ပါတယ်။ ကျန်တဝက်ကို အရစ်ကျဆပ်ခဲ့ရတာပါ။ 

၁၉၇၃-၇၄ ခုမှာ အိမ်ကအဆင်သင့်ဖြစ်ပါတယ်။ အဖေက ဦးဝိစာရလမ်းက စစ်တပ်ကပေးတဲ့အိမ်နံပါတ် ၈၀ မှာ နေနေဆဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ တပ်ထိန်းတပ်က တပ်မှူး အန်ကယ်မောင်ပါက ပင်စင်ယူပြီးနေစရာမရှိသေးတာနဲ့ အဖေက ဆောက်လုပ်ပြီး အဆင်သင့်ရှိနေတဲ့ သုဝဏ္ဏအိမ်ကို အရင်ယူလိုက်ပါလို့ ပေးလိုက်ပါတယ်။ ဆောက်လုပ်ရေးက နောက်ထပ်ကွက်သစ်ရိုက်တဲ့နေရာမှာ ပုံစံတူ အစားတလုံး ဆောက်ပေးပါတယ်။ လမ်းနံမည်က သော်ကမြိုင်လမ်းတဲ့။ သော်ကမြိုင်ပေမယ့် သော်မှာ ရှေ့ထိုးပြုတ်ရင် သောကမြိုင်ဖြစ်နိုင်တာနဲ့ အများသဘောတူ ကျွန်းရွှေမြိုင်လမ်းရယ်လို့ ပြောင်းပေးခဲ့ကြတာဖြစ်ပါတယ်။

အခုတွေ့နေရတဲ့ သုဝဏ္ဏက အဲဒီတုန်းက မိုးတွင်းဆို ရေတွေပြည့်နေတဲ့ လယ်ကွင်းတွေပါ။ နွေရာသီဆိုလွင်တီးခေါင်လို ကွင်းပြင်ဘဲရှိခဲ့တဲ့နေရာပါ။ အားကစားရုံတွေလည်းမရှိသေးပါဘူး၊ ဝေဇယန္တာလမ်းမကနေ သုဝဏ္ဏဘက်လာတဲ့လမ်းပေါ်က မီးရထားလမ်းဖြတ်တဲ့နေရာမှာ ဝက်ဆီဖတ်နဲ့ အီကြာကွေးကျော်တဲ့ တဲတွေရှိပါတယ်။  ၁၉၇၄ ခုနှစ် ကျမသားကြီး ၃ လသားအရွယ်မှာ အမေတို့နဲ့အတူ သုဝဏ္ဏကိုပြောင်းဖြစ်ခဲ့ကြပါတယ်။ သုဝဏ္ဏမှာမြို့သစ်အကွက်ချပေးတဲ့ အဖေတို့ရပ်ကွက်ကို လူကြီးမွဲရပ်ကွက်လို့ ခေါ်ကြသလို သုဝဏ္ဏဝင်ဒါမီယာလို့လည်းခေါ်ပါတယ်။ ပင်စင်စားလူကြီးတွေပေမယ့် မချမ်းသာကြလို့ပါ။  အဖေကတော့ သူကလူချမ်းသာတဲ့။ သားသမီးတွေ ၇ ယောက်တောင်မွေးထားတော့ လူချမ်းသာတာပေါ့တဲ့။

အဖေက စစ်ဘက်ကအငြိမ်းစားယူပြီး မဆလတပါတီစံနစ်ရဲ့ ၁၉၇၄ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မဲဆန္ဒနယ်မြေ ၁ လား ၂ လား မမှတ်မိတော့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရွေးခံရပါတယ်။ တပါတီစံနစ်ဆိုတော့ ပြိုင်ဘက်ရှိလားမရှိလား စိတ်မဝင်စားလို့ မမှတ်မိတော့ပါဘူး။ 

