Thursday, December 25, 2014



မေမြို့သမင်လည်ပြန် - အတိတ်ခြေရာ (အပိုင်း ၅)

ကြိုတင်မပြောထားဘဲ ငယ်သူငယ်ချင်းတွေကို တတ်နိုင်သလောက်စုပြီး ကျွေးမွေးပြုစုမယ့်နေ့ ရောက် ပါပြီ။ ဆရာမဒေါ်မြသောင်းတင်က ခင်မာသန်းကို ၀င်ခေါ်ခဲ့ပြီး ကျမတို့ကို ကားနဲ့လာခေါ်ပေးပါတယ်။ စီတိုး လည်းရောက်လာတော့ ကျမနဲ့ စီတိုးက Dennis တို့ကို ၀င်ခေါ်ဖို့ ထွက်ခဲ့ပါတယ်။ Dennis တို့ စုံတွဲကဆိုင်ကယ်နဲ့ လိုက်ခဲ့ပါ့မယ်တဲ့။ မပူမအေး တိမ်ကင်းစင်လှတဲ့ သာယာလှပတဲ့ ဆောင်းနေ့လေး တနေ့ပါဘဲ။ ဆိုင်ကလည်း အပြင်က Deck Terrace မှာ လူ ၂၀ စာ အဆင်ပြေအောင် ထီးလှလှ ကလေးတွေနဲ့ ပြင်ဆင်ပေးထားပါတယ်။ ဆိုင်ရောက်တော့ မမှတ်မိတော့တဲ့ သူငယ်ချင်း တချို့ ရောက်နှင့်နေကြပါပြီ။ ကိုသန်းလှဆိုသူက သူကမကြည်တို့အတန်းက ကျမနဲ့အတန်း မတူပေ မဲ့ ရောက်နေတယ်ကြားလို့ လာနှုတ်ဆက်တာပါတဲ့။ မကြည်ကို ကြိုက်ခဲ့ဘူးတဲ့ သန်းလှဖြစ်မှာပါဘဲ။ အတန်းမတူလည်း ကျောင်းနေဘက်ပါဘဲ။ တွေ့ရတာဝမ်းသာမိပါတယ်။

မုတ်ဆိတ်တွေဖြူဖွေးနေပြီး ရှေ့သွားမရှိတော့တဲ့ ကုလားကြီးတယောက်လည်းပါရဲ့။ သူကလည်း တတန်း တည်းတက်ခဲ့ကြတဲ့ မျိုးမြင့်တဲ့။ ကျမကိုကြိုက်ဘူးတဲ့ သွားခေါခေါအပုလေးမျိုးမြင့်မဟုတ်ပါ။ ကိုစီ နဲ့ စီတိုးက သူငယ်ချင်းတွေကို အကြိုအပို့လုပ်ပေးကြပါတယ်။ ဂျိုင်းထောက်နဲ့ ထွန်းအောင်လည်း သူ့တူက ဆိုင်ကယ်နဲ့ လာပို့ပေးပါတယ်။ ထွန်းအောင်ကိုတွေ့ရတော့ ငိုချင်စိတ်ကို မနည်းမြိုချရင်း နှုတ်ဆက်လိုက်ပါတယ်။ နဂိုက ခြေတဘက်မရှိတဲ့ ဂျိုင်းထောက် ၂ ဘက်နဲ့ ပိန်ညှော်လေးက အခု ဆံဖြူ သွားကြွေ၊ ဂျိုင်းထောက် တချောင်းနဲ့ အဖိုးကြီးလေးဖြစ်နေပြီ။ အိမ်ထောင်၊ သားသမီးမရှိဘဲ တကိုယ်တည်းနေတဲ့ ထွန်းအောင်ပါ။ သူက ၉ တန်းတုံးကနင်တို့ ထမင်းဘူးတွေကို ခိုးစားဘူးတယ်ဟ လို့ ပြောပါတယ်။ ခြေလေးချောင်း မစားတဲ့ သူက ၀က်အူချောင်းပါတဲ့ ထမင်းဘူး ဖွင့်မိရက်သားဖြစ်လို့ မစားလိုက်ရဘူးဆိုဘဲ။ အဲဒီတုံး က နေ့လည် ထမင်းစားဆင်းရင် ကျမတို့ မောင်နှမက အိမ်ပြန်စားခဲ့ရတာဆိုတော့ သူခိုးစားခဲ့တာ ကျမထမင်းဘူးတော့ ဟုတ်မယ်မထင်ပါဘူး။ သူကြည့်လို့မရတာကတော့ ကျမတို့တဖွဲ့လုံး (ခင်နှင်း၊ ခင်မ၊ ကြည်လှ၊ ချိုအေးနဲ့ မပု) ဖြစ်မှာပါဘဲ။ 



အဲဒီနေ့က ငယ်သူငယ်ချင်း ၁၅ ယောက်အလွန်ဆုံးဘဲ စုမိမယ်လို့ တွက်ထားခဲ့တာ၊ အားလုံး ဆရာမ အပါအ၀င် ၂၃ ယောက်ဆုံဖြစ်ခဲ့ကြပါတယ်။ ဆရာမ၊ ခင်မာသန်း၊ ခင်ဆွေမြင့်၊ မငြိမ်း၊ ဘေဘီ၊ Dennis နဲ့ Dolly၊ ကျော်စိန်နဲ့ တင်တင်ရီ၊ ကိုသန်းလှ၊ မောင်ဦး၊ ထွန်းဦး၊ ဒေးဒေး၊ ကျော်မြင့်၊ မျိုးမြင့်၊ ဆန်းဝင်း၊ ထွန်းအောင်၊ ခင်မောင်စီ-ကိုစီ၊ စီတိုး၊ သန်းလွင်၊ အောင်သန်း၊ ၀င်းဇော်၊ ခင်နှင်းနဲ့ ကျမပေါ့။ ၄၃ နှစ်ကျော် ဆိုတဲ့ ကာလမှာ (impromptu) ကြိုတင်စီစဉ်မထားဘဲ အခုလိုသူငယ်ချင်း ၂၂ ယောက် ပြန် ဆုံနိုင်ကြတယ်ဆိုတာ နည်းတဲ့ရေစက်မဟုတ်ပါဘူး။ လူစုံတော့ ကျမက Dennis ကို Grace ဆုတောင်းပေးဖို့ Request လုပ်လိုက်ပါတယ်။ Dennis က ဘော်လီဘောပြန်ပုတ်လို့ မငြိမ်းကိုထပ် Request လုပ်လိုက်ရပြန်ပါတယ်။ အမြဲ အေးဆေးတည်ငြိမ်တဲ့ လူကြီးဆန်တဲ့ မငြိမ်းက အခုလို လူစုံတက်စုံ ပြန်လည်ဆုံတွေ့ခွင့်ပေးတဲ့ ကိုယ်တော်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကိုချီးမွန်းရင်း ဆုတောင်းပေးတော့ အားလုံး Amen ကြပါတယ်။ မငြိမ်းဆုတောင်းပြီးတော့ ၀င်းဇော်က မူဆလင် ဗလီဆရာတမျှ ဘာသာရေးကိုင်းရှိုင်းလှတဲ့ မျိုးမြင့်ကိုလည်း ဆုတောင်းဖို့ အလှည့်ပေးပါတယ်။ မျိုးမြင့်ကလည်း အလ္လာအရှင်မြတ်ရဲ့ ကျေးဇူးတော်ကို ချီးမွန်းပြီး ဆုတောင်းပေးပါတယ်။ မမျှော်လင့်ဘဲ ဘာသာပေါင်းစုံဆုတောင်းပွဲလေး လုပ်ဖြစ်တဲ့သဘောပါဘဲ။ ဒါဟာကျမတို့တတွေ ငယ်ငယ်ကတည်းက လူမျိုးဘာသာ၊ ချမ်းသာ၊ ဆင်းရဲ မရွေး အတူတကွ လက်တွဲ နေခဲ့ကြတဲ့ နမူနာလေးတခုပါဘဲ။ သူငယ်ချင်းတွေကြားမှာ ကုလားရယ်၊ တရုပ်ရယ်၊ ဗမာရယ်၊ တိုင်းရင်းသားတွေရယ်ဆိုပြီး ခွဲခြားဆက်ဆံ လိုစိတ် တစိုးတစိလေးမှ မရှိခဲ့ကြပါဘူး။



နောက်တော့ ဆရာမဒေါ်မြသောင်းတင်က အခုလို ပြန်လည်ဆုံစည်းရတာ ၀မ်းမြောက်ကြောင်း အမှတ်တရ သြ၀ါဒချွေပါတယ်။ ကဲ ကဲ စားကြတော့ စားလို့ရပြီလို့ ပြောလိုက်တော့ ကျမလည်းပြောပါ ရစေ ပြောခွင့်ပေး ပါဆိုပြီး အတင်းဝင်လု ပြောလိုက်ရပါတယ်။ ပြောမယ့်လို့သာ အသံကောင်းဟစ်လိုက်တာ။ တကယ်ပြောရ မယ်ဆိုတော့ ၀မ်းသာလုံးဆို့ Emotional ဖြစ်ပြီး ပြောမထွက်ဖြစ်နေပါသေးတယ်။ ကျမ အထက (၁) ကထွက်ခဲ့ပြီးနောက် အနှစ် ၄၀ အတွင်း ခင်နှင်းနဲ့ ပြန်ဆုံတိုင်း မေမြို့က သူငယ်ချင်းတွေ ကို ပြန်တွေ့ချင် လိုက်တာဟယ်လို့ စိတ်ကူးယဉ် တမ်းတမ်းတတ ပြောနေခဲ့တဲ့ အိပ်မက်ကို ဒီနေ့ အကောင် အထည်ဖေါ်နိုင်ခဲ့လို့ ၀မ်းသာတဲ့အကြောင်းပြောရင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။ ဆရာမလည်း မျက်ရည်ကျတာ အမှတ်မထင်တွေ့ လိုက်ရပါတယ်။ နောက်တခေါက်မေမြို့ကို ပြန်လာဖြစ်ပါအုံးမလား၊ ဒီနေ့တွေ့ရတဲ့ သူငယ်ချင်းတွေကောရှိပါအုံးတော့မလားစတဲ့ မရေရာတဲ့ အနာဂတ်အတွက် မေးခွန်းတွေကို ခဏအသာဘေးဖယ်ပြီး တဒင်္ဂပစ္စုပ္ပန်ကိုဘဲ ပျော်ပျော်ကြီးရှု လိုက်ပါတယ်။ ၀င်းဇော်က သူ့အလှည့် မိန့်ခွန်းချွေတာ နေရာကအလှမ်းဝေးနေတော့ သဲ့သဲ့ဘဲ ကြားလိုက်ရတာ ကံကောင်းလှပါတယ်။ သူ့အကြောင်းက သိပြီးသားတွေဆိုတော့ ထပ်မကြားချင်တော့ပါဘူး။ 



ကျမဘေးမှာထိုင်တဲ့ ထွန်းအောင်က သွားတွေမရှိတော့သူစားနိုင်မယ့် ဟင်းအမယ်ကိုရွေးပြီး ထည့်ပေး မိပါတယ်။ ထွန်းအောင်ကသူ့ကို မမေ့ဘဲ အခုလို ဖိတ်ကျွေးတဲ့ အတွက်၊ကျေးဇူးတင် ကြောင်းပြောတော့ ကျမကလည်း နင့်ကိုမေ့ပါ့မလားဟဲ့။ ဂျိုင်းထောက်နဲ့ ကျောင်းတက်တာ နင်တယောက်ဘဲ ရှိခဲ့တာလေ။ နောက်ပြီး ၉ တန်းမှာ ဆရာမစာသင်နေတုံး အတန်းထဲမှာ ကလေးတယောက်ချောင်းဆိုး သံကြားလိုက်ရတာနဲ့ ရှာကြည့်တော့ ထွန်းအောင်ခေါ်လာတဲ့ ကလေးဖြစ်နေပါလေရော။ ဂျိုင်းထောက်နဲ့ ထွန်းအောင်က သူ့တူလား၊ တူမလားမမှတ်မိ၊ ကလေးလေး တယောက်ကို အိမ်မှာ ထိန်းမယ့်သူမရှိ လို့ ကျောင်းကိုခေါ်လာရတာတဲ့။ အဲဒီနေ့က ဆရာမဒေါ်တင်မာလို့ထင်ပါတယ်။ ဆရာမအနေနဲ့ ဘာပြောရမှန်း မသိ ဆူလည်းမဆူရက်တဲ့အဖြစ်ကို ပြန်ပြောင်းပြောပြမိပါတယ်။ အဲ့ဒီအဖြစ်ကို ဒီနေ့ထိ မမေ့နိုင်တဲ့ ကျမကို ထွန်းအောင်က အံ့အားသင့် သွားပုံရပါတယ်။ ဂျိုင်းထောက်နဲ့လူတွေ၊ ဒုက္ခိတတွေမြင် တိုင်း ထွန်းအောင်တယောက် ဘာများဖြစ် နေပြီလဲလို့ တွေးနေမိတဲ့ကျမဟာ ထွန်းအောင်ကို တကယ်တွေ့ လိုက်ရတဲ့ ပီတိက ပြောမပြ တတ်အောင်ပါဘဲ။ ထမင်းစားပြီးတော့ စန်းဝင်းနဲ့ ပေါင်းပြီး သူသုံးဖို့ ငွေလည်း အထိုက် အလျောက် ပေးလိုက်နိုင်ပါတယ်။