ပါတီမွန်းမံသင်တန်းတွေပေးခဲ့ဘူးတဲ့ စာရေးဆရာလယ်တွင်းသား စောချစ်ပြောခဲ့ဘူးတာလေးကို ကြုံတုန်းဖေါက်သည်ချပါရစေ။ ပိုစတာကြီးတွေ ဆိုင်းဘုတ်ကြီးတွေနဲ့ တပါတီစံနစ် ဝါဒဖြန့်တဲ့ခေတ်ပေါ့။ နယ်မြို့တမြို့မှာတဲ့ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးကောက်ပွဲ ဆိုတဲ့ဆိုင်းဘုတ်ကို ညဘက်မှာ ပြည်ဆိုတဲ့ စာလုံးတွေကို ခိုးပြီးဖျက်ခဲ့ကြတာတဲ့။ ဒီတော့ သူ့လွှတ်တော်နဲ့ သူ့ကောင်စီအဆင့်ဆင့်ရွေးကောက်ပွဲဖြစ်သွားတော့တာပေါ့။  အဲဒီသူ့လွှတ်တော်ကနေ ဘယ်လိုပုံစံနဲ့ ရွေးတာလဲမသိပေမဲ့ အဖေက ဗဟိုအာဏာပိုင်အဖွဲ့အစည်း ၃ ရပ်ထဲက ပြည်သူ့တရားသူကြီးအဖွဲ့ဝင်ဖြစ်လာပါတယ်။ အဖေက ဦးနေဝင်းပြောင်းပစ်ခဲ့ဘူးတဲ့ လူကောင်းလူတော်ဆိုတဲ့ စကားအရ လူကောင်းအဖြစ် သမာသမတ်ကျတယ်၊ ရိုသားဖြောင့်မတ်တယ်လို့အသိအမှတ်ပြုတာဖြစ်ပုံရပါတယ်။

နိုင်ငံတော်ကောင်စီဝင်တွေ၊ ဝန်ကြီးတွေနဲ့ ရာထူးတူတယ်ဆိုတော့ အရပ်ဘက်ပြောင်းခဲ့တဲ့ အဖေ့လုံခြုံရေးအတွက် အိမ်မှာ ရဲကင်းထားပေးပါတယ်။ သုဝဏ္ဏကွင်းပြင်မှာ အင်္ဂတေခေါင်းပွအတုံးတွေနဲ့ ဆောက်ထားတဲ့ တန်ဘိုးနည်းတိုက်ကလေးမှာ ရဲကင်းရုံကလေးထီးထီးနဲ့ ရီစရာကလေးပါ။ အဖေ့အတွက် အဆောင်အယောင်တွေလည်း အိမ်ကိုရောက်လာပါတယ်။ အဖေနဲ့ အမေက ပကာသနမကြိုက်တော့ အိမ်ရှုတ်တယ်ဆိုပြီး Settie တစုံကလွဲပြီးဘာမှ လက်မခံပါဘူး။ အဖေစီးဖို့ Mazda 929 အနက်ရောင်တစီးပေးပါတယ်။ သုဝဏ္ဏအိမ်ရဲ့ ဂိုဒေါင်ကကျဉ်းတော့ ကားကို အိမ်ပြင်မှာရပ်ရပါတယ်။ ဒါနဲ့ ဗဟိုအာဏာပိုင်အဖွဲ့အစည်းကလူကြီးတွေအတွက် ရပိုင်ခွင့်တွေဖြစ်တဲ့ ၂ ထပ်တိုက် ကားဂိုဒေါင်-အောက်မှာကားထား၊ အပေါ်မှာ Driver တို့၊ အိမ်ဖေါ်တို့ထားဖို့ ဆောက်ပေးလို့ရတယ်လို့ အဖေ့တပည့်တွေက အကြံပေးပါတယ်။ အဲဒီခေတ်က VIP အိမ်တိုင်းမှာဆောက်ခဲ့ကြတာပါ။ အဖေကတော့ ဟ..ငါက ဒီ ၄ နှစ်ပြီးရင် နားမှာလေ။ အလကား နိုင်ငံတော်ရဲ့ ငွေတွေဖြုန်းမနေနဲ့။ အိမ်ရှေ့လမ်းဟိုဘက်ခြမ်းမှာ ယာယီသွပ်ဂိုဒေါင်တလုံးဆောက်ခိုင်းပြီး 929 ကားထားပါတယ်။ ၂ ထပ်တိုက်ကားဂိုဒေါင်အစား သုဝဏ္ဏအိမ်နောက်ဖေးမှာ ဝါးထရံကာ၊ အုဋ်ဖိနပ်နဲ့ ၂ ခန်းတွဲ တဲကိုဆောက်ခိုင်းပါတယ်။ အိမ်ဖေါ်၊ ဒရိုင်ဘာနဲ့ ရဲသားတွေနေဖို့တဲ့။ အိမ်ဖေါ်နဲ့ ရဲတွေဘဲနေပြီး ဒရိုင်ဘာက မနေပါဘူး။ အခုတော့ အဲဒီတဲအိမ်လေးဟာ အားလုံနီးပါးပြိုကျနေပါပြီ။ အုဋ်ဖိနပ်ဘဲကျန်ပါတော့တယ်။