ထမင်းစားပွဲမှာ သူငယ်ချင်းတွေ ငယ်ကျိုးငယ်နာတွေဖေါ် စလို့နောက်လို့မမောနိုင်ကြပါဘူး။ ၀င်းဇော်ကြီးက ကျော်မြင့်ကို ထုံးစံအတိုင်းအနိုင်ကျင့်ပြီး မင်းသူ့ကို ကြိုက်ခဲ့တာမဟုတ်လား၊ မှန်မှန်ပြောစမ်း ဆိုပြီး အတင်းဝန်ခံခိုင်းပါတော့တယ်။ ကျော်မြင့်က ကျမကိုအားနာနေပုံရပါတယ်။ သူအနှစ် ၂၀ ကျော်မြင်းလှည်းမောင်းရင်း သူ့သားသမီးအတွက် ရုန်းကန်ခဲ့ရ တာတွေ ကိုပြောပြ ပါတယ်။ သူ့ကလေးတွေကို စာကြိုးစားကြစေချင်တဲ့အကြောင်းပြောရင်း ကျမတို့ငယ်ငယ်က မြန်မာစာကျက်ခဲ့ကြတဲ့ အကြောင်းပြောဖြစ်ကြပါတယ်။ တိုင်ပင်မထားဘဲ မြကန်သာကဗျာလေးကို ပြိုင်တူရွတ်မိလိုက်ကြပါတယ်။



စုံစမ်းရှာဖွေလို့မရတဲ့ သူငယ်ချင်း၊ ဆုံးသွားတဲ့သူငယ်ချင်းတွေအကြောင်းပြောရင်း အတန်းထဲ က ဖြူဖြူချောချောလေး ထွေးမောင် ကို မေးမိပါတယ်။ ထွေးမောင်က မုတ်ဆိတ်နဲ့ ဗလီဆရာ အဖြူရောင် အကျီင်္ဖားဖားဝတ်ပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ အဖိုးကြီးဖြစ်နေပြီတဲ့။ တာချီလိတ်မှာ အခြေချနေတယ်တဲ့။ ဆီးချိုနှိပ်စက်လို့ နေမကောင်းရှာဘူး ဆိုဘဲ။ နောက်တယောက်သတိရနေတာ ကတော့ အတန်းထဲမှာ အသက်အငယ်ဆုံး၊ စာကြိုးစားတဲ့မျက်ပြူး၊ မျက်နှာဝိုင်းလေး-ဂျပုလေးစိန်ဝင်း၊ သူက သိပ္ပံထူးချွန်ဆုရသူပေါ့။ သူက အခု နေပြည်တော်မှာ ဒုတိယဗိုလ်ချုပ်ကြီးတဲ့။ အမြှောက်တပ်မှာ အကြီးဆုံးလို့ပြောကြပါတယ်။



အောင်သန်းကစပ်စပ်စုစုနိုင်သလို ဗေဒင်လည်းဟောတတ်တယ်လေ။ ကျမမုဆိုးမ က ယောက်ျားရ အုံးမလားလို့ မေးတော့ သူကယူရင်ရမှာပေါ့ဟဲ့တဲ့။ ခင်ဆွေမြင့်က သွားမမေး နဲ့ အောင်သန်းက အာမခံနဲ့ဟောပြီး မရရင် သူယူမယ်လို့ပြောလိမ့်မယ်တဲ့။ ထမင်းဝိုင်းကိုလာကြတဲ့ သူငယ်ချင်းတွေ အားလုံးဟာ ၆၀ ကျော် အငြိမ်းစားတွေဘဲ ဆိုတော့ အေးအေးဆေးဆေး နောက်ဆံတင်း စရာလည်း မရှိကြတော့ တော်တော်နဲ့ လူစုမကွဲခဲ့ကြပါဘူး။ တကယ်တော့ တွေ့ရခဲလှတဲ့ ကျမကို တွေ့လို့ ပြောလို့ မ၀သေးတာလည်းဖြစ်နိုင်ပါတယ်။ ဒီနေ့ပြန်လည်ဆုံတွေ့ရတဲ့သူတွေ အားလုံး ဆင်းရဲတာ ချမ်းသာတာ မပါ၊ နိုင်ငံရေးအသွေးအရောင်မပါ၊ ဘာရာထူးမှမပါ၊ ငယ်သူငယ်ချင်းတွေအဖြစ်နဲ့သာ လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်ကအတိုင်း ခင်ခင် မင်မင်ရင်းရင်းနှီးနှီး နင်နဲ့ ငါနဲ့ ပြောခွင့်ရခဲ့တာဖြစ်လို့ တန်ဖိုးမဖြတ်နိုင်ပါဘူး။ သူတို့လည်း ပီတိဖြစ်ကြ လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

တိုက်ဆိုင်တယ်လို့ဘဲပြောရမလားပါဘဲ။ ကျမအကိုကြီးကိုဝေလင်းအောင်တို့ DSA 14 batch က အငြိမ်းစား အဖိုးကြီးတွေကလည်း သူငယ်ချင်း ၁၅ ယောက်လောက်စုပြီး မေမြို့အလွမ်းပြေ Golf ရိုက်ခရီးထွက်တာနဲ့ တိုက်ဆိုင်နေပါတယ်။ ကျမသူငယ်ချင်းတွေနေ့လည်စာစားပြီး လူစုကွဲသွားတော့ အကိုတို့အဖွဲ့ကို အဲဒီ Club Terrace လေညှင်းသာမှာဘဲ နေ့လည်စာကျွေးပြီး ကုသိုလ်ယူလိုက် ပါတယ်။ သူတို့ထဲမှာ ထောင်ထွက်တွေလည်းပါရဲ့။ ကျမက အားလုံးကို မမှတ်မိပေမဲ့ သူတို့ကတော့ နံမည်ကြီး ကျမကို ကောင်းကောင်းသိကြပါတယ်။ သူတို့ထဲမှာ အောင်စစ်သည်ဆုရလို့ ဒိသာပါမောက္ခကြီးကတော် ဆီကနေ အထက်တန်းကျောင်းသူကျမကို စ နောက်ပြီး တောင်းခဲ့ဘူးတဲ့ ကိုတင်ဝင်း တောင်ပါလိုက်သေး။ အကိုတို့အဖွဲ့ နေ့လည်စာစားပြီး စစ်တက္ကသိုလ် ဗိုလ်လောင်းကုန်းကို အလွမ်းပြေသွားကြည်ဖို့ ထွက်သွား ကြပါတယ်။

ဇတ်လမ်းကမဆုံးသေးပါဘူး။ ကျမတို့ နေ့လည်စာစားနေတုံး စီတိုးနဲ့ ခင်နှင်း တို့ ဖုန်းတလုံး အလုပ်ရှုတ်နေ တာသတိထားမိပါတယ်။ သူတို့ ခင်မကြီးနဲ့ အဆက်အသွယ်ရပြီတဲ့။ ရန်ကုန်မှာနေတဲ့ ခင်မက မန္တလေး ကို ရောက်နေတာနဲ့ တိုက်ဆိုင်နေတော့ သူငယ်ချင်းတွေ စုမိနေတယ်ကြားပြီး မေမြို့ကို ချက်ချင်းလိုက် လာပါတယ်။ မေမြို့နဲ့ မန္တလေးက တနာရီခရီးဘဲလေ။ သူထမင်းစားပွဲကို မမှီပေမဲ့ သူငယ်ချင်းတချို့ နဲ့တော့ တွေ့ဖြစ်သွားပါတယ်။ ခင်မ လာတော့ ကြည်လှနဲ့ ကျောက်ပန်းတောင်းမှာတွေ့တုံး ရိုက်ခဲ့တဲ့ ပုံတွေပြပြီး ကြွားလိုက်ပါတယ်။ ကြည်လှကိုလည်း ဖုန်းဆက်ပြီး Get together မှာ ကျောင်းအုပ် ဆရာမကြီးဒေါ်တင်တင်လှ (နောက်ကွယ်မှာ ဒေါ်တင်တင်ဂွလို့ခေါ်ကြပါတယ်) အကြောင်းကို သတိတရပြောရင်း ကြည်လှ ပုံကို အားလုံးကို ပြဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ အားလုံးက တသံတည်း နဲ့ ကြည်လှက ဆရာမကြီးကိုမမှီဘူးတဲ့။ (စိတ်မဆိုးနဲ့နော်၊ သူတို့ပြောတာ)။ ခင်မ လာတော့ လူပိုစုံ သလိုဖြစ်ပြီး ညစာ Hot Pot စားဖြစ်ကြပါတယ်။ ၉ တန်းစီ အတန်းဖေါ် ခင်မ၊ ခင်နှင်း၊ ၀င်းဇော် နဲ့ ကိုစီ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။ 



ခင်မက ကျမတို့နဲ့ အတူတညအိပ်ပါတယ်။ ကျောင်းတုံးကအကြောင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေ အကြောင်း မမောနိုင်မပန်းနိုင် ပြောဖြစ်ခဲ့ကြပါတယ်။ နောက်နေ့မနက် စီတိုး ရောက်လာ လို့ ခင်မကို မငြိမ်းနဲ့ ဘေဘီတို့ဆီ ခေါ်သွားပြီး Surprise လုပ်ကြပါတယ်။ ကျောင်း ရုံးစာရေးကြီး ကိုဆန်နီ က ခင်မကို အဖေနံမည်ကအစ မှတ်မိတုံးပါဘဲ။ မငြိမ်းက ကျောင်းမှာစာသွား သင်နေလို့ ခင်မနဲ့ လွဲသွားပါတယ်။ ဆရာမ ဒေါ်မြသောင်းတင်ကိုလည်း ၀င်ကန်တော့ကြပါတယ်။ ဆရာမက ကျမတို့ကို ဘုံကျောင်းမှာ မနက်စာကျွေးပါတယ်။ 


မနက်စာစားပြီး  ဂျိုင်းထောက် ထွန်းအောင်ကို ၀င်းဇော်ပေးခဲ့တဲ့မုန့်ဖိုးပေးဖို့ စန်းဝင်းကရှေ့က ဆိုင်ကယ်နဲ့ လမ်းပြပေးလို့ စီတိုးကားနဲ့ ထွန်းအောင်ဆီချီတက်ခဲ့ကြပါတယ်။ ထွန်းအောင်က မမျှော်လင့်လဲ ကျမတို့ တသိုက်ကိုတွေ့တော့ အံ့အားသင့်သွားပါတယ်။ မနေ့ကတွေ့ထားပြီးသား ဖြစ်ပေမဲ့ သူ့အိမ်ကိုတော့ ကျမတို့လာလည်ကြမှာမဟုတ်ဘူးလို့ ထင်ထားခဲ့ပုံရပါတယ်။ သူ့ကိုတွေ့တွေ့ချင်းဆိုသလိုဘဲ ကဲ၊ ဘာချက်ထားလဲသူငယ်ချင်း၊ ငါတို့ထမင်းလာစားတာဟဲ့၊ ကျွေးမှာလားဆိုတော့၊ သူက နင်မနေ့က ပေးထားတဲ့ပိုက်ဆံတွေရှိတယ်လေ။ ၀ယ်ကျွေးပါ့မယ်တဲ့။ သွားတချောင်းမှမရှိတော့တဲ့ ထွန်းအောင်ကို ၀ိုင်းပြီး စ နောက်ခဲ့ကြသလို ခင်မနဲ့ ခင်နှင်းကလည်း မုန့်ဘိုးတွေထပ်ပေးခဲ့ ပါသေးတယ်။ 