အဖေပြည်သူ့တရားသူကြီးအဖြစ်နဲ့ လေးနှစ်သက်တမ်းအတွင်း ဆုံးဖြတ်ချက်ချခဲ့ရတဲ့ အမှုတွေထဲမှာ ဘိန်းဘုရင်လောစစ်ဟန်ကို သေဒဏ်ပေးခဲ့ရတာလည်းပါသလို၊ ရုပ်ရှင်မင်းသားဇော်ဝမ်းကို ဘိန်းဖြုမှုနဲ့ ထောင်ချခဲ့ရတာလည်းရှိခဲ့ပါတယ်။ မှတ်မှတ်ရရ လေးနှစ်သက်တမ်းပြည့်ခါနီးမှာ အဖေ့ကို အိမ်တော်ကဆင့်ခေါ်ခြင်းခံရပါတယ်။ အိမ်တော်ဆိုတာ ဦးနေဝင်းအိမ်တော်ပေါ့။ အဖေက ဘာမှပြန်မပြောလို့ တိတိကျကျမသိခဲ့ရပေမယ့် နီးစပ်သူတွေပြန်ပြောလို့ မဆိုသလောက်သိခဲ့ရတာပါ။ အဖေဟာ တသက်လုံး ငွေမချမ်းသာပေမဲ့ စိတ်ချမ်းသာတာကိုဘဲ ဦးစားပေးခဲ့တာဖြစ်ပြီးဘာလုပ်လုပ် သမာသမတ်ကျကျလုပ်သူရယ်လို့ အများကလေးစားသူဖြစ်ပါတယ်။ 

No one is above the law. တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဘူး ဆိုတဲ့အတိုင်း အဖေ ဆုံးဖြတ်ခဲ့ပေမဲ့. There is definitely someone above the law ဖြစ်နေတဲ့ မြန်မာပြည်မှာ အဖေမှားတာပေါ့တဲ့။ ဦးနေဝင်းကို Number one လို့ခေါ်ပြီး အဲဒီအချိန်က တန်းခိုးထွားခဲ့တဲ့ One and a half လို့ခေါ်တဲ့ မျက်မှန်ကြီးဦးတင်ဦးက အဖေ့ကို အိမ်တော်မှာနေ့လည်စာစားဖို့ ဖိတ်ခဲ့ပါတယ်တဲ့။ ဦးနေဝင်းကိုယ်တိုင် အဖေ့ကို ကြိမ်းမောင်းခဲ့တာလားဆိုတာကတော့ မသေချာပါဘူး။ နီးစပ်သူတွေအပြောကတော့ ဦးနေဝင်းရဲ့ သားလေယာဉ်မှုး ဦးငွေစိုးကို ထောင်ချလိုက်လို့ ခေါ်ကြိမ်းတာလို့နားလည်ခဲ့ပါတယ်။