ကျမ မပြန်ခင်တနေ့ ညနေစောင်းမှာ ကိုစီ၊ အောင်သန်း၊ သန်းလွင်တို့ဇနီးမောင်နှံ လက်ဆောင်တွေနဲ့ လာနှုတ်ဆက်ကြပါတယ်။ မေမြို့ထွက်အမှတ်တရ မက်မန်းသီး၊ Strawberry jam, တို့ဟူးခြောက်၊ ကော်ဖီမှုန့်၊ ခေါပုတ် စတဲ့ စားစရာတွေပေါ့။ အဖွားကြီးတွေဖြစ်လာတဲ့ ကျမတို့အတွက် ခင်မာသန်းက ဆေးမြစ်စုံ လိမ်းဆေးတွေလည်းပေးလိုက်ပါသေးတယ်။ ခင်နှင်းက ကျမရဲ့ သေတ္တာထဲ အားလုံးဆန့်အောင် စံနစ်တကျထည့်ပေးပါတယ်။ ကိုယ့်ဖာသာဘယ်တော့မှ ပစ္စည်းထုတ်ပိုးလေ့မရှိတဲ့ ကျမအကြောင်း ခင်နှင်းက သိတာကြာပေါ့။ အဲဒီနေ့ညက စန်းဝင်းက ထမင်းကျွေးဖို့ ကြိုးစားပေမယ့် ဆရာမက ကန်တော်ကြီးစောင်းက Feel  မှာ ကျွေးရင်း သူ့ရဲ့ ထူးချွန်ထက်မြက်ပြီး အောင်မြင်နေတဲ့ တပည့်တယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ ဆရာမတပည့်က လူငယ် ကိုယ့်သားအရွယ်ပေမဲ့ ပရဟိတအကျိုး သယ်ပိုး ပညာပေးနေတဲ့ ပညာရှင်တယောက်မို့ လေးစားမိပါတယ်။ တကယ်တော့ ကျမအနေနဲ့ Feel မှာစားရတာ ထက် စန်းဝင်းက အိမ်မှာထမင်းလာစားပါလို့ခေါ်တာကိုဘဲ တမ်းတနေမိတာပါ။ စန်းဝင်းတယောက် ဘာတွေများချက်ထားမှာပါလိမ့်ပေါ့။ သူများချက်ထားတာကို ခူးကျွေးဖို့က ပိုဖြစ်နိုင်ပါတယ်။

ပြန်မယ့်နေ့မနက်မှာတော့ အောင်သန်းလာပေးထားတဲ့ခေါပုတ်ကို ရန်ကုန်ရောက်အောင် မစောင့်နိုင် တော့လို့ ကျော်စားလိုက်ကြပါတယ်။ နောင်ချိုခေါပုတ် လတ်လတ်ဆတ်ဆတ် ကောင်းမှကောင်း။ အစားအသောက်ဆင်ခြင်နေတဲ့ကြားက ပုဂံမှာကော၊ မေမြို့မှာပါ ညတိုင်း ကျမ ပန်းကမ္ဘာထဲက ပန်းမမဖြစ်ခဲ့ရပါတယ်။ ခေါပုတ်တွေစားထားတဲ့ ခင်နှင်းနဲ့ ကျမကို ဆရာမနဲ့ စန်းဝင်းက Breakfast ကျွေးဖို့လာခေါ်ပြန်ပါတယ်။ မငြိမ်းကလည်း စက်ဘီးလေးနဲ့ ပေါက်ချလာပါတယ်။ ဒီတခါဆရာမ ခေါ်သွားတဲ့ ဆိုင်က မောဓနု ရှမ်းခေါက်ဆွဲဆိုင်။ ကျမက အဲဒီနေရာရောက်တာနဲ့ ဒါ ချိုအေးတို့နေခဲ့ တဲ့အိမ်ဘဲ။ နှစ်ထပ်တိုက်အိမ်ကြီး၊ အမိုးကအပြန့် Balcony လိုဆောက်ထားတာပါ။ ကျမတို့ ၉ တန်းတုံးက ချိုအေးရဲ့ အကျီင်္တွေငှားဝတ်ပြီး ရှိုးထုတ် အဲဒီအမိုး Balcony မှာ ဓါတ်ပုံရိုက်ခဲ့ကြတာကို သတိရမိပါတယ်။ အဲဒီဓါတ်ပုံတွေအခုထိ အမြတ်တနိုးသိမ်းထားဆဲပါ။ ချိုအေးတို့က ညီအမတွေများ တယ်လေ။ ချိုအေးတို့အိမ်က ဟင်းချက်ကောင်းတော့ တခါတလေ ထမင်းလိုက်စားကြပါတယ်။ ချိုအေးအမအကြီးဆုံး မ Doris က ကျမအမကြီးနဲ့ ဆေးကျောင်းမှာ တတန်းတည်း။ သူ့အမအလတ် တွေဖြစ်တဲ့ မလတ်နဲ့ မထွေးက မကြည်နဲ့ တတန်းတည်းပေါ့။ မိန်းကလေးတွေအများကြီး ပျော်ပျော် ပါးပါး၊ စားကြသောက်ကြ၊ ရှိုး တွေထုတ်ကြနဲ့ လူစုမိခဲ့ကြတဲ့  ဒီအိမ်ကြီးကို ကြည့်ပြီး မလွမ်းဘဲနေ နိုင်ပါတော့မလား။


အခုတော့ Balcony ကို အမိုးတပ်ထားတာတွေ့ရပြီး အိမ်ကလည်း အဖြူ ရောင်မဟုတ် အ၀ါရောင် သုတ်ထားပါတယ်။ မောဓနုဆိုင်က အိမ်ထဲမှာ ခင်းကျင်းတာမဟုတ်ဘဲ သစ်ခွပန်းတွေ စံနစ်တကျ စိုက်ထားတဲ့  ခြံခပ်ကျဉ်းကျဉ်းထဲမှာဘဲ ရိုးရာတဲပုံစံ သာယာအောင်ပြင်ဆင်ထားတာပါ။ ကျမက ရှမ်းပဲပုပ်ထမင်းနယ်စားပါတယ်။ ခေါပုပ်တွေစားထားတော့ ကုန်အောင်မစားနိုင်ဘူးပေါ့။ အစား အသောက်ကအဓိကမဟုတ်တော့ဘဲ ဆိုင်နေရာက ကျမရဲ့ အာရုံကို လုံးဝ ဖမ်းစားတာ ခံလိုက်ရတာပါဘဲ။ 

ဆရာမကလည်း မေမြို့လက်ဆောင်တွေပေးလိုက်ပါသေးတယ်။ ဒီခရီးမှာ ချစ်စရာကောင်းတဲ့ မငြိမ်းကိုတွေ့ရတာ ကျမစိတ်ချမ်းသာပါတယ်။ အရင်အတိုင်းအေးဆေးလှပါတယ်။ မေမြို့က သူငယ်ချင်းဆိုရင် အရင်ဆုံးမငြိမ်းကို သတိရနေခဲ့တာအနှစ် ၄၀ ကျော်ခဲ့ပြီလေ။ Candacraig အိမ်ဂေဟာကြီးအကြောင်းကြားတာနဲ့ မငြိမ်းကိုသတိရတော့တာပါဘဲ။

စန်းဝင်းက နင့်ကို လှဖေ ရန်ကုန်မှာလာတွေ့လိမ့်မယ်တဲ့။ ရန်ကုန် ဘားလမ်းကရှေ့နေ ဦးလှဖေကို ကျမ တွေ့ချင်တာမဟုတ်ဘူးလေ။ မေမြို့နာရီစင်နောက်က တိုက်တန်းလျားမှာနေခဲ့တဲ့ အတန်းဖေါ် ကုလားလေးလှဖေကို တခြားသူငယ်ချင်းတွေနဲ့ အတူတူ မေမြို့မှာဘဲ တစုတဝေးတည်း တွေ့ချင်တာပါလို့ပြန်ပြောလိုက်ပါတယ်။ သူ့ကို ရန်ကုန်မှာ တယောက်တည်းတွေ့တော့ မေမြို့မှာလို ဘယ်ပျော်စရာကောင်းပါ့မလဲနော်။ လှဖေနေတဲ့အိမ်ကိုမှတ်မိနေတဲ့အကြောင်းက ကျမတို့ မေမြို့မြို့ထဲကိုလာတိုင်း ကားကအဲဒီရှေ့ကဖြတ်မောင်းရတော့ တခါတလေ လှဖေက ၀ရန်တာမှာ ခါးလေးကုန်းပြီး ရပ်နေတာတွေ့ဘူးလို့ ဒါလှဖေနေတဲ့ အိမ်ဖြစ်မှာဘဲလို့ သတိထားမိတာပါ။
အဲဒီနေ့က စီတိုးကကားမောင်းပြီး တံတားဦးလေဆိပ်ကို လိုက်ပို့ပေးပါတယ်။ စီတိုးနဲ့ စကားတွေ ပြောရင်း လမ်းတွေလည်းမှာပေါ့။ တံတားဦးဆိုတာနဲ့ မဆီမဆိုင် ကျောင်းမှာသင်ခဲ့ရတဲ့ ကွမ်း ကဗျာလေးကို ရွတ်လိုက်မိပါတယ်။

တံတားဦးက ကွမ်းနုဝါ
ငါးမြာကဆေး
ကွမ်းသီးတောင်ငူနဲ့
ကိုင်းထုံးဖြူ
ပြည်ရှား၊ သာဝါးလို့ထွေး

မေမြို့ခရီးစဉ်ပြီးဆုံးလို့ ကျမ ရန်ကုန်က ချည်တိုင်မှာထုံးစံအတိုင်း လှည့်လည်ရပါတော့မည်။ (Back to the Grind Stone)

ကျမကို မှတ်မိပြီး ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ကူးယဉ် အိပ်မက်ကို အထမြောက်အောင် အကောင်အထည်နိုင်ခဲ့လို့ အတိုင်းမသိတဲ့ ပီတိနဲ့ ကျမ ကျေနပ်မိပါတယ်။ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ဆိုတဲ့အထဲက အနှစ် ၄၀ ကျော် အကြံကြီးကြံနေခဲ့တဲ့ ဒီအကြံလေး အောင်တယ်လို့ဆိုရင်ကော မှားနိုင်ပါ့မလားရှင်။

(မှတ်ချက်၊ မြန်မာပြည်မှာ တခေတ်ဆန်းနေတဲ့ ပြန်လည်ဆုံစည်းပွဲ Reunion ပွဲတွေမှာ အပျိုကြီး၊ လူပျိုကြီးတွေ၊ သားသမီးမရှိသူတွေ၊ ရာထူးကြီးကြီး မဖြစ်ခဲ့ဘဲအောက်ခြေ၀န်ထမ်းဘ၀နဲ့ အငြိမ်းစားယူခဲ့ရသူတွေကို ကိုယ်ချင်းမစာနာဘဲ သူငယ်ချင်းတွေက ကြီးပွားနေတဲ့၊ တချို့ပြည်ပရောက်နေတဲ့ သားသမီးတွေနဲ့ မြေးတွေအကြောင်း၊ အပြိုင်အဆိုင်ကြွားကြ၊ အလုပ်အကိုင်တွေအကြောင်း၊ အိမ်ခြံမြေအကြောင်းပြောကြဆိုကြတာ မကြာခဏကြားဘူးပါတယ်။ ဒါ့ကြောင့်ဒီ Reunion လေးမှာ အလိုက်သိစွာနဲ့ ကိုယ့်မိသားစုအကြောင်း သိချင်တဲ့လူကမေးမှ သာ ပြောဖြစ်ပါတယ်။ အထက်တန်း ကျောင်းသူဘ၀ကို ပြန်လည်ခံစားချင်တာဆိုတော့ အိမ်ထောင်တွေ၊ ကလေးတွေနဲ့ မပတ်သက်ပေဘူးပေါ့။။ ကျမဖြစ်ချင်တဲ့ Reunion ပွဲကလည်း အားလုံးအချိုးကျ ပိုက်ဆံစု ထည့်ဆိုတာမျိုးမဟုတ်ဘဲ ကျမတတ်နိုင်တဲ့အချိန်မှာ ကျမကဘဲ အကုန်အကျခံစေတနာ နဲ့ ကျွေးချင်ပြုစုချင်တာသက်သက်ပါဘဲလေ။ ချမ်းသာလို့မဟုတ်ပါဘူး။ သေရင်လည်း ကိုယ့်နောက်ပါမယ့် ပိုက်ဆံမဟုတ်တဲ့အတွက် သုံးရမယ့်အခွင့်အရေးရှိတုံး အကျိုးရှိတာကိုသုံးပါတယ်။ ပျော်သလိုနေပါတယ်။ ရခဲလှတဲ့လူ့ဘ၀တိုတိုလေးမှာ ကပ်စေးနဲနေလို့လည်း အကျိုးမရှိပါဘူး။ ကိုယ်ကပေးရတဲ့သူ၊ ပေးနိုင်တဲ့သူ၊ လှူနိုင်တဲ့သူသာဖြစ်ချင်လို့ပါဘဲ။)

Wednesday, December 24, 2014



မေမြို့သမင်လည်ပြန် - အတိတ်ခြေရာ (အပိုင်း ၄)

ကျမတို့ ပုဂံကနေ မေမြို့ရောက်နေကြတဲ့အကြောင်း ရန်ကုန်မှာနေတဲ့ ၀င်းဇော်ကို လှမ်းကြွားလိုက်တော့ သူကလည်း အားကျမခံ ညတွင်းချင်းကားနဲ့ လိုက်ခဲ့ပါတော့တယ်။ နောက်နေ့မနက် သူတည်းတဲ့ ဟိုတယ်ကို လမ်းလျှောက်သွားရင်း ခင်နှင်းက လမ်းတလျှောက် သူငယ်ချင်းတွေနေခဲ့ဘူးတဲ့ အိမ်တွေ ကိုပြပါတယ်။ ဆရာမဒေါ်တင်လေးမာအိမ်နားရောက်တော့ တိုက်တိုင်ဆိုင်ဆိုင် ဆရာမက ကျူ ရှင်သွားပြဖို့ လာကြိုတဲ့ကားကိုစောင့်နေတာတွေ့ရပါတယ်။ ဆရာမကို နံမည်ပြော ပြန်မိတ်ဆက်ပြီး နှုတ်ဆက်တော့ ဆရာမက ၂ ယောက်စလုံးကို ကောင်းကောင်းမှတ်မိပါတယ်။ ဆရာမနဲ့ စာမသင်ဘူးပေမဲ့ နံမည်ကျော် ကျမကိုတော့ သိရှာပါတယ်။ ဆရာမ အိမ်ကနေ ဆက်လျှောက်ပြီး လမ်းဒေါင့်ရောက်တော့ ခင်နှင်းက သိန်းဟန်တို့ ဒီအိမ်မှာနေခဲ့တာတဲ့။ ဒါနဲ့ ၀င်မေးကြည့်တော့ သိန်းဟန်တို့အိမ်က လမ်းတဘက်ခြမ်း ကအိမ်ဖြစ်ပြီး သူတို့လည်းပြောင်းသွားတာကြာပါပြီတဲ့။ ချစ်စရာကောင်းတဲ့ သိန်းဟန်ကလည်း စာတော်သူ တယောက်ပါဘဲ။

ဝင်းဇော်တည်းတဲ့ Star Hotel ရောက်တော့ ဖုန်းတွေဝင်လာပါတော့တယ်။ စန်းဝင်းဆီက ဖုန်းနံပါတ်တွေရလို့ဆိုပြီး သူငယ်ချင်းတွေဆက်ကြတာ ဘယ်သူတွေမှန်းတောင်မမှတ်မိတော့ပါဘူး။ ၈ တန်းတုံးက တင်တင်ရီ နဲ့  ၉ တန်း တုံးက သူငယ်ချင်း ကျော်စိန် တို့က လင်မယားတဲ့။ တင်တင်ရီက ကျမတို့ဘယ်မှာရှိနေလဲ။ ရှိတဲ့နေရာလိုက်ခဲ့မယ်လို့ပြောပြီး စီတိုးအိမ်မှာ စုဖြစ်ပါတယ်။ တင်တင်ရီတို့ က ပြုစုပါရစေဆိုပြီး ရှမ်းဆိုင်မှာ ထမင်းကျွေးပါတယ်။ ထမင်းစားပြီး ဆရာဦးအုန်းချိုအိမ်ကို သွားပြီး ကန်တော့ခဲ့ကြပါတယ်။ ကျောင်းကောင်စီဝင်လုပ်ခဲ့တဲ့ ကျော်စိန်က ၀ါသနာအတိုင်း ကန်တော့ တာကို တိုင်ပေးပါတယ်။ ဆရာ့ကြည့်ရတာလည်း ပီတိနဲ့အတူ ၀မ်းနည်းရိပ် သန်းနေပုံရပါတယ်။ ငယ်ငယ်တုံးက ဥပဓိရုပ်ကောင်းပြီး PT ကာယလေ့ကျင့်ခန်းပြတဲ့ သွက်လက်တဲ့ဆရာဟာ အသက်ကြီး လာပေမဲ့ ခန့်ညားနေတုံးပါဘဲ။ ဆရာ့ကို ကျန်းကျန်းမာမာ နဲ့ တွေ့ရတော့ ၀မ်းသာဝမ်းနည်း မျက်ရည်လည် မိပါတယ်။ ဆရာ့အိမ်မှာ အထက (၁) ကျောင်းသားဟောင်းတွေရဲ့ ကထိန်ပွဲစည်းဝေးရှိတယ်ဆိုလို့ ကထိန်အတွက် အလွမ်းပြေကုသိုလ်ရအောင်လှူ ဖြစ်ခဲ့ပါတယ်။ 


အဲဒီမှာလည်း ကျမ မောင် ၃ ယောက်ရဲ့ အတန်းဖေါ်သူငယ်ချင်းတွေနဲ့ လည်း ဆုံဖြစ်ခဲ့ပါတယ်။ ဆရာ့အိမ်ကနေ ပြင်ဦးလွင်ရဲ့ နံမည်ကျော် ဒီဇင်ဘာ ပန်းခြံကို သွားလေ့လာရင်း နွားနို့နဲ့ ဒိန်ချဉ်သောက်ခဲ့ကြပါတယ်။ အဲဒီမှာ Strawberry အခင်းတွေ တွေ့ရတော့ အမေ့ရဲ့ Strawberry, အာလူးနဲ့ ဥစားကန်ဇွန်းခင်းတွေကို လွမ်းမိပါရဲ့။



အပြန်မှာ ဆရာဦးချစ်မောင်အိမ်ကိုဝင်ခဲ့ပေမဲ့ ဆရာအပြင်သွားနေတာနဲ့ မတွေ့ခဲ့ရပါဘူး။ ဆရာက ရန်ကုန်ရောက်ရင် ၀င်းဇော်ကိုလာတွေ့လေ့ရှိတယ်တဲ့။ ကျမကတော့ရိုးသားစွာဝန်ခံရရင် ဆရာဦးချစ်မောင်ကို သိပ်မမှတ်မိတော့ပါဘူး။ ၀င်းဇော်က ဆရာမ ဒေါ်မြသောင်းတင်နဲ့ မတွေ့ရသေးလို့ သူငယ်ချင်းတွေအားလုံး ဆရာမဆီချီတက်ကြပြန်ပါတယ်။ ဆရာမက ၀င်းဇော်ကိုလည်းမှတ်မိနေပါတယ်။ အတန်းတူနေခဲ့ဘူးတဲ့ ခင်မာသန်းကလည်း ဆိုင်ကယ်လေးနဲ့ ရောက်လာပါတယ်။ ၈ တန်းတုံး သူငယ်ချင်း မောင်ဦးလည်း ပေါက်ချလာပါတယ်။ 


ဘယ်အတန်းမှာ အတူတူတက်ခဲ့တာလည်း မမှတ်မိတော့တဲ့ သန်းလွင်လည်းရောက်လာပါတယ်။ လူစုံတုံး ဆရာမကို ကန်တော့ခဲ့ကြပါတယ်။ ဆရာမလည်းအတော်လေး ကိုပျော်နေပုံရပါတယ်။ စီတိုးပါရောက်လာပြီး မနေ့က Dennis က  အရက်လုံးဝ မသောက်ဘဲ စောင့်နေမယ်ပြောတာ သွားကြည့်ကြရအောင်လို့ ဆော်သြပြီး အောင်ပတ္တမြားကို ထွက်ခဲ့ကြပါတယ်။ ဆိုင်ရှေ့ရောက်တော့ ကားပေါ်က ၀င်းဇော်တယောက်ဘဲ ဆင်းသွားပြီး မနေ့က ငါ့ရည်းစားကို ဖက်နမ်းလိုက်တာ ဘယ်ကောင်လဲကွလို့ သွားအော်ပါလေရော။ Dennis ခမျာ အရက်တကယ် မသောက်ဘဲ စောင့်နေရှာပါတယ်။ ၀င်းဇော်ကို အရင်တုံးက အတိုင်း ပြောင်ပြောင်နောက်နောက်တွေ့ရတာ သိပ်ဝမ်းသာသွားပါတယ်။  ၉ တန်း စီ စုပေါင်းဓါတ်ပုံမှာ အရပ်အရှည်ဆုံး သူတို့ ၂ ယောက်က ဆရာမနောက် အလယ်ခေါင်မှာ ပူးပြီးရပ်ခဲ့ကြတာပေါ့။ Dennis နဲ့ ၉ တန်းစီတုံးက အကြောင်းတွေ ရေပက်မ၀င်အောင်ပြောကြပြီး လူစုခွဲခဲ့ကြပါတယ်။ 

နောက်တနေ့မနက်ကျတော့ စီတိုးက ကျမတို့ ၃ ယောက်ကို အထက (၁) ကျောင်းကို အပြင်ကနေ ကားနဲ့ ပတ်မောင်းပြီး အလွမ်းပြေလိုက်ပြပါတယ်။ ကျောင်းဝင်းကို အုဋ်ထရံကာ လိုက်တော့ ကျောင်း အဆောက်အဦကို ကောင်းကောင်း မမြင်ခဲ့ရပါဘူး။ ကျောင်းအုပ်ကြီးအိမ်ကလည်း အရောင်ပြောင်းနေ သလိုတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ပင်မကျောင်းကြီး ကတော့ အရင်တုံးကလို နီညိုအုတ်အရောင် အတိုင်းရှိနေဆဲပါဘဲ။ ငယ်ဘ၀ကို တခါပြန်ပြီးရချင်သေးတယ်လို့ ညည်းမိပါတယ်။ အဲဒီကနေ ကန်တော်ကြီးကို ထွက်ခဲ့ကြပါတယ်။ ကျမမှတ်မိသလောက် နွေဦးရာသီရောက်မှ ပန်းတွေ အစုံပွင့်တဲ့မေမြို့ပါ။ အခုတော့ ဒီဇင်ဘာလမှာ ပန်းပွဲတော်ကျင်းပတယ်တဲ့။ လူဖန်တီးထားတဲ့ ကန်တော်ကြီးပါဘဲလေ။ ပန်းတွေကတော့ အရင်တုံးကလို လှမြဲပေမယ့် အကြိုက်ဆုံး Sweet Peas ပန်းလေးတွေ ရာသီချိန်မတန်သေးလို့ မပွင့်သေးပါဘူး။ အမေစိုက်နေကျ Holly Hocks, ကျားပါးစပ်၊ ကြောင်ပါးစပ်၊ ကတ္တီပါပန်းတွေကတော့ ပွင့်နေလိုက်တာ ပန်းကောဇောလို့တောင် တင်စားမိပါရဲ့။ DSA စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကာလနဲ့ တိုက်ဆိုင်နေတာမို့ ခရီးသွားတွေနဲ့ စည်ကားနေပါတယ်။ 