ဇော်ဝမ်းဘိန်းဖြူမှု ဗဟိုတရားရုံးရောက်လာတော့ ရုပ်ရှင်အစည်းအရူံးကလူကြီးတွေက ရိုက်လက်စကားတွေ မရိုက်ရရင် အလုပ်သမားတွေ ဒုက္ခရောက်ရပါတော့မယ်ဆိုပြီး အသနားခံခဲ့ကြတာမှတ်မိပါရဲ့။  ဇော်ဝမ်းရဲ့ အမေက မန္တလေးတိုင်းချစ်ကျောင်းအုပ်ဆရာမကြီး၊ တိုင်းချစ်ကျောင်းမှာ ဆရာလုပ်ခဲ့တဲ့ ဦးကြည်မြက အဖေတို့ တရားသူကြီးအဖွဲ့ဝင်၊ မျက်နှာနာစရာတွေအများကြီးပေမဲ့ အဖေတို့အဖွဲ့က ဥပဒေအတိုင်းဆုံးဖြတ်ခဲ့ကြတာပါ။ မျက်မှန်ကြီးက သူ့ဆရာဖြစ်တဲ့အဖေ့ကို သံယောဇဉ်ကြောင့် မ စ ချင်တာနဲ့ ဆရာ သံအမတ်ကြီးအဖြစ်နဲ့ နိုင်ငံခြားသွားပါလားလို့ ကမ်းလှမ်းပါတယ်တဲ့။ (မျက်မှန်ကြီးတင်ဦးရဲ့ အမွှာညီမကို အဖေတို့ မုဒုံမှာ နေတုန်းက သူပုန်ပြန်ပေးတွေလက်က အဖေ ကယ်ခဲ့ဘူးတယ်လို့အမေပြောဘူးပါတယ်) အဖေ ကနိုင်ငံခြား မသွားချင်တဲ့အကြောင်း ကျေးဇူးတင်ကြောင်းဘဲပြောခဲ့တယ်လို့ ပြန်ကြားရပါတယ်။ အဖေက နဂိုကတည်းက ဒုတိယသက်တမ်းကို ဆက်လုပ်ဖို့ စိတ်မပါခဲ့တာဆိုတော့ ပျော်ပျော်ဘဲ ပြန်လာခဲ့တာပါ။ ဒါပေမဲ့ တခုဘဲ စိတ်မကောင်းဖြစ်ရတာက နိုင်ငံတော်ပုန်ကန်မှုလို ကြီးကျယ်တဲ့အမှု မဟုတ်ဘဲ ဘိန်းစားတယောက်ကြောင့် အပြောခံရတာကတော့ နာကျည်းစရာဘဲပေါ့လေ။

မဆလခေတ်မှာ အောက်ခြေလူတန်းစားတွေနဲ့ ယှဉ်ရင်တော့ ကျမတို့ မိသားစုဘဝ ဟာ တင့်တောင်းတင့်တယ်နေနိုင်ခဲ့တယ်လို့ပြောရမှာပါ။ ဒါပေမဲ့ တော်လှန်ရေးကောင်စီခေတ်နဲ့ မဆလခေတ်က ဦးနေဝင်း ဖန်တီးခဲ့တဲ့ Elite အုပ်စုရဲ့ အတွင်းစည်းမှာ ကျမတို့ မိသားစု မပါခဲ့ဘူးဆိုတာကတော့ သေချာပါတယ်။
မေမြို့မှာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ မြို့နယ်တပ်မှူး ကြီးအဖြစ် ၁၉၆၈ ကနေ ၁၉၇၂ ခုနှစ်ထိ ၄ နှစ်ကျော် တာဝန်ယူခဲ့ပေမဲ့ မေမြို့မှာ ဘာပိုင်ဆိုင်မှုမှ မရှိခဲ့ပါဘူး။မေမြို့ရယ်မဟုတ်ပါဘူး၊ ဘယ်မှာမှ မပိုင်ခဲ့ပါဘူး။ အဖေဟာ အခွင့်ထူးခံ VIP တွေထဲမှာ မပါခဲ့ဘူးဆိုတာကို ဂုဏ်ယူစွာနဲ့ ကြွားချင်လို့ ပြည်သူ့ဝန်ထမ်းဘဝရေးရင်း အူပေါက်ဖြစ်သွားတာကို သည်းခံကြပါနော်။

၈၈ အရေးအခင်းမှာ အဖေတို့ တပ်မှူးဟောင်းတွေရဲ့ လှုပ်ရှားမှု၊ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ (အမေကတော့ မျိုးကြောက်တွေလို့ ခေါ်ပါတယ်)၊ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အမတ်အဖြစ်နဲ့ ရခိုင်ပြည်နယ်မှာအရွေးခံတဲ့ ကိစ္စတွေကြောင့် အဖေနဲ့ အတူ တနွယ်ငင် တစင်ပါ နှိပ်ကွပ်ခံခဲ့ရတာတွေ ရေးရင်သိပ်ရှည်မှာစိုးလို့ အခု ခဏနားပါမယ်။ ခရီးကပြန်ရောက်တဲ့အခါ အားလပ်တဲ့အခါရေးမှာပါ။ သည်းခံဖတ်ရှုတဲ့ မိတ်ဆွေတွေကို အဖေ့ကိုယ်စား ကျေးဇူးတင်ပါတယ်။ အခုတလော တရုတ်နယ်စပ်က တိုက်ပွဲသတင်းတွေကြားရတော့ အဖေအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတဲ့ ၁၉၆၀ ပြည့်နှစ်က တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်စိုက်ခဲ့ ဘဘစစ်ဆင်ရေးအကြောင်းလည်း မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားပါမယ်။