၉ တန်းစီ သူငယ်ချင်းတွေ ဒီကန်တော်ကြီးမှာ ပျော်ပွဲစားထွက်ခဲ့ဘူးတာကို ၃ ယောက်သားပြောဖြစ်ရင်း ကန်တော်ကြီးမှာမွေး၊ ကန်တော်ကြီးမှာကြီးခဲ့တဲ့ ခင်မောင်စီ-ကိုစီကို သတိရကြပါတယ်။ ကိုစီ့အဖေက ကန်တော်ကြီး ပန်းခြံထိန်သိမ်းရေးတာဝန်ခံ အုပ်ချုပ်တဲ့လုကြီးပေါ့။ ကိုစီတို့အိမ်မှာ စတည်းချပြီး သူငယ်ချင်းတသိုက် ပျော်ပွဲစားထွက်ခဲ့ကြတာကို ပြန်ပြီး တသမိပါတယ်။ ကန်တော်ကြီးပန်းခြံကြီးတခုလုံး ကိုယ်ပိုင်တယ်ထင်ရလောက်အောင် လွတ်လွတ်လပ်လပ်ပျော်ခဲ့ကြရလို့ပါဘဲ။ ခင်နှင်းက ထင်းရူးပင် ကြီးနောက်ခံထား၊ ဓါတ်ပုံရိုက်ပြီး အမှတ်တရပေးထားတာ အခုထိရှိပါသေးတယ်။


မေမြို့ကမပြန်ခင် သူငယ်ချင်းတွေကို ဖြစ်နိုင်သလောက်စုပြီး ထမင်းကျွေးချင်လို့ စီတိုးကို ဆိုင်တွေ လိုက်ပြခိုင်းရပါတယ်။ သူများတွေညွှန်းတဲ့ Tiger ဆိုတဲ့ဆိုင်သွားကြည့်တော့ သိပ်မကြိုက်တာနဲ့ မေမြို့ မြို့ပတ်လမ်း ဂေါက်ကွင်းထိပ်က Club Terrace လေညှင်းသာ ဆိုတဲ့ဆိုင်ကိုရွေးလိုက်ပါတယ်။ Colonial house လေးကို စားသောက်ဆိုင်လုပ်ထားတာဆိုတော့ အိမ်မှာကျွေးတဲ့ Feeling လေးခံစားရ သလိုပေါ့လေ။ ရာသီဥတုကလည်းသာယာတော့ အပြင်က Deck မှာဘဲနေရာ Reserve လုပ်လိုက်ပါတယ်။ လွန်ရောကျွံရော ၁၅ ယောက်ပေါ့။ အစားအသောက်တွေပါ စောင့်မနေရအောင်၊ ဘာသာမရွေးစားနို င်အောင် စီစဉ်ပြီးမှာခဲ့ကြပါတယ်။ ၀င်းဇော်ကြီးက ဟင်းအမယ်တွေရွေးပေးတယ်လေ။ 

အဲဒီကနေ Dennis ကိုယ်တိုင်ချက်ထားတဲ့ ချစ်တီးထမင်းကို အထူးတလည်အားပေးခဲ့ကြပါတယ်။ ငါးဟင်း၊ဆိတ်သားနဲ့ ဆိတ်ကလီစာဟင်း၊ ကြက်သားဟင်းကအစ သီးစုံပဲဟင်း ဘာဂျီကျော်၊ မနုတ်တန်နီ၊ ချတ္တနီ (ပူစီနံထောင်း)၊ ပါပရာ အဆုံးပေါ့။ ၀င်းဇော်ကတော့ သူ့အကြိုက်ဆုံး ချစ်တီးထမင်းနဲ့ ဟင်းကို ငှက်ပျောဖက်နဲ့ အပြတ်ဆွဲခဲ့လေရဲ့။ ထမင်းကျွေးလို့ အာမရသေးဘဲ Dennis ဇနီး Dolly က ချင်းတောင်က ယက်တဲ့ ထမီလှလှလေးတွေပါ ခရစ်စမတ်လက်ဆောင်ပေးလိုက်ပါသေးတယ်။


Dennis ဆီကနေ စီတိုး အိမ်ပြန်ပြီး နားနေကြတုံး စန်းဝင်းလည်းရောက်လာပြီး ကိုစီ မြင်းခြံ ကပြန်ရောက်နေပြီလို့ သတင်းကောင်းပေးပါတယ်။ မကြာပါဘူး ဆိုက်ကယ်လေးနဲ့ ကိုစီပေါက်ချ လာပါတော့တယ်။ နဂိုကတည်းက ကျမတို့ထက် အသက်ကြီးတဲ့၊ လူကြီးဆန်တဲ့ ကိုစီက သိပ်မပြောင်းလဲဘဲ ပိုရင့်ကျက်လာပါတယ်။ သူက ၀မ်းသာပျော်ရွှင်စွာနဲ့ လက်ထဲမှာ ဓါတ်ပုံ ၂ ပုံကိုင်လာပါတယ်။ တပုံက ၉ တန်းစီ စုပေါင်းဓါတ်ပုံနဲ့ ယောက်ျားလေးသူငယ်ချင်းတွေဘဲ စုရိုက်ထားတဲ့ ပုံပါ။ ၉ တန်းကျောင်းသူတုံးက ကိုယ့်ပုံကိုယ်ပြန်ကြည့်တော့ ချစ်ချင်စရာတစက်မှမကောင်းဘဲ ဂျစ်ကပ်ကပ် အမြင်ကပ်စရာလေးပါဘဲ။ ကျမဘေးကထိုင်နေတာကတော့ ခင်နှင်းပေါ့။  ဓါတ်ပုံကိုအလုအယက်ကြည့်ကြ၊ ဒါကဘယ်သူလဲ၊ သူကော ဘယ်ရောက်နေပြီလဲ။ မေမြို့မှာရှိသေးရင် ရှာပြီး Get together lunch ကိုဖိတ်ပေးပါဟယ်လို့ ပူဆာမိပါတယ်။

ချစ်စရာကောင်းတဲ့ ကိုစီက ဒီနားမှာ ဒို့အတန်းက ခင်ဆွေမြင့်ရှိတယ်ဟဲ့ သွားရှာကြည့်မယ်တဲ့။ မနေနိုင်မထိုင်နိုင်ကျမက ကိုစီနဲ့ လိုက်ခဲ့မယ်လို့ပြောတော့ ၀င်းဇော်က ငယ်ငယ်တုံးကလို ပေါက်ကျော်မ လုပ်ချင်တုံးဘဲတဲ့။ ကိုစီ့ဆိုင်ကယ်ကို နောက်ကထိုင် စီးရင်း ငယ်ငယ်က ကျောင်းပိတ်ရက် အချိန်ပိုတက် တဲ့အခါ အိမ်တန်းမပြန်ဘဲ သူငယ်ချင်းတွေနဲ့ စက်ဘီးစီးလျှောက်လည် ခဲ့ကြတာကိုသတိရမိပါတယ်။ စက်ဘီးစီးမကျွမ်းကျင်တဲ့ကျမကို ခင်နှင်းကတင်နင်းခဲ့ရတာပါ။ အဲဒီတုံးက ပညာရေးတပ်ထဲ မှာနေတဲ့ အောင်စိုးတို့ အိမ်ကိုသွားလည်တော့ အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ သူ့အမေက လဘက်သုတ်၊ ဂျင်းသုတ်ကို ခရမ်းချဉ်သီးနိုင်းချင်းနဲ့ ကြည်ဥပြု တ်ထည့်ပြီး သုတ်ကျွေးတာ မှတ်မိနေပါသေးတယ်။ မျက်မှန်ထူထူနဲ့ စကားကြီး စကားကျယ် စကားကျယ်ပြောတတ် တဲ့ အောင်စိုးတယောက် ချင်းတောင်မှာ ကျောင်းဆရာလုပ်နေတယ်ဆိုလား ကြားမိတာကလွဲလို့ အဆက်အသွယ်မရှိတော့ပါဘူး။ 

ကိုစီက ခင်ဆွေမြင့်အိမ်ကိုသိပါတယ်။ အိမ်ရောက်တော့ သူတို့ပြောင်းသွားပြီတဲ့။ ပြောင်းတဲ့အိမ်ကိုမေးပြီး လိုက်ရှာကြတော့ ဆိုက်ဆိုက်မြိုက်မြိုက်ဘဲတွေ့ပါတယ်။ လားလား နဂိုကတည်းက ထွားတဲ့ ခင်ဆွေမြင့်ကအခု မိန်းမအကြီးကြီးဖြစ်နေပြီ။ သူကရုတ်တရက်မမှတ်မိသေးဘူး။ ခဏနေတော့ မှတ်မိသွားပြီး ၀မ်းသာဝမ်းနည်းဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကြီးနဲ့ ကျမကိုဖက်လိုက်တာ မလွှတ်တော့ဘူး။ သူ့ကို အခုလိုရှာပြီးလာတွေ့လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူးတဲ့။ ကျမအသံကြားတိုင်း ပတ်ဝန်းကျင်ကို ဒါငါ့သူငယ်ချင်းပေါ့လို့ ကြွားနေတာကြာပြီတဲ့။ ကျမရင်ထဲဆို့ရပြန်ပါတယ်။ နောက်တခါလာရင် သူ့အိမ်မှာတည်း ပါတဲ့။ သူဝယ်ထားတဲ့ တိုက်ခန်းအသစ်ကိုလည်း ပြပါတယ်။ သူ့ကို Get together ဆက်ဆက်လာဖို့ဖိတ်လိုက်ပါတယ်။ 

ခင်ဆွေမြင့်ရှာပုံတော်အောင်မြင်ကြောင်း ခင်နှင်းနဲ့ ၀င်းဇော်ကို သတင်းပို့ပြီး နောက်ထပ်ရှာလို့ရမယ့် သူငယ်ချင်းတွေ စာရင်းလုပ်နေကြတုံး၊ အောင်သန်းရောက်လာပါတယ်။ တတန်းထဲမှာ ၂ ယောက်ဖြစ်ခဲ့တဲ့အောင်သန်းက ဂျပုလေးတွေပါဘဲ။ DSA အောင်ပြီး Accident သေနတ်မှန် လို့ အောင်သန်း တယောက်ကဆုံးသွားတာကြာပါပြီ။ ဒီအောင်သန်းက ကျမတို့နဲ့ သံချပ်ပြိုင်ပွဲ မှာ ရွှေရိုးကခဲ့တဲ့အောင်သန်းပေါ့ ။ သူကလည်း သိပ်ကိုပျော်သွားပါတယ်။ အထူးသဖြင့် သူချစ်ကြောက် ရိုသေလေးစား တဲ့ ၀င်းဇော်ကိုတွေ့လိုက်ရတာ အံ့သြသွားပြီး အတင်းကိုပြေးဖက်ပြီးချစ်ခင်စွာ နမ်းလိုက် ပါတော့တယ်။ 

ကိုစီနဲ့ ကျမကတော့ ဆိုင်ကယ်တစီးနဲ့ သူငယ်ချင်းရှာပုံတော်ဆက်ဖွင့်ကြပါတယ်။ ကိုစီလည်း မှတ်မိသလောက်ပေါ့။ ငယ်ငယ်တုံးက သူတို့အိမ်မှာ မုန့်ဟင်းခါး မုန့်ဖတ်ရောင်းတဲ့ မောင်ထွေးဆီအရင် သွားကြပါတယ်။ သူတို့အိမ်က ဟောင်းနွမ်းဆွေးမြေ့ပြီးပြိုကျလုနီးပါး ၂ ထပ်တန်းလျား Hindu ဘုရာကျောင်း အနောက်မှာပါ။ မောင်ထွေးကိုမေးလိုက်တော့ ဆုံးသွားတာ ၂ လလောက်ရှိပြီတဲ့။ ဘာစကားမှပြောလို့ မရအောင် ကျမ ရင်ထဲဆို့မိပါတယ်။ မောင်ထွေးနဲ့ သိပ်မရင်းနှီးပေမဲ့ မျက်မှန်လေးနဲ့ အေးဆေးတဲ့ အတန်းဖေါ်ကို မေ့လို့မရပါဘူး။ ကိုစီကလည်းတမြို့တည်းပေမဲ့ သူကခရီးထွက်နေ တာများ တော့ မောင်ထွေးဆုံးတာမသိလိုက်တာတဲ့။

ညနေစောင်းနေတာနဲ့ ကိုစီက နောက်တယောက်လောက်ဘဲရှာလို့ရတော့မယ်တဲ့။ 
သူသိတဲ့ ကျော်မြင့် အိမ်ကို ဆက်သွားကြပါတယ်။ ကျော်မြင့်က ဟိုတလောက လေဖြန်းထားလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ရှာဘူးတဲ့။ ကျော်မြင့်အိမ်ကတော်တော်သွားရပါတယ်။ မေမြို့ရဲ့ ညနေခင်းနေ၀င်ရီတရော မှာ အေးစပြုလာပါတယ်။ ကျော်မြင့်တယောက် အိပ်ယာထဲများလဲနေမလားရယ် လို့လည်း တွေးမိပါတယ်။ ငယ်ငယ်က ရှိုးများ၊ ၀ိတ်ပေါ၊ ဖြူဖြူ ပုပုဂင်တိုတိုနဲ့ ကိုယ်တော်က ငယ်ရုပ်လုံးဝ မရှိတော့ဘဲ အသားကနီညိုရောင်သန်းနေပြီး ထိပ်ပြောင်လုနီးပါး ဆံပင်ကျိုးတိုးကျဲတဲ၊ မုတ်ဆိတ် (goatee) နဲ့ သူ့ အိမ်ဆိုင်လေးရှေ့မှာ အလုပ်ရှုတ်နေတာတွေ့လိုက်ရပါတယ်။ ကိုစီက ဟေ့ကောင် မင်းနေမကောင်း လို့ဆို၊ အခုတော့ လမ်းတောင်လျှောက်နေပါလား ဆိုတော့၊ ဝေးဝေးတော့ မလျှောက်နိုင်သေးဘူး တဲ့။ တော်ပါသေးရဲ့ လေဖြန်းရုံမို့လို့။ ဘာဘဲပြောပြောအသက်ရှင်ရက်တွေ့လိုက်ရလို့ ၀မ်းသာမိပါတယ်။ မော်တော်ဆိုင်ကယ်ပေါ်ကဆင်းပြီး မှတ်မိလား လို့မေးတော့ကြောင်ကြည့်နေပါတယ်။ ကိုစီက ခင်စိုးဝင်းလေလို့ လည်းပြောလိုက်ရော။ သူကဘေးဘီဝဲယာကြည့်၊ အနားကပ်လာပြီး နင်က အခု VOA မှာအသံလွှင့်နေ တာနော်လို့ တိုးတိုးလေးပြောပါတယ်။ အော်..သူ့ခမျာ VOA ဆိုတဲ့အသံကို သူများကြားသွား မှာကြောက်ပုံ ရပါတယ်။ နှစ်ပေါင်းများစွာ အကျင့်ပါ အရိုးစွဲနေတဲ့ အကြောက်တရားက ခုထိသူ့ရဲ့ ရင်ထဲကိန်းအောင်းနေဆဲဖြစ်ပုံ ရပါတယ်။ သူကကျမကို အရပ်ရှည်လာတယ်တဲ့။ သူ အနှစ် ၂၀ ကျော် မြင်းလှည်းမောင်းခဲ့ပြီး အခုမှ အနားယူတာတဲ့။ အခုလိုတကူးတက လာတွေ့တာ သူလည်း ၀မ်းသားဝမ်းနည်းပါဘဲ။ မနက်ဖန် Get together လာဖို့ ဖိတ်ရင်း ကိုစီက အကြိုအပို့ တာဝန်ယူ လိုက်ပါတယ်။

စီတိုးအိမ်ပြန်ရောက်တော့မှောင်စပြုနေပါပြီ။ ကျော်မြင့်ကိုတွေ့ခဲ့ကြောင်း ၀င်းဇော်ကိုပြောပြတော့ အမယ်၊ ငါမှတ်မိပြီ၊ ဒီကောင်က နင့်ကိုအသေအလဲကြိုက်ခဲ့တာတဲ့။ လာပြန်ပြီတယောက်။ ငါမနက်ဖန်တွေ့တော့မှ နင့်ရှေ့မှာမေးပြမယ်တဲ့။ စီတိုးအိမ်ကနေ သူငယ်ချင်း ၃ ယောက် ဘုံကျောင်းမှာ အလွမ်းပြေ ဖက်ထုတ်သွားစားကြပါတယ်။ လားရှိုးလမ်းမကြီးပေါ်က ဘုံကျောင်းက အရင်အတိုင်းမပြောင်းလဲသလို၊ ၀က်စတူးကောင်းတဲ့ လေငွန်စားသောက်ဆိုင်ကလည်း ဒီအတိုင်းပါဘဲ။


 မေမြို့သမင်လည်ပြန် - အတိတ်ခြေရာ (အပိုင်း ၃)

၉ တန်းနှစ်မှာ Activities လှုပ်ရှားမှုတွေများလွန်းလို့ ဆရာမကြီးက မျက်စေ့နောက်တာနဲ့ ၁၀ တန်းနှစ်မှာ သိပ်တွဲပြီး ကဲခဲ့ကြတဲ့ သူငယ်ချင်းတွေကို လူစုခွဲလိုက်ပါတယ်။ ကြည်လှနဲ့ ကျမက ၁၀ တန်းအေကိုရောက် ခင်နှင်းနဲ့ ခင်မက ဘီတန်းကိုရောက်ပေါ့။ ၁၀ တန်းက အရေးကြီးတော့ ဆရာမကြီးက ကျမတို့ကို လှုပ်ရှားမှုတွေမှာ မပါစေရအောင် တားမြစ်ထားပါတယ်။ ကျမရဲ့ အိမ်နီးနားချင်း လဲ့လဲ့ဝင်းတယောက် Convent ကနေပြောင်းလာတော့ ၁၀ တန်းအေမှာဘဲ ဆုံဖြစ်ခဲ့ပါတယ်။ လဲ့လဲ့ကိုလည်း အတန်းချင်း တူတာတောင် ငမ်းခဲ့သေးတာလေ။ ခပ်ချောချော လဲ့လဲ့ဝင်းက အားကစားပြိုင်ပွဲတွေမှာ အလံကိုင်ခဲ့တာကို မျက်စေ့ထဲမှာမြင်ယောင်နေပါသေးတယ်။  (နောက်ပိုင်းမှာ လဲ့လဲ့နဲ့ ရေစက်ကြီးပုံ ကိုရေးပါအုံးမယ်။)

ခင်နှင်းနဲ့ ကျမ ၁၀ တန်းကို A List ကနေ တနှစ်တည်းနဲ့ အောင်တယ်ဆိုရုံလေးနဲ့သာအောင်ခဲ့ပြီး ရိုးရိုးဝိဇ္ဇာသိပ္ပံတက္ကသိုလ် တက်ရတာကို ဘဲ အပျော်ကြီးပျော်ခဲ့ကြပါတယ်။ နှစ် ၄၀ ကျော်အတွင်း ခင်နှင်းနဲ့ ဆုံတိုင်း မှာ မြန်မာပြည်ပြန်ခွင့်ရခဲ့ ရင် မေမြို့ကိုသွားပြီး သူငယ်ချင်းတွေကို လိုက်ရှာကြရအောင်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ကျမရဲ့ အလုပ်အနေအထား နဲ့ မြန်မာပြည်ပြန်နိုင်ဖို့ အခွင့်အလမ်းက သိပ်မရှိခဲ့တဲ့အချိန်ဆိုတော့လည်း ပိုပြီးတမ်းတမိတာလည်းဖြစ်နိုင်ပါတယ်။ တခါတလေလည်း ငါတို့ကသာ စိတ်ကူးယဉ်နေကြတာဟဲ့၊ သူငယ်ချင်းတွေက မေမြို့မှာရှိကြပါတော့မလား၊ တခြားမြို့တွေပြောင်း ကုန်ကြမှာပေါ့၊ သေတဲ့လူလည်းသေကုန်လောက်ပြီပေါ့ လို့လည်းပြောမိပါတယ်။ 

ရေးချင်တာတွေကများလွန်းတော့ အခုမှ ပုဂံနဲ့ မေမြို့ခရီးစဉ်ကို စဖြစ်တော့မှာပါ။ ပုဂံ ၂ ညအိပ် ခရီးကိုတော့ စာမဖွဲ့တော့ပါဘူး။ ဒါပေမဲ့ ပုဂံခရီးစဉ်အတွင်း ရေနံချောင်းမှာအခြေချနေတဲ့ သူငယ်ချင်းကြည်ကြည်လှကို လှမ်းဆက်သွယ်လိုက် ပါတယ်။ မေမြို့ကပြောင်းလာပြီးနောက်ပိုင်း အဆက်အသွယ်မပြတ်ခဲ့တဲ့ ၀င်းဇော်ရဲ့ ကျေးဇူးနဲ့ ကြည်လှနဲ့ ခင်မရဲ့ ဖုန်းနံပါတ်တွေရခဲ့ပါတယ်။ ခင်မ ဖုန်းက စက်ပိတ်ထားတာနဲ့ဘဲ တိုးလို့ ရန်ကုန်မှာဘဲ လက်လျှော့ခဲ့ရပါတယ်။  ကြည်လှက ပုဂံကို ကားလွှတ်ပြီးကြိုမယ်လို့ပြောပေမဲ့ အချိန်အကန့်အသတ်ရှိတာကြောင့် မေမြို့တက်မယ့်နေ့မနက် ကျောက်ပန်းတောင်းမှာဘဲ ဆုံဖြစ်ခဲ့ကြ ပါတယ်။ ကျမ နိုင်ငံခြားကိုမထွက်ခင်မှာ ကြည်လှက ရန်ကုန်လာတဲ့အခါ တွေ့ဖြစ်ကြပေမဲ့ တကယ်တော့မတွေ့ရတာ အနှစ် ၂၀နီးပါးရှိပြီပေါ့။ ကြည်လှကဘာမှ သိပ်မပြောင်းလဲဘဲ ရင့်ကျက်လာတဲ့ ပုံက ဆရာမကြီး ဒေါ်တင်တင်လှ ကို ပြန်တွေ့လိုက်ရသလိုမို့ ရင်ထဲမှာ လှိုက်ကနဲ ခံစားမိပါတယ်။ ကြည်လှနဲ့ မနက်စာအတူစားရင်း အနှစ် ၂၀ ကျော် မပြောဖြစ်တဲ့စကားတွေ ဖေါင်ဖွဲ့ဖြစ်ကြ ပါတယ်။ ကြည်လှက သူ့ဆီမှာ ကျမတို့ ၂ ယောက် က မြိုင်ထကတုံးက ပုံတွေရှိသေးတယ်တဲ့။ ကြည်လှ ကတော့ မေမြို့တက်မယ့် ကျမတို့ ၂ ယောက်ကို မနာလိုဖြစ်ပြီးကျန်နေခဲ့တာ အသေအချာပါဘဲ။


ကဲ၊ ခုတော့ဆိုက်ဆိုက်မြိုက်မြိုက် သိပ်ရောက်ချင်နေတဲ့မေမြို့ကို ဒီဇင်ဘာလဆန်းမှာ ရောက်ခဲ့ပါတယ်။ ညနေပိုင်းရောက်တာ ဆိုတော့ သိပ်တွေ့ချင်နေတဲ့ သူငယ်ချင်းတွေရှာဖို့ တညတော့ သီးခံပြီး စောင့်လိုက်ပါတယ်။ ဘယ်သူငယ်ချင်းကိုမှလည်း ကြိုပြီးအကြောင်းမကြားထားဘဲ Surprise အံ့သြသွားအောင် လုပ်ချင်တာလေ။ ရာသီဥတုကလည်းသာယာတာနဲ့ မနက်စာရှမ်းခေါက်ဆွဲစား၊ လမ်းထိပ်ထွက် မြင်းလှည်း (မေမြို့အခေါ် ရထားလုံး) ငှားပြီး မငြိမ်းတို့ အိမ်ဘက်ထွက်ခဲ့ပါတယ်။ ခင်နှင်းက ပြန်လာလို့ရတဲ့ ဂျပန်သူဆိုတော့ သူကတခါလာလည်ထားပြီး မငြိမ်းတို့နဲ့ ဆုံထားပြီးသားဆိုတော့ သူ့ကိုဆရာတင်ရတာပေါ့လေ။ 


မငြိမ်းတို့ အဖေ Mr. Bernard က မေမြို့မှာ အထင်ကရ ကိုလိုနီ Guest House ဖြစ်တဲ့ Canadcraig ကို နှစ်ပေါင်း ၅၀ ကျော် ထိန်းသိမ်းစောင့်ရှောက်ခဲ့သူပါ။ အခု Candacraig မှာ မနေကြတော့ဘဲ မြို့ပတ်လမ်းသွယ်တခုမှာ ခြံအကျယ်ကြီး နဲ့ နေကြပါတယ်။


ခြံက သော့မခတ်ထားတော့ ဒီအတိုင်းဘဲ ၀င်သွားတဲ့အခါ ခြံထဲမှာ မငြိမ်းအမ ဘေဘီတယောက် လမ်းလျှောက်နေတာတွေ့လိုက်ရ ပါတယ်။ ဘေဘီက အထက (၁) မှာ တန်းခွဲမတူပေမဲ့ တတန်းတည်းပါဘဲ။ သဘောကောင်း တဲ့ ဘေဘီကြီးက နည်းနည်းပိုဝတာကလွဲလို့ အရင်တုံးကအတိုင်းပါဘဲ။ မှတ်မိလားမေးတော့ ခင်နှင်းကိုတော့သိတယ်၊ ကျမကိုတော့ ခင်မကြီးလားတဲ့၊ ဒါနဲ့ ကျမလည်း ကဲ မမှတ်မိရင်ပြန်တော့မယ်လို့ ခြိမ်းချောက်လိုက်တော့မှ ဟယ်…ခင်စိုးဝင်း ဆိုပြီး တအားပြေးဖက်တော့တာ ပါဘဲ။ ဘေဘီကိုပြန်ဖက်ရင်း ၀မ်းသာလုံးဆို့ မျက်ရည်လည်မိပါတယ်။ ဘေဘီနဲ့ပြောနေတုံး ခြံထဲမှာနေပူစာလှုံနေတဲ့ မငြိမ်းတို့ရဲ့ အကိုကြီး ကိုဆန်နီကိုတွေ့ပါတယ်။ ကိုဆန်နီက အထက (၁) ရဲ့ ရုံးစာရေးကြီးပါ။ ကျောင်းတက်၊ အချိန်ပြောင်း၊ ကျောင်းဆင်း သံချောင်းခေါက်တာလည်းသူပါဘဲ။ ငယ်ငယ်က သိပ်ရှိုးများပြီး စမတ်ကျတဲ့ လူပျိုကြီးပေါ့။ အခု Parkinson ရောဂါခံစားနေရတဲ့ ကိုဆန်နီက ရေဒီယိုကို လက်ကကိုင်ထားရင်း ကျမကို နံမည်ရင်းနဲ့ မှတ်မိရုံတင်မက ငယ်နံမည် မလုံးလို့လည်း ခေါ်လိုက်ပါတယ်။ ကျမကို အမြဲနားထောင် အားပေးနေတဲ့ Fan ပါတဲ့။ ကျူရှင်ကနေ စာသင်ပြီးပြန်လာတဲ့ မငြိမ်းက ကျမကိုချက်ချင်း မှတ်မိပါတယ်။ မန္တလေးတက္ကသိုလ်မှာ မငြိမ်းနဲ့ အဆောင်အတူနေခဲ့ကြပြီး Weekend မေမြို့ပြန်တိုင်း ကျမနဲ့ ကားကြုံလိုက်စီးခဲ့တာကို ဘေဘီကအမှတ်တရ ပြန်ပြောင်းပြောပြပါတယ်။ 


ဘေဘီတို့နဲ့ စကားတွေဖေါင်ဖွဲ့ပြီး Get together လုပ်ကြရအောင်လို့ ပြောဖြစ်ခဲ့ပါတယ်။ မငြိမ်းတို့က ရထားလုံးစီစဉ်ပေးလို့  ဈေးကြီးထဲဝင်၊ အမှတ်တရ မေမြို့ သိုးမွှေးဦးထုပ်ဝယ်ပြီး ခင်နှင်းတို့နေခဲ့ တဲ့ဈေးရှေ့က တိုက်အိမ်ကြီးကို အလွမ်းပြေသွား ကြည့်ကြပါတယ်။ အဲဒီတုံးက ခင်နှင်းတို့ အိမ်အောက်ထပ်မှာ ဆွေဆွေဝင်း စထော်ဘယ်ရီဆိုပြီး တော်ဖီဆိုင်လေး ဖွင့်ခဲ့တာပေါ့။ အဲဒီအိမ်မှာဘဲ MMTA ကားဂိတ်လည်းရှိခဲ့ပါတယ်။ သူတို့အိမ်နဲ့ မျက်စောင်းထိုးက မြတ်ဝတ်ရည်စတိုး၊ အပျိုချောတွေ ထိုင်တဲ့ဆိုင်မို့ အရောင်းသွက်တဲ့ စတိုးပါဘဲ။ ဈေးကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ အရင်က သစ်လွင် ဓါတ်ပုံတိုက်က အခုသစ်လွင်စတိုးဆိုင်ြ ဖစ်နေပါပြီ။ သစ်လွင်ဓါတ်ပုံဆိုင်မှာ ရိုက်ခဲ့တဲ့ အဖေ့ပုံနဲ့ ကျမတို့ အဖွား၊ အဖေ၊ အမေနဲ့ မောင်နှမ ၇ ယောက်ပါတဲ့ မိသားစုပုံကအခုထိ တန်ဘိုးမဖြတ်နိုင်တဲ့ အမွေတခုပါဘဲ။ 

ခင်နှင်းတို့အိမ်ကနေ နာရီစင်ဘက်ထွက်လာရင်း၊ နာရီစင်နောက်က တိုက်တန်းလျားမှာနေခဲ့ဘူးတဲ့ သူငယ်ချင်း ကုလားလေး လှဖေ ကို သွားရှာကြပါတယ်။ အိမ်အောက်ထပ်က ဆိုင်တဆိုင်ကိုဝင်မေးတော့ သူတို့မိသားစု မိုးကုတ်ကိုပြောင်းသွား တာ နှစ်အတော်ကြာပြီတဲ့။ ဒါနဲ့ လားရှိုးလမ်းတလျှောက် လျှောက်ရင်း ခင်နှင်းက ပွင့်ဦးဓါတ်ပုံတိုက်ကို ၀င်ရအောင် စီတိုး ရှိနိုင်တယ်တဲ့။ စီတိုးဆိုတာကိုမမှတ်မိတော့ဘူးလေ။ ခင်နှင်းက ငါတို့ထက်အတန်းငယ်တယ်တဲ့ ပေသီးနဲ့ တူတူ စီမောင်တိုးလေတဲ့။ စီတိုးက ထမင်းစားနေတာနဲ့ တိုးလို့ ခဏထိုင်စောင့်ပြီး သူမှတ်မိမလားလို့ အကဲစမ်းလိုက်ပါတယ်။ သူကလည်းချက်ချင်းမမှတ်မိတော့ နည်းနည်းလေး Hint ပေးလိုက်မှ မှတ်မိသွားပါတယ်။ စီတိုးက ကျမတို့မေမြို့မှာ စီးခဲ့တဲ့ကားနံပါတ် ၀၅၂၇ ကိုတောင်မှတ်မိနေတဲ့ သူငယ်ချင်းတယောက်ပါ။ ပေသီးအမဆိုတော့လည်း သူက၀မ်းသာသွားပြီး ငယ်ကျိုးငယ်နာတွေ ပြောပါတော့တယ်။ 

စီတိုးရဲ့ ကားနဲ့ ဒေးဒေး (ဆရာဦးအေးမောင်ရဲ့သား တင့်ဇော်အေး) ကို သွားတွေ့ကြပါတယ်။ သူကလည်းပေသီးနဲ့ မှ တတန်းတည်းဖြစ်ခဲ့ပေမဲ့ ကျမကို ကောင်းကောင်း သိပါတယ်။ ဒေးဒေးနဲ့ ပြောနေကြတုံး ခပ်၀၀လူတယောက်ဝင်လာပါတယ်။ သူက ကျမကိုတွေ့တွေ့ချင်း ဘဲ သွေးအတူတူသွားလှူကြတာလေတဲ့။ ဘုရားတောင် တ မိပါရဲ့။ အထက (၁) မှာ ကျမ ကြက်ခြေနီတပ်ဖွဲ့ထဲဝင်ပြီး အသက်မပြည့်ဘဲနဲ့ သွေးသွားလှူ  လို့ မူးလဲ၊ ရုံးခန်းရောက် အဆူခံ အမှုတက်ခဲ့တာကို သူကမမေ့သေးဘူးတဲ့။ သူက ထွန်းဦး၊ ပေသီးသူငယ်ချင်းပါဘဲ။ ဒါနဲ့ စီမောင်တိုး၊ ဒေးဒေးနဲ့ ထွန်းဦးတို့ ဆုံတုံး ရန်ကုန်မှာ ရှိနေတဲ့ ပေသီးကို ဖုန်းဆက်ပေး လိုက်ပါတယ်။ ပေသီးလည်း အံ့သြ ၀မ်းသာပေါ့။ လူပျိုကြီး စီတိုးက လေယာဉ်မှူးကြီးပေသီး ကို လေယာဉ်မယ်လေးတယောက် လောက်ပေးပါလားတဲ့။ ကလေးတုံးက အတိုင်းပြောမနာဆိုမနာ ပြောင်ကြနောက်ကြနဲ့ ကြည်နူးခဲ့ရပါတယ်။

ဒေးဒေးဆီကနေ ဆရာမဒေါ်မြသောင်းတင်တို့အိမ်ကို ချီတက်ဖြစ်ပါတယ်။ စီတိုးက အခုအသက် ၆၀ ၀န်းကျင် အဘိုးကြီးဖြစ်လာတော့ ကလေးတွေက အဘခေါ်ပေမဲ့ ဆရာမကတော့ ဟဲ့ကောင်လေးလို့ ခေါ်တုံးဘဲတဲ့။ ဒါ့ကြောင့်ဆရာမ နဲ့တွေ့ရတိုင်း ပျော်တယ်ဆိုဘဲ။ ဆရာမက ခင်နှင်းကိုအရင်တခါက တွေ့ထားတာဆိုတော့ မှတ်မိနေတာပေါ့။ ခင်နှင်းနဲ့တွဲ လာတော့ ကျမကိုလည်း ချက်ချင်းဆိုသလို မှတ်မိသွားပြီး ၀မ်းသာဝမ်းနည်းဖြစ်သွားပါတယ်။ ကျမငယ်ငယ်က ကျောင်းပွဲတွေမှာ က ခဲ့တာတွေကိုလည်း ဆရာမ ကမှတ်မိနေပါတယ်။ သူများတွေကို အစအနောက်သန်တဲ့ ကျမ ကို ဆရာမ မှတ်မိနေတဲ့ အကြောင်းကတော့ ၉ တန်းစီမှာတုံးက ကိုခင်မောင်စီ-ကိုစီက မပု-ညိမ်းညိမ်းလှကို စာပေးတာ လူမိတော့ ကျောင်းအုပ်ကြီးရုံးခန်းရောက်၊ အရိုက်ခံခဲ့ရပါတယ်တဲ့။ အရိုက်ခံပြီးပြန်လာတဲ့ ကိုစီ့ကို ကျမက ကိုစီ..ကိုစီ..ကိုစီ..မပုကိုစာပေးလို့ ရုံးခန်းရောက် အရိုက်ခံရတာကိုပြောင်ပြီး သီချင်းလုပ်ဆို ကြိုခဲ့တာတဲ့။ ကျမကအဲဒီ အဖြစ်ကိုမေ့နေတာ။ အနှစ် ၄၀ ကျော်မှာ ဆရာမဒေါ်မြသောင်းတင်ကမှတ်မိနေတာလေ။ ငယ်သူငယ်ချင်းတွေအကြောင်း ဆရာမက သိသလောက်ပြောရင်း ဆရာမရဲ့ မောင်စန်းဝင်းကလည်း ၈ တန်းအေမှာတုံးက အတူတူဘဲတဲ့။ 

ကိုရွှေစန်းဝင်းကတော့ လူကိုမြင်မြင်ချင်းဆိုသလိုဘဲ နင်ကငါတို့ကိုမသိပါဘူးလို့ ရန်စကားနဲ့ နှုတ်ဆက်ပါတယ်။ ချက်ချင်းတော့ဘယ်မှတ်မိပါမလဲ။ ၈ တန်းမှာဘဲ ဆုံခဲ့ဘူးတာကိုး။ ဒါပေမဲ့ပြန်စဉ်းစားတော့ စန်းဝင်းက ဖြူဖြူ၊ ပိန်ပိန်သေးသေးလေး၊ ချောင်ကုတ်နေသလိုဘဲ။ မသည်းအူဆိုတဲ့ကလောင်နံမည်နဲ့ နံရံကပ်စာစောင်မှာ စာတွေရေးပြီး ကဗျာစပ်တာတော်လို့ ပထမဆုရဘူးတယ်လို့ ခင်နှင်းကပြောပြပါတယ်။ စန်းဝင်းက ကျမကိုမေးပါတယ်။ နင့်ကိုအရမ်းကြိုက်ခဲ့တဲ့ လှဖေကော မှတ်မိသေးလားတဲ့။ သူ့ခမျာ နင်တို့အိမ် နောက်က စိန်နဘန်ခြုံတွေနဲ့ နေကြာရိုင်းတောတဲတိုးပြီး နင့်ကိုချောင်းခဲ့ တာလေတဲ့။ မြတ်စွာဘုရား။ သူစာပေးဘူးတာတော့မှတ်မိတာပေါ့။ ကျမရဲ့ စာစီစာကုံးစာအုပ်ကြားထဲ သူဘယ်တုံးက ထည့်ထားမှန်းမှမသိဘဲ၊ မြန်မာစာဆရာမ မမတင်ဆီ စာအုပ်ထပ်တော့ ပါသွားရော။ မမတင်က ကျမစာအုပ်ကြားထဲမှာ သူ့ရဲ့စာ တွေ့တော့ အတန်းရှေ့မှာ လှဖေအရိုက်ခံခဲ့ရတာကိုတော့ မှတ်မိပါရဲ့။ ကျမ မတိုင်ဘဲ သူအရိုက်ခံရတာဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ နောက်တော့မေ့မေ့ပျောက်ပျောက်ပါဘဲ။ သူကျမကိုလိုက်ကြည့်နေတာလည်းအမှတ်တမဲ့ပါဘဲ။ ဒီလောက်ကြီးစွဲလန်းလိမ့်မယ်လို့ မထင်မိပါဘူး။ စန်းဝင်းက လှဖေအကြောင်းပြောတာနဲ့ အမယ်၊ ငါတို့လည်း နာရီစင်နားရောက်တာနဲ့ သူနေတဲ့အိမ်ကိုသွားပြီးရှာကြသေးတယ်ဟဲ့လို့ ပြောမိပါတယ်။ လှဖေ အခု ရန်ကုန်မှာ ရှေ့နေလုပ်နေတာတဲ့။ နှုတ်ခမ်းမွှေးနဲ့ ကုလားကြီးဖြစ်နေပြီဆိုဘဲ။ ခင်နှင်းကလည်း နင့်ကိုကြိုက်တဲ့ စိုးလှိုင်လည်းရှိသေးတယ်၊ ဆရာဦးချစ်မောင်ညီလေတဲ့။ နောက် ဆံပင်ကိုဆီရွှဲအောင်လိမ်းပြီး ဘိုကေကျကျနန ဖီးတတ်တဲ့မျိုးမြင့် ဂျပုလေးလည်း နင့်ကြိုက်တာဘဲတဲ့။ အောင်စိုးတောင်ပါလိုက်သေးတယ်တဲ့။ ကျမကတော့ သူတို့ကြိုက်တယ်ဆိုတာကို ကျမကိုချစ်ခင်တာဘဲလို့သဘောထားပြီး အဆက်အဆံမပျက်ခဲ့ပါဘူး။  

စန်းဝင်းနဲ့တွေ့တော့ ငယ်ငယ်တုံးက သူငယ်ချင်းတွေရှိသေးရင်တွေ့ချင်တယ်ဟယ်၊ ရှာပေးပါလား လို့ ပြောဖြစ်ပါတယ်။ စန်းဝင်းက သူ့မှာရှိတဲ့ အဆက်အသွယ်တွေနဲ့ တတ်နိုင် သလောက်ရှာပေးပါတယ်။ ချိုင်းထောက်နဲ့ ထွန်းအောင်ကိုမေးတော့ သူတို့လည်း မတွေ့တာကြာပြီတဲ့။ သေများသွားပြီလား ပေါ့နော်။ စန်းဝင်းကသူရှာကြည့်မယ် လို့ပြောပါတယ်။ စန်းဝင်းက ရွယ်တူဆိုပေမဲ့ နုတယ်လို့ဆိုရမှာပါ။ တခြားသူငယ်ချင်းတွေလို ဗိုက်မပူဘူးလေ။ သူကပန်းချီဆရာကြီးပေါ့။ သူဆွဲထားတဲ့ပန်းချီကား Catalogue တွေထဲမှာ မေမြို့အမှတ်တရ ရထားလုံးပုံဆွဲထားတာလိုချင်ပေမဲ့ မရှိတော့လို့စိမ်းစိုနေ တဲ့ တောင်တက်လမ်းပြေပြေကလေးမှာ တောင်းတွေဆင့်တင်ထားတဲ့ လော်ရီကားလေးတက်နေတဲ့ပုံကို
ရွေးယူခဲ့ပါတယ်။ သူက ပုံတူပန်းချီ Portrait တွေလည်းဆွဲတယ်တဲ့။ ကျမကလည်း ကြုံတုံးလေး ကြွားဖြစ်ပါတယ်။ 

အခု သိပ်ကိုကျော်ကြားဈေးအကြီးဆုံးဖြစ်နေတဲ့ ပန်းချီဆရာမင်းဝေအောင်က အခုလောက် မအောင်မြင်သေးခင်၊ မချမ်းသာခင် လွန်ခဲ့တဲ့ ၂၂ နှစ်ကျော်က ကျမရဲ့ Portrait ကိုဆွဲပေးဘူးပါတယ်လို့။ ကျမရဲ့ ပန်းချီ Collection တွေထဲက ဦးငွေကိုင်ရဲ့ ဘုရားဈေး ဆီဆေးနဲ့ လှေရွက်လွှင့် ရေဆေး၊ ပန်းချီဦးဘဇော်ရဲ့ 1932 က ခဲခြစ် ရွှေတိဂုံအနောက်မုဒ် ပုံတူပန်းချီ၊ ပေါ်ဦးသက်ရဲ့ ရေဆေးလက်ရာ၊ ဆရာဦးဝင်းဖေရဲ့ဆီဆေးနဲ့ ရေဆေးပန်ချီကားတွေ အကြောင်းကြွားဖြစ်တော့ နင်တော်တော် ချမ်းသာတာဘဲတဲ့။ သူက ငါလည်း နင့် Portrait ဆွဲပေးမယ်။ စန်းဝင်းဆင်းရဲတုံးက ဆွဲပေးတာလို့တော့ မပြောနဲ့ပေါ့တဲ့။ ငါ့ကိုအရုပ်ဆိုးအောင်တော့မဆွဲနဲ့ဆိုတော့ နင်က လှတာလိုချင်တာလား၊ သဘာဝ အရှိကိုအရှိအတိုင်းလိုချင်တာလား တဲ့။ အော်..စန်းဝင်းတယောက် ၆၀ ကျော်တဲ့အထိ လူပျိုကြီးဖြစ်နေတာလည်း မဆန်းဘူး။ မိန်းမတွေက အပြင်မှာ လှလှ၊ မလှလှ ဓါတ်ပုံဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ် လှချင်တာဟဲ့။

ဆရာမတို့အိမ်ကနေ မငြိမ်းရဲ့ Cousin ကျမတို့ရဲ့ ၉ တန်းစီက သူငယ်ချင်း Dennis ကိုသွားတွေ့ကြဖို့ နံမည်ကြီး အောင်ပတ္တမြားချစ်တီးတမင်းဆိုင်ကိုထွက်ခဲ့ကြပါတယ်။ Google map မှာ သူတို့ဆိုင်ကို ရှာလို့ရပါတယ်။ Tourists တွေအလာများတဲ့ဆိုင်ပေါ့။ ဆိုင်ထဲရောက်တော့ Dennis ကိုမေးတဲ့အခါ ကလေးကျောင်းသွားပို့နေတယ်တဲ့။ မထူးပါဘူးဆိုပြီး ထမင်းစားရင်း Dennis ကိုစောင့်ကြပါတယ်။ Dennis ပြန်လာပြီလားလို့ ထမင်းစားရင်း ခဏခဏမေးမိပါတယ်။ ထမင်းစားပြီးလည်း ရွှေ Dennis က ပေါ်မလာ၊ အဲဒါနဲ့ စိတ်တိုပြီး၊ တဆိုင်လုံးကြားအောင် ပြောလိုက်မိပါတယ်။ ဒီဆိုင်ကို ထမင်းစားဖို့ လာတာမဟုတ်ဘူး၊ ငယ်သူငယ်ချင်း Dennis ကိုတွေ့ချင်လို့ အဝေးကြီး နိုင်ငံခြားကနေတောင်လာခဲ့ရတာ Dennis ကိုခေါ်ပေးပါလို့ပြောတော့မှ ဆိုင်ရှင် Dennis အမေ အန်တီကြီးထလာပြီး အော်..အားနာလိုက်တာ ခဏနော်ဆိုပြီး အခန်းထဲက Dennis ကိုဆွဲခေါ်လာပါတယ်။  နေ့လည်ကြောင်တောင်မူးပြီး အိပ်နေတာတဲ့။ ဘုရားရေ၊ သိပ်အေးဆေးလိမ္မာတဲ့ သူငယ်ချင်း Dennis ဘယ်လိုများဖြစ်သွားတာပါလိမ့်။ 


ကိုယ်တော်က လူကိုချက်ချင်းမမှတ်မိ၊ နံမည်လည်းပြောလိုက်ရော၊ ကျမကိုတအားဖက်တော့တာပါဘဲ။ မလွှတ်တော့ဘူး။ ကျမ ပါး နှစ်ဘက်ကို ကိုင်ပြီး သူအမြဲသတိရနေကြောင်း ရေဒီယိုအမြဲနားထောင်ကြောင်း၊ ငယ်ငယ်တုံးကလိုဘဲ ဘာမှမပြောင်းလဲ တဲ့အကြောင်း အလွမ်းသယ်ပါလေရော။ သူ့အမျိုးသမီးက အပြင်သွားနေလို့ သမီးလေး ၂ ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ Dennis က ခရိယာန်ကုလားလေး၊ သူ့အမျိုးသမီးက ကရင်အမျိုးသမီးဆိုတော့ သမီးလေးတွေက ချောပြီပေါ့။ မနက်ဖန် သူအရက်လုံးဝ မသောက်ဘဲစောင့်နေပါ့မယ်တဲ့။ မပြန်ခင်ထမင်းချက်ကျွေးချင်ပါတယ်တဲ့။ Dennis နဲ့ ကျမတွေ့လို့ တဆိုင်လုံးနီးပါး အုတ်အော်သောင်းနင်းဖြစ်သွားပြီး မီးဖိုထဲက Dennis ရဲ့ ညီမလည်းထွက်လာပြီး သူက ပေသီးနဲ့ သူငယ်ချင်းပါ လို့ နှုတ်ဆက်ပါတယ်။ ခင်နှင်းနဲ့ စီတိုးကတော့ Dennis မူးပြီး ကျမကို ဖက်နမ်းတာကို စမြုံ့ပြန်ရင်း သဘောကျနေကြတာပေါ့။ Dennis တို့ ဆိုင်ကကျော်လာတော့ တလမ်းထဲမှာဘဲရှိတဲ့ ခင်မကြီးတို့ရဲ့ “အာသာဝတီ” တိုက်ကြီးနားကဖြတ်ရပါတယ်။ ခင်နှင်းနဲ့ ကျမ ကောင်းကောင်းမှတ်မိတဲ့ အိမ်ကြီးပါဘဲ။ ဘာရယ်မဟုတ် အာသာဝတီ နွယ်နီနတ်ပန်း ပေါ့ လို့ အသံထွက်ရေရွတ်မိပါတော့တယ်